BMW F800GS နှင့် F850GS အကြောင်း သိကောင်းစရာများ(အပိုင်း-၁)

141

 

F800GS ဟာ ကမ္ဘာ့ Adventure Category ဈေးကွက်ကို အုပ်စိုး နိုင်ဖို့အတွက် ၂ဝဝ၈ ခုနှစ်မှာ BMW Motorrad က ထုတ်လုပ်လိုက်တဲ့ GS Series တွေထဲက မိုဒယ်တစ်ခုပဲ ဖြစ်ပါတယ်။ G650GS , F700 GS , F800GS , R1200GS အစရှိတဲ့ GS Series ထဲမှာပါဝင်ပြီး အလယ်အလတ် Mid Size Adventure ဆိုင်ကယ်တစ်စီးပဲ ဖြစ်ပါတယ်။G650GS ကတော့ Single Cylinder 650 CC ပါ။ F700GS နဲ့ F800GS တွေကတော့ Parallel Twin 800 CC ဖြစ်ပြီး R1200GS ကတော့ Boxer Twin 1200 CC ပဲ ဖြစ်ပါတယ်။ GS Series တွေထဲမှာ G650GS ကတော့ ဂျာမနီနိုင်ငံထုတ် မဟုတ်ပါဘူး။ BMW က ကုန်ကျ စရိတ်သက်သာအောင်လို့ Single Cylinder G650GS ရဲ့ အင်ဂျင်ကို တရုတ်စက်ရုံမှာပဲ ထုတ်လုပ်ပြီး တပ်ဆင်မှုကိုတော့ ဂျာမနီမှာ ပြုလုပ်ပါ တယ်။ အရင်မိုဒယ်ဟောင်းတွေဖြစ်တဲ့ F650GS မှာ အသုံးပြုခဲ့တဲ့ Single Cylinder 650 CC အင်ဂျင်ကို Rotax ကုမ္ပဏီ က ပဲ ထုတ်လုပ် ခဲ့ပြီး BMW ကယူသုံးခဲ့ တဲ့ပုံစံပါ။
နောက်ပိုင်းမှာတော့ BMW က Single Cylinder 650 CC ကို ကိုယ်တိုင် ထုတ်လုပ်ခဲ့ပြီး တရုတ် စက်ရုံ မှာပဲ ထုတ်လုပ် စေခဲ့ပါတယ်။ Rotax ရဲ့ နည်းပညာတွေ လည်းပါဝင်ပါတယ်။ ဒါပေမဲ့ F Series Parallel Twin တွေနဲ့ R Series Boxer Twin တွေကိုတော့ အရည်အသွေး ထိန်းချုပ်တဲ့အနေနဲ့ ဂျာမနီမှာပဲ တစ်စီးလုံး ထုတ်လုပ်တပ်ဆင်ပါတယ်။ အဲဒါကြောင့် F800GS အနေနဲ့ ဂျာမနီနိုင်ငံထုတ် ဆိုင်ကယ်တစ်စီးဖြစ်ပြီး နည်းပညာပိုင်းမှာတော့ BMW ရဲ့ နည်းပညာတွေလည်းပါသလို Rotax ရဲ့ နည်းပညာတွေလည်း ပါဝင်ပါတယ်။ F700GS နဲ့ F800GS ရဲ့ အင်ဂျင်ကို သြစတြီးယားကုမ္ပဏီဖြစ်တဲ့ Rotax ကပဲ တည်ဆောက်ထား တာပါ။ Rotax 804 Series ဖြစ်ပြီး BMW တံဆိပ်ပဲ ကပ်ပါတယ်။ F800GS ကို ၂ဝဝ၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်မှာ နောက်ဆုံးမိုဒယ် ထုတ်လုပ်ခဲ့ပါတယ်။ အခု ၂ဝ၁၈ ခုနှစ်မှာတော့ F800GS အစား F850GS အဖြစ် အစားထိုး ထုတ်လုပ်လာတာ တွေ့ရပါတယ်။ ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အထိ ကိုးနှစ်တာ ထုတ်လုပ်ခဲ့တဲ့ F800GS အနေနဲ့ လက်ရှိ ဈေးကွက်ထဲမှာလည်း အရောင်းအဝယ် အများအပြားရှိနေ ကြပြီး ထည့်သွင်းစဉ်းစားစရာ Mid Size Adventure Bike တစ်စီးအနေနဲ့ လည်း တည်ရှိနေဆဲ ဖြစ်ပါတယ်။
F800GS နဲ့ တစ်တန်းတည်းရှိတဲ့ ပြိုင်ဘက်တွေကတော့ Triumph Tiger 800 XC နဲ့ KTM 990/1050/1090/ 1190 Adventure ဆိုင်ကယ်တွေပဲ ဖြစ်ပါတယ်။ ဒီထဲမှာမှ Tiger 800 XC နဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်ခဲ့ပြီး Bottom End Torque အားကောင်း ပြီး CG လည်းနိမ့်သလို အကြမ်းပတမ်းလည်းခံတဲ့ F800GS က ပိုလို့ နာမည်ကြီးပါတယ်။ Round The World ခေါ် နိုင်ငံဖြတ်ကျော် ကမ္ဘာ့ အနှံ့ခရီးရှည်တွေအတွက် ရွေးချယ်ကြတဲ့ ဆိုင်ကယ်မျိုးတွေထဲမှာ ပါဝင် ခဲ့ပြီး လူကောင်သေးတဲ့ Rider တွေနဲ့ အမျိုးသမီး Rider တွေအတွက် အကောင်းဆုံး Adventure ဆိုင်ကယ်တစ်စီး ဖြစ်ခဲ့ပါတယ်။Wet Weight ၄၅၆ ပေါင်၊ ၂၁ လက်မ ရှေ့ခွေ၊ ရှစ်လက်မကျော်တဲ့ Suspension Travel တွေနဲ့ မြင်းကောင်းရေ ၈၅ ကောင်အားထွက်တဲ့ Parallel Twin အင်ဂျင်တွေက နာမည်ကြီးလှတဲ့ Mid Size Adventure Bike တစ်စီး ဖြစ်စေခဲ့ပါတယ်။
F700GS နဲ့ F800GS က အင်ဂျင် အတူတူပါပဲ။ Tuning ကို လိုက်ပြီး F700GS က မြင်းကောင်ရေ ၇၅ ကောင် အား 75 HP ထွက်သလို F800GS က ၈၅ ကောင်အားထွက်ရှိ ပါတယ်။ F800GS ရဲ့အင်ဂျင်ကို အသေးစိတ်လေ့လာ ကြည့်မယ်ဆိုရင် 798 CC , Liquid Cooled , Parallel Twin , 360° Crankshaft , 12:1 Compression Ratio , DOHC 4 Valve , 45mm Throttle Body နှစ်ခုနဲ့ Electronic Fuel Injection နဲ့ Wet Multiplate ဂီယာ ခြောက်ချက်အင်ဂျင်ပဲ ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ Crankshaft ရဲ့ အလယ်မှာ Bearing နဲ့ သတ္တုချောင်းတစ်ခုကို တပ်ဆင်ထား တာပါ။ BMW က Third Connecting Rod လို့ အမည်ပေးထား ပြီး ဆိုင်ကယ်တုန်ခါမှု အရမ်းမဖြစ်အောင် ထိန်းချုပ်ပေးထားတာပါ။ Parallel Twin ခေါ် Inline Twin တွေမှာ Crankshaft ပုံစံ သုံးမျိုး ရှိပါတယ်။ 360° Crankshaft , 270° Crankshaft နဲ့ 180° Crankshaft ဆိုပြီး ပုံစံသုံးမျိုး ရှိပါတယ်။ 360° Crankshaft ဆိုတာက Crankshaft တစ်ဖက်တည်းမှာ ပစ္စတင်နှစ်လုံး တပ်ဆင်ထားတာပါ။ ပစ္စတင်နှစ်လုံး အတူတူ စုံတက်/စုံဆင်း အလုပ်လုပ်ပါတယ်။ ဟိုးအရင်က ဗြိတိသျှ ဆိုင်ကယ်တွေမှာ တွေ့ရပြီး Carburetor တစ်လုံးတည်းနဲ့ အလုပ်လုပ်ပါ တယ်။ အားသာချက်တွေအနေနဲ့ Even Firing Order ဖြစ်ပြီး HP နဲ့ Torque ညီမျှမှု ရှိပါတယ်။ အားနည်းချက်တွေ အနေနဲ့ RPM မြင့်လာလေ တုန်ခါမှုတက်လာလေပါပဲ။ ပစ္စတင်နှစ်လုံးက Crankshaft တစ်ဖက်တည်းမှာ ရှိနေတော့ ပစ္စတင်တွေရဲ့ အလေးချိန်၊ Connecting Rod တွေရဲ့ အလေးချိန် စတဲ့အလေးချိန်အများစုက တစ်ဖက်တည်းမှာပဲစုပြီး ခါယမ်း သလို ဖြစ်လာတာကြောင့် တုန်ခါမှု တက်လာတာဖြစ်ပါတယ်။ ဒီအချက် ကို ချေဖျက်နိုင်အောင် BMW က Crankweb နှစ်ခုရဲ့ အလယ်မှာ တတိယမြောက် Connecting Rod ကို Bearing နဲ့ တပ်လိုက်ပြီး ဖြေရှင်း လိုက်ပါတယ်။ အဲဒါကြောင့် RPM အများ ကြီးတက်လာပြီး Red Line RPM က 8500 RPM မှာ စတင်ပါတယ်။ ဒိုင်ခွက်မှာတော့ RPM တစ်သောင်းအထိ ပါဝင်ပါတယ်။ ဒါကတော့ F700GS နဲ့ F800GS အင်ဂျင်ရဲ့ ထူးခြားချက်ပါ။ ဆက်လက်ဖော်ပြပါမည်…
စာဖတ်ပရိသတ်များ မော်တော်ဆိုင်ကယ် ဗဟုသုတေတွနဲ့ ပြည့်စုံကြပါစေ …

LEAVE A REPLY

Please enter your comment!
Please enter your name here