BMW F Series ထဲက နောက်ဆုံးပေါ်မိုဒယ် 2018 BMW F850 GS

950

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ရုံးချုပ်တည်ထောင်ထားတဲ့ BMW နိုင်ငံတကာကုမ္ပဏီလက်အောက်က BMW Mtorrad ဟာ ၁၉၂၃ ခုနှစ်ကစပြီး ဆိုင်ကယ်တွေ ထုတ်လုပ်ရောင်းချပေးနေတာပါ။ လက်ရှိအချိန်မှာ Shaft၊ Chain ၊ Belt တို့နဲ့ မောင်းရတဲ့ ဆိုင်ကယ်မိုဒယ်များစွာကို ဘာလင်အခြေစိုက်စက်ရုံကနေ အဓိကထုတ်လုပ်ပေးနေပြီး အင်ဂျင်တချို့ကိုတော့ သြစတြီးယား၊ တရုတ်နဲ့ ထိုင်ဝမ်တို့မှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ BMW ဆိုင်ကယ်တွေရဲ့ အင်ဂျင် Displacement ဟာ 310 CC ကနေ 1649 CC အထိရှိပြီး မိုဒယ်ဒီဇိုင်းတွေကလည်း Off-Road ၊ Dual-Purpose ၊ Sport နဲ့ Touring အထိ အစုံရှိပါတယ်။ BMW Motorrad ဟာ ထုတ်လုပ်တဲ့ဆိုင်ကယ်တွေကို မတူညီတဲ့ အဂင်္လိပ်အက္ခရာစာလုံးတွေ ရှေ့ကတပ်ပြီး အမျိုးအစားခွဲခြားလေ့ရှိရာ လက်ရှိ C Series ၊ F Series ၊ G Series ၊ R Series ၊ K Series နဲ့ S Series တွေ ထွက်ပေါ်ထားသလို အဲဒီအထဲကမှ လူကြိုက်များ ရေပန်းအစားဆုံးဆိုင်ကယ်က R Series ထဲက R 1200 GS မိုဒယ်ပါပဲ။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်မှာ စုစုပေါင်း ဆိုင်ကယ်အစီးရေ ၁၃၆,၉၆၃ စီး ရောင်းခဲ့ရတဲ့ BMW Motorrad ဟာ ၂ဝ၂ဝ ပြည့်နှစ်ကျရင် အစီးရေနှစ်သိန်းပြည့်အောင် ရောင်းချရဖို့ ပစ်မှတ်ထားနေပြီး အဲဒီပစ်မှတ် အကောင်အထည်ဖော်နိုင်အောင် အခုကတည်းက ကြိုးပမ်းနေသလို ဆိုင်ကယ်မိုဒယ်အသစ်နှစ်မျိုးကိုလည်း မိတ်ဆက်ပြသခဲ့တာ မကြာသေးပါဘူး။ ၂ဝ၁၈ ခုနှစ်အတွက် အသစ်ထုတ်လုပ်လိုက်တဲ့ BMW Mortorrad ဆိုင်ကယ်မိုဒယ်နှစ်မျိုးက F 750 GS နဲ့  F 850 GS တို့ဖြစ်ပြီး အရင် F Series  ထဲက F 700GS ၊ F 800GS တို့ထက် အရွယ်အစားပိုကြီးလာသလို နည်းပညာနဲ့ အစိတ်အပိုင်းတွေကိုလည်း အဆင့်မြှင့်တင်မှုတွေ လုပ်ပေးထားပါတယ်။ လမ်းကြမ်းမောင်းဖို့ အဓိကရည်ရွယ်ပြီး Adventure ဆိုင်ကယ် အမျိုးအစားထဲ ပါဝင်တဲ့ BMW F 850 GS ကို ဒီတစ်ပတ် ဆိုင်ကယ်မိတ်ဆက်က@ကနေ ရေးသားလိုက်ပါတယ်။

2018 BMW F 850 GS မှာ Displacement 853 CC ရှိတဲ့ ဆလင်ဒါနှစ်လုံးထိုးအင်ဂျင် သုံးထားပြီး Bore  နဲ့ Stroke အချိုးက 84mm x 77mm ၊ Compression Ratio က 12.7 : 1 ဖြစ်ပါတယ်။ အအေးပေးစနစ်အတွက် Water-Cooled အသုံးပြုထားပြီး အင်ဂျင် တစ်မိနစ် လည်ပတ်နှုန်း(Rpm) ၈,၂၅ဝ မှာ မြင်းကောင်ရေ ၉၅ ကောင်အား၊ (Rpm) ၆,၂၅ဝ မှာ လိမ်လှည့်အား(Torque)92 N-m ထုတ်ပေးမှာပါ။ လောင်စာဆီပို့လွှတ်မှုစနစ်က Electronic Injection ဖြစ်ပြီး အိပ်ဇောကို Closed-loop 3-way Catalytic Converter သုံးထားလို့ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု သိပ်မများပါဘူး။ ဆီစားနှုန်းက တစ်ရာကီလိုမီတာကို ၄ ဒသမ ၁ လီတာဖြစ်ပြီး သုံးတဲ့လောင်စာဆီအမျိုးအစားအလိုက် မြင်းကောင်ရေအားနဲ့ လိမ်လှည့်အား(Torque) ထုတ်ပေးမှု အနည်းငယ် ကွာခြားမှုရှိပါတယ်။ အမြင့်ဆုံးအမြန်နှုန်းအဖြစ် တစ်နာရီ ကီလိုမီတာနှစ်ရာကျော် မောင်းနိုင်ပါတယ်။ ဂီယာ ခြောက်ချက်စနစ်ကို သုံးစွဲထားပြီး Final Drive က Chain ဖြစ်ပါတယ်။

2018 BMW F 850 GS ဖရိမ်က Bridge-Type ဖြစ်ပြီး စတီးနဲ့ တည်ဆောက်ထားတာပါ။ ရှေ့ဆိုင်းထိန်းအတွက် ၄၃ မီလီမီတာ Telescopic Fork တပ်ထားပြီး Fork ထက်/အောက်ကစားနိုင်တဲ့ ပမာဏက ၂ဝ၄ မီလီမီတာ ဖြစ်ပါတယ်။ နောက်ဆိုင်းထိန်းအတွက် အလူမီနီယမ် Dual Swingarm Shock တပ်ပေးထားပြီး Shock  ထက်/အောက် ကစားနိုင်တဲ့ ပမာဏက ၂၁၉ မီလီမီတာ ဖြစ်ပါတယ်။ ရှေ့ဘရိတ်မှာ ပစ္စတင်နှစ်လုံးတပ် Floating Caliper နဲ့ ၃ဝ၅ မီလီမီတာ Floating Brake Disc တို့ကို သုံးထားပြီး နောက်ဘရိတ်က ပစ္စတင်တစ်လုံးတပ် Floating Caliper နဲ့ ၂၆၅ မီလီမီတာ Floating Brake Disc ပါ။ ဘရိတ်စနစ်မှာ Antilock Braking System (ABS) လည်း ပါဝင်ပြီး မသုံးချင်တဲ့အခါ ပိတ်ထားလို့ရပါတယ်။ စပုတ်တံတွေပါတဲ့ ရှေ့ဘီးခွေက ၂၁ လက်မရှိပြီး နောက်ဘီးခွေ အရွယ်အစားက ၁၇ လက်မ ဖြစ်ပါတယ်။

အလျား ၂,၃ဝ၅ မီလီမီတာ၊ ဗြက် ၉၂၂ မီလီမီတာ၊ အမြင့် ၁,၃၅၆ မီလီမီတာရှိတဲ့ 2018 BMW F 850 GS မှာ ၁၅ လီတာဆံ့ ဆီတိုင်ကီ တပ်ထားသလို ၃ ဒသမ ၅ လီတာလောက်ဆံ့တဲ့ အပိုဆီတိုင်ကီလည်း ပါတာကြောင့် ခရီးဝေးမောင်းတဲ့အခါ စိတ်ပူစရာမလိုပါဘူး။ အသားတင် အလေးချိန် ၂၂၉ ကီလိုဂရမ်ရှိပြီး နောက်ထပ် ၂၁၆ ကီလိုဂရမ် ထပ်ဆောင်းသယ်ဆောင်နိုင်ပါတယ်။ လူနှစ်ယောက်စီးနိုင်တဲ့ ထိုင်ခုံကို High Seat ၊ Low Seat ၊ Comfort Seat ၊ Rallye Seat  ဆိုပြီး အနေအထားလေးမျိုး ချိန်ညှိလို့ရအောင် စီစဉ်ပေးထားလို့ စီးနင်းသူတွေအတွက် အဆင်ပြေစေမှာပါ။ မြေပြင်ကနေ ထိုင်ခုံအမြင့်(Seat Height) က ပုံမှန် ဆိုရင် ၈၆ဝ မီလီမီတာရှိပါတယ်။ ရှေ့နဲ့နောက် ဝင်ရိုးကြားအကွာအဝေး (Wheelbase) ၁,၅၉၃ မီလီမီတာရှိပြီး Steering Head Angle က ၆၂ ဒီဂရီဖြစ်လို့ ဆိုင်ကယ်ကို ခွထားတဲ့ ခြေထောက်နှစ်ချောင်းရဲ့ အတွင်းပိုင်းအကွာအဝေးက ၁,၉၁ဝ မီလီမီတာရှိမှာဖြစ်တဲ့အတွက် စီးနင်းရတာ သက်သောင့်သက်သာဖြစ်စေမှာပါ။ အလူမီနီယမ်နဲ့ ပြုလုပ်ထားတဲ့ ဆိုင်ကယ်လက်ကိုင်က ထိန်းကျောင်းကိုင်တွယ်ရ လွယ်ကူသလို ဟန်ချက်ညီမှုလည်းရှိပါတယ်။ LED မီးစနစ် သုံးစွဲထားလို့ အသုံးပြုတဲ့အခါ တောက်ပတဲ့အလင်းတန်းကို ထုတ်ပေးမှာပါ။ ရှေ့လေကာမှန်ပါလို့ ခရီးရှည်မောင်းရင် လေတိုးဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှု သိပ်မခံရပါဘူး။ ဆိုင်ကယ်အချက်အလက်တွေကို ကြည်လင်ပြတ်သားစွာ မြင်ရမယ့် On-Board Computer တပ်ပေးထားသလို မိမိဖုန်းကို Bluetooth နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ချက်များစွာ ပြုလုပ်နိုင်တဲ့ ၆ ဒသမ ၅ လက်မ အရွယ် TFT-Display ကိုလည်း ထပ်ဆောင်း တပ်ဆင်ခွင့်ပေးထားပါတယ်။ 2018 BMW F 850 GS မှာ မောင်းနှင်မှု ပုံစံ(Driving Mode) အဖြစ် Rain နဲ့ Road Mode တွေပါဝင်ပြီး ပရော်ဖက်ရှင်နယ်ဆိုင်ကယ်သမားလို စီးနင်းနိုင်တဲ့ Dynamic ၊ Enduro ၊ Enduro Promode တွေကိုလည်း ရွေးချယ်တပ်ဆင်ခွင့် ရှိပါတယ်။  ASC(Automatic Stability Control) ၊ABS စနစ်တွေနဲ့ တွဲဖက်သုံးစွဲတဲ့အခါ လုံခြုံစွာစီးနိုင်သလို လမ်းကြမ်းတွေကိုလည်း အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ။ Keyless Ride ၊ Gear Shift Assistant Pro ၊ Dynamic ESA ၊ eCallစတဲ့ နည်းပညာပိုင်းတွေ တပ်လို့ရတဲ့ 2018 BMW F 850 GS ဟာ လမ်းကောင်းမှာတင်မက Off-Road အရည်အသွေးနဲ့ ဆိုးဝါးတဲ့လမ်းတွေကိုပါ ကျော်လွှားနိုင်တဲ့ Middle Class  ဆိုင်ကယ်အမျိုးအစား တစ်စီးပါပဲ။ Engine Guard ၊ Tubeless တာယာတွေတပ်ထားတဲ့ 2018 BMW F 850 GS ကို ထိုင်လျက်ဖြစ်စေ၊ မတ်တတ်ရပ်လျက်ဖြစ်စေ စီးနိုင်အောင်လည်း ဖန်တီးပေးထားလို့ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့၊ ခရီးထွက်ဖို့ရွေးချယ်သင့်တဲ့ ဆိုင်ကယ်မိုဒယ်လို့ သတ်မှတ်နိုင်ပါတယ်။  F 850 GS  အပြင် F 850 GS Sport မိုဒယ်ကွဲလည်းရှိတဲ့ 2018 BMW F 850 GS ကို Rally Style With Light White ၊ Racing Red Non-metallic နဲ့ Lupin Blue Metallic ဆိုပြီး အရောင်သုံးမျိုး ထုတ်လုပ်သွားမှာ ဖြစ်ပြီး စက်ရုံထုတ်မူလစျေး(MSRP)ဗြိတိန်ပေါင်စတာလင် ၉,၄ဝဝ သတ်မှတ်ထားသလို 2018 BMW F 850 GS Sport ကိုတော့ ဗြိတိန်ပေါင်စတာလင် ၁ဝ,၆၅ဝ သတ်မှတ်ထား ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here