Best Choice

796

ဒီတစ်ပတ်မှာတော့ အင်ဂျင်ပါဝါ ၁၃၀ဝ စီစီနဲ့အထက် ကားတွေထဲက Sport ဆန်ပြီး လူငယ်ကြိုက် ကားတွေဖြစ်တဲ့ KIA Rio၊ Subaru Trezia နဲ့ Suzuki Swift Sport ကားတွေကို ဖော်ပြလိုက်ပါတယ်။ ဒီကားတွေဟာ ၁၃၀ဝ စီစီ ကားဈေးကွက်မှာ တခြား ကားတွေနဲ့ယှဉ်ရင် အရောင်းအဝယ်အသွက်ကြီး မဟုတ်ပေမဲ့ ဒီဇိုင်းဆန်းပြီး Sport ဆန်ဆန်ကြိုက်တဲ့ ကားချစ်သူတွေအတွက်တော့ ကြိုက်နှစ်သက်မယ့် ကားအမျိုးအစား ဖြစ်ပါတယ်။

KIA Rio

KIA Motors ဟာ နိုင်ငံ ရှစ်နိုင်ငံမှာရှိတဲ့ ကားထုတ်လုပ်တပ်ဆင်ရေး လုပ်ငန်း ၁၃ ခုကနေ တစ်နှစ်ကို ကားအစီးရေ တစ်သန်းခွဲကျော် ထုတ်လုပ်နေပြီး နိုင်ငံပေါင်း ၁၇၂ နိုင်ငံမှာ ဖြန့်ဖြူးရောင်းချလျက် ရှိပါတယ်။ Hyundai Motor ကနေ ရှယ်ယာ ၃၃ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားတဲ့ KIA ဟာ ၂၀၁၃ ခုနှစ်အရောက်မှာ ကားအစီးရေ ၂ ဒသမ ၇၅ မီလျံအထိ ရောင်းချနိုင်ခဲ့ပြီး ဒီကားတွေထဲက Rio ကလည်း လူကြိုက်များတဲ့ကားတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ KIA Rio ကို တံခါး ငါးချပ် Hatchback အဖြစ် ထုတ်လုပ်ထားသလို တံခါး လေးချပ် Sedan အနေနဲ့လည်း ထုတ်လုပ်ထားပါတယ်။ KIA Rio Hatchback ရဲ့ အသွင်သဏ္ဌာန်ဟာ Ford Festiva နဲ့ဆင်ပြီး Sedan Type ကတော့ Hyundai Accent နဲ့ဆင်ပါတယ်။ Rio Sedan Type ကိုတော့ နောက်ပိုင်းမှာ KIA K2 ဆိုပြီး တရုတ်နိုင်ငံမှာ ဆက်လက်ထုတ်လုပ်နေပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

ဘယ်မောင်းကားဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့လမ်းစနစ်နဲ့ ကိုက်ညီမှုရှိသလို Push-start ဖြစ်တဲ့အတွက်လည်း လုံခြုံရေးအတွက် စိတ်ချရပါတယ်။ ကားရဲ့ဒီဇိုင်းက Ford Fiesta ST ၊ Peugeot 208 GTi ၊ Renaultsport Clio တို့နဲ့ဆင်တဲ့အတွက် ဥရောပ အငွေ့အသက်တွေ ပါဝင်နေပါတယ်။ Hatchback အမျိုးအစားဖြစ်ပေမဲ့ လေခွင်းအားကောင်းအောင် ဒီဇိုင်းဆင်ထားပြီး ဂရိတ်မြင့် ကားတွေမှာ Sunroof   ပါတဲ့အတွက်လည်း လူငယ်ကြိုက် ကားအမျိုးအစားတစ်ခုဖြစ်ပါတယ်။ Audio အပိုင်းမှာ MP3 ၊USB  တို့နဲ့ ချိတ်ဆက်နိုင်တဲ့ စနစ်တွေပါဝင်ပြီး Steering Volume Control နဲ့ Bluetooth စနစ်တွေလည်း ပါရှိပါတယ်။

ဈေးနှုန်း

Rio၂၀၁၇ မိုဒယ်ကို KIA Showroom မှာ အမေရိကန်ဒေါ်လာ ၂၅,၅၀ဝ ဝန်းကျင် နဲ့ ရောင်းချနေပြီး ၂၀၁၅၊ ၂၀၁၆ မိုဒယ် နံပါတ်ထွက်ပြီးသား ကားတွေကတော့ ကျပ်သိန်း ၁၅၀ နဲ့ ၁၉၀ ကြားမှာ ရှိပါတယ်။

Subaru Trezia

၁၃၀ဝ စီစီကားဈေးကွက်ထဲမှာ ဈေးအနေအထားနဲ့ အရောင်းအဝယ်သွက်တဲ့ ကားအမျိုးအစားကို ပြပါဆိုရင် Honda Fit နဲ့ Toyota Ractis ကားနှစ်မျိုးကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီကားနှစ်မျိုးထဲက Toyota Ractis နဲ့ ရုပ်ဆင်ပြီး အင်ဂျင်အမျိုးအစားလည်းတူတဲ့ Subaru Trezia ကလည်း Ractis ရဲ့ အောင်မြင်မှုနောက်ကို လိုက်ဖို့ကြိုးစားနေတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။Toyota ကုမ္ပဏီက Mini MPVအမျိုးအစားဖြစ်တဲ့ Ractisကို ၂၀ဝ၅ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး Subaru Trezia ကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Trezia ဆိုတဲ့ အမည်နာမကတော့ အင်္ဂလိပ်ဘာသာစကား Treasure  (ရတနာတစ်ပါး) ကနေ ဆင်းသက်လာခဲ့တာပါ။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Subaru Trezia နဲ့ toyota Ractisက ရှေ့ရှဲလ်နည်းနည်းလေး ပြောင်းသွားတာကလွဲလို့ ရုပ်ထွက်ဆင်ပါတယ်။ ၂၀၁၂ မိုဒယ်Trezia  မှာဆိုရင် 1.3l ၊ 1.3l-L၊1.3 I-S ၊1.5L ၊ 1.5l-L၊ 1.5l-S ၊1.5l-L Panorama  ၊1.5 l Sport Limited  စတဲ့ ဂရိတ်တွေရှိပါတယ်။ ဒီကားက Toyota Ractis နဲ့ အတွင်းခန်း ဖွဲ့စည်းပုံချင်းလည်းဆင်ပြီး 1.3l နဲ့ 1.5l ဂရိတ်ကလွဲရင် ကျန်ဂရိတ်တွေမှာ Digital Aircon ၊Push-Start  ဖြစ်သွားသလို ရှေ့နောက် Spoiler နဲ့ နှင်းခွဲမီးပါသွားပါတယ်။ l-S ဂရိတ်တွေနဲ့ Sport ဂရိတ်တွေမှာ အလွိုင်းဆိုက် ၁၆ လက်မ ဖြစ်သွားပါတယ်။

ဈေးနှုန်း

Subaru ၂၀၁၂ မိုဒယ်မှာ အင်ဂျင်ပါဝါ ၁၅၀ဝ စီစီကတော့  တင်သွင်းမှု နည်းပြီး ၁၃၀ဝ စီစီကို ဝယ်ယူမယ်ဆိုရင် အက္ခရာ နဲ့ ရန်ကုန်လိုင်စင် ဖြစ်၊ မဖြစ်အပေါ် မူ တည်လို့ ကျပ် ၁၃၅ သိန်းနဲ့ သိန်း ၁၅၀ ကြားမှာ ရှိပါတယ်။

Suzuki Swift Sport

Subcompact Car အမျိုးအစားဖြစ်တဲ့ Suzuki Swift ကို ၂၀ဝ၀ ပြည့်နှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Swift Sport ကိုတော့ ၂၀၁၁ မိုဒယ်မှစပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်၊ Swift Sport ဟာ Swift ရိုးရိုးရဲ့ပုံစံကို အခြေခံထားပြီး Sport Type ဆန်ဆန် ထုတ်လုပ်ထားတဲ့အတွက် လူငယ်အကြိုက် ကားအမျိုးအစားဖြစ်ပါတယ်။ ပြိုင်ကားတင်သွင်းခွင့်တွေ ပိတ်ထားတဲ့အချိန်မှာ Sport ဆန်တဲ့ Swift Sport ဟာ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ကားဖြစ်ပြီး ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ Drift ပြိုင်ပွဲတွေမှာလည်း ဒီကားလေးနဲ့ ပါဝင်ယှဉ်ပြိုင်ကြတာ တွေ့ရပါတယ်။ Suzuki Swift Sport ဟာ Swift တတိယမျိုးဆက်လို့လည်းဆိုနိုင်ပြီး ၂၀၁၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Australian International Motor Show မှာ Swift ရဲ့ S-Concept အနေနဲ့ ပြသခဲ့ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

ကြီးမားတဲ့ ရှေ့ရှဲလ်၊ Body Kit ၊ HID ရှေ့မီးကြီးတွေနဲ့ နောက် Spoiler တွေကြောင့် Swift Sport ဟာ ပြိုင်ကားဆန်ဆန် လှပ နေပါတယ်။ Original Alloy Size ကလည်း ၁၇ လက်မအထိ ရှိတဲ့အတွက် Swift ရိုးရိုးနဲ့ယှဉ်ရင် ပိုပြီးခံ့ညားနေပါတယ်။ Grade အမြင့် Suzuki Swift တွေမှာ ပါဝင်တဲ့အတိုင်း Digital Aircon ၊ Push-start ဖြစ်သွားပြီး ထိုင်ခုံတွေ၊ လက်ကိုင်နဲ့ စတီယာရင်တွေမှာ လည်း ကြိုးချုပ်ထားတဲ့ ကြိုးချုပ်အနီတန်းလေးတွေ ပါဝင်တဲ့အတွက် ပုံမှနှ်Swift  ကားတွေနဲ့ ကွဲပြားစေပါတယ်။

 

ဈေးနှုန်း

၁၆၀ဝ စီစီ ဖြစ်တဲ့အတွက် Swift ရိုးရိုးနဲ့ အခွန်ကွာခြားချက်ရှိလို့ တင်သွင်းသူ နည်း ပါတယ်။ နယ်လိပ်စာနဲ့ဆိုရင် Manual က ကျပ်သိန်း နှစ်ရာဝန်းကျင်၊ Auto Gear က ကျပ်သိန်း ၂၂၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here