BMW F800GS နှင့် F850GS အကြောင်း သိကောင်းစရာများ အပိုင်း(၃)

37

 

အားနည်းချက်နှင့် ပြသနာများ
အားနည်းချက်တွေအဖြစ် တရားဝင် Recall ခေါ်ရတဲ့ အကြောင်းရင်းတွေကို ပထမဦးဆုံး ပြောရမှာဖြစ်ပါတယ်။ ပထမ Recall ကတော့ Chain Drive ပြသနာပါ။ စက်ရုံက ချိန်းကြိုးကိုတပ်ဆင်ခဲ့ရာမှာ Chain Pin ကို တိကျ သေချာစွာ တပ်ဆင်မှုမရှိခဲ့တဲ့အတွက် မောင်းနေရင်း ချိန်းကြိုး ပြတ်ထွက် နိုင်ပြီး ဆိုင်ကယ်လည်း ထိခိုက်ပျက်စီးနိုင်သလို မှောက်နိုင်/လဲနိုင်ခြေ လည်း အင်မတန်များပြားတာကြောင့် Recall ပြန်ခေါ်ရတာပါ။ ဒုတိယ Recall ကတော့ Side Stand ခေါ် ဘေးထောက် ပြဿနာပဲ ဖြစ်ပါတယ်။ Side Stand Switch က သေသေချာချာ တပ်ဆင်မှုမရှိခဲ့တဲ့အတွက် ဖုန်တွေ/သဲတွေ ဝင်နိုင်တာ၊ အလိုအလျောက် ပြုတ်ထွက်နိုင်တာ၊ ရေဝင် နိုင်ပြီး Short Circuit ဖြစ်ကာ မောင်းနေရင်းနဲ့ အင်ဂျင်က ရပ်တန့်သွားနိုင်တာကြောင့် Recall ပြန်ခေါ်ရတာပါ။ ဒါကတော့ မိုဒယ်ဟောင်းတွေမှာ ဖြစ်တာပါ။ ၂ဝ၁၆ ခုနှစ်နဲ့ ၂ဝ၁၇ မိုဒယ်အသစ်တွေမှာတော့ Signal မီးတွေ အလုပ်မလုပ်တဲ့ပြဿနာကြောင့် တရားဝင် Recall ပြန်ခေါ်တာ လည်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ အထက်ပါ Recall တွေကို သိပ်ကြောက်စရာမလိုတော့ပါဘူး။ F800GS ရဲ့ အရင်အုံနာတွေက တရားဝင် Recall နဲ့ ပြန်လည်ပြုပြင်ခဲ့နိုင်သလို ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြုပြင်ခဲ့ပြီလို့ သုံးသပ်နိုင်ပါတယ်။ ဒီအချိန်မှာ F800GS ကို ဝယ်မယ် ဆိုရင် Used Bike ဖြစ်ခဲ့တဲ့အတွက် အရင်အုံနာတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြုပြင်ခဲ့ပြီလို့ ဆိုလိုတာပါ။
ဒီတစ်ခါဖော်ပြမယ့် အားနည်းချက်တွေကတော့ F800GS အုံနာတွေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြသနာတွေပဲဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်ကတည်း က ထွက်ပေါ်လာတဲ့အတွက် ကမ္ဘာအရပ်ရပ်က F800GS အုံနာတွေ အနေနဲ့ ကိုးနှစ်တာကာလလုံး F800GS နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီမှာ အဓိကပြဿနာအဖြစ် Fuel Pump ပျက်တဲ့ ပြဿနာကိုတွေ့ရပါတယ်။ F800GS ရဲ့ ဆီတိုင်ကီက Rider ရဲ့ ဖင်ထိုင်ခုံ အောက်မှာတည်ရှိတဲ့အတွက် Fuel Pump က Gravity ကို ဆန့်ကျင်ပြီး Throttle Body ဆီ Fuel ကို မောင်းပို့ရပါတယ်။ ပုံမှန်ဆိုင်ကယ်တွေရဲ့ ဆီတိုင်ကီက အပေါ်မှာတည်ရှိနေတာကြောင့် Gravity ဆွဲအားနဲ့ပဲ အောက်ကို အသာအယာ ကျလာတဲ့အတွက် Fuel Pump ကလည်း အလုပ်သိပ် လုပ်စရာ မလိုပါဘူး။ F800GS ရဲ့ ဆီတိုင်ကီအတွင်းမှာရှိတဲ့ Fuel Pump ကတော့ Fuel ကို အပေါ်မောင်းပို့ရလို့ ပုံမှန် Fuel Pump တွေထက် ပြင်းပြင်းထန်ထန် အလုပ်လုပ်ရပါတယ်။ အဲဒါကြောင့် ခဏခဏ ပျက်တာပါ။ တစ်ရက်ကို မိုင် တစ်ရာ၊ ၁၅ဝ လောက်နဲ့ မိုင်ပေါင်း သုံးထောင်လောက်ကို နေ့စဉ်ရက်ဆက် မောင်းခဲ့မယ်ဆိုရင်တော့ Fuel Pump က ပျက်တော့တာပါပဲ။ ဒါကြောင့် ကမ္ဘာပတ်ကြတဲ့ F800GS အုံနာတွေအနေနဲ့ Fuel Pump အပိုလေးကို နှစ်ခုလောက် ဆောင်ထားကြပါတယ်။ ဒါကတော့ တကယ့်ကိုကြီးမားတဲ့ အားနည်းချက်ပါ။
F800GS ရဲ့ အားနည်းချက်နောက်တစ်ခုကတော့ Octane Booster ဆောင်ရတာပါ။ BMW က 95 RON ပဲထည့်ဖို့ Recommend ပေးထားပါတယ်။ အမြင့်ဆုံးထွက်တဲ့ ပါဝါဖြစ်တဲ့ မြင်းကောင်ရေ ၈၅ ကောင်အား ကလည်း Unleaded 95 RON ထည့်ပြီး စမ်းသပ်မောင်းနှင်ထားတဲ့ ပါဝါပါ။ 92 RON ပဲ ထည့်မယ်ဆိုရင်တော့ အဲဒီမြင်းကောင်ရေအပြည့် မထွက်နိုင်ပါဘူး။ ဒါပေမဲ့ F800GS မှာ Knock Control Sensor ပါဝင်ပြီး 92 RON ၊ ဒါမှမဟုတ် 95 RON ကို ထည့်သွင်း အသုံးပြုလို့ရပါတယ်။ Fuel ကြောင့် ထွက်လာတဲ့ အင်ဂျင်ခေါက်သံကို ခြေရာခံပြီး Ignition Timing ကို ပြောင်းလဲပေးတာပါ။ 91 RON ကိုတော့ ထည့်လို့မရပါဘူး။ 1 RON ထည့်လို့ရတဲ့ အင်ဂျင်အဖြစ် ကြိုတင်ပြီး Option မှာရပါတယ်။ ရိုးရိုး Standard F800GS တွေကတော့ 95 RON နဲ့ 92 RON ပဲ ထည့်ရပါတယ်။ ဒါကြောင့် ကမ္ဘာပတ်ကြတဲ့ F800GS အုံနာတွေ အနေနဲ့ Octain Booster ဘူးလေးတွေ ဆောင်ထားရပါတယ်။ တချို့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ရိုးရိုးဓာတ်ဆီ၊ ဒါမှ မဟုတ် 91 RON ပဲ ရတဲ့ အတွက် Octane Booster နဲ့ ရောစပ်ပြီး အသုံး ပြုရပါတယ်။ Compression Ratio 12:1 အထိရှိတဲ့ F800GS ကို ရိုးရိုး ဓာတ်ဆီနဲ့ 91 RON တွေ သုံးမယ်ဆိုရင် တော့ Early Combustion တွေ ဖြစ်ပြီး အင်ဂျင်ကို ထိခိုက်သွားစေနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ အင်ဂျင် Vibration ရှိတာပါ။ Freeway ခေါ် Highway လမ်းတွေမှာ RPM အမြင့်နဲ့ မောင်းနှင် တဲ့အခါတွေမှာ Vibration အနည်း ငယ် တက်လာပါတယ်။ ပြိုင်ဘက် Adventure Bike တစ်စင်းဖြစ်တဲ့ Tiger 800 XC နဲ့ နှိုင်းယှဉ်တဲ့အခါ မှာ F800GS ရဲ့ Vibration က သိသာ သွားပါတယ်။ Triple Cylinder 800 CC ရဲ့ ညက်ညောမှုကို Parallel Twin 800 CC 360° Crankshaft ကတော့ ဘယ် လိုမှ မမီနိုင်ပါဘူး။ F800GS အတွက် ပိုပြီးကံဆိုးသွားတာက Honda က Adventure Bike Africa Twin CRF1000L အသစ်ကြီးကို ၂ဝ၁၆ ခုနှစ်မှာ ထုတ်လိုက်တာ လည်း ပါပါတယ်။ CRF- 1000L က 1000 CC Parallel Twin ဖြစ်ပြီး 270° Crankshaft အင်ဂျင်နဲ့ ဖြစ်ပါတယ်။ 270° Crankshaft ဆိုတာက Crankshaft မှာ Parallel Twin Pistion နှစ်လုံးကို ကိုးဆယ်ဒီဂရီ ထောင့်မှန်ခြားပြီး တပ်ဆင်ထားတဲ့ပုံစံပါ။ သီအိုရီအရ 90° V Twin အင်ဂျင်နဲ့ Performance လည်း တူညီပြီး အသံထွက်လည်း တူညီကြပါ တယ်။ 270° Crankshaft အင်ဂျင်က 360° Crankshaft အင်ဂျင်နဲ့ နှိုင်းယှဉ်ရင် Vibration လျော့နည်းသွားပြီး Torque အားလည်း အများကြီး ပိုကောင်းပါတယ်။ CRF- 1000L ရဲ့ အင်ဂျင်က 270° Crankshaft ဖြစ်တဲ့အပြင် Balancer Shaft တစ်ချောင်းကိုပါ တပ်ဆင်ထားတာကြောင့် အလွန်ပဲညက်ညောလှပါတယ်။ အဲဒီအချက်တွေကြောင့် Adventure ခရေဇီတွေအနေနဲ့ CRF1000L ကို ပိုပြီးစိတ်ဝင်စားကြပြီး F800GS လည်း ရောင်းအားကျသွားပါတယ်။
ဆက်လက်ဖော်ပြပါမည် …
စာဖတ်ပရိသတ်များ မော်တော်ဆိုင်ကယ်ဗဟုသုတေတွနဲ့
ပြည့်စုံကြပါစေ …

LEAVE A REPLY

Please enter your comment!
Please enter your name here