Best Choice

853

ဒီတစ်ပတ်ရဲ့ Best Choice  မှာ Hatchback  အမျိုးအစားတွေကို ရွေးချယ်ထားပြီး Nissan Tiida ၊ Mazda Demio နဲ့ BAIC A115 တို့အကြောင်းကို ဖော်ပြလိုက်ပါတယ်။ Hatchback ကားတွေဟာ လူစီးဖို့အတွက်တင်မက ပစ္စည်းထည့်စရာ နောက်ခန်းကျယ်တဲ့အတွက် မြန်မာပြည်ကားစျေးကွက်မှာ လူကြိုက်များကြပါတယ်။ ဒီတစ်ပတ်မှာဖော်ပြလိုက် တဲ့ ကားတွေကလည်း ကျပ်သိန်း ၁၅ဝ အောက်မှာဝယ်ယူနိုင်ပြီး စျေးသင့်တင့်သလို အကြမ်းခံတဲ့အတွက်လည်း Hatchback ကို ကြိုက်နှစ်သက်တဲ့သူတွေ ရွေးချယ်သင့်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။

 

Nissan Tiida

မြန်မာပြည်ကားစျေးကွက်မှာ Nissan Tiida Latio နဲ့ Nissan Latio တို့ကိုသာ လူသိများပေမဲ့ Hatchback ကားအမျိုးအစားဖြစ်တဲ့ Nissan Tiida ကိုတော့ သိပ်မသိကြပါဘူး။ Nissan ကားကုမ္ပဏီဟာ Tiida ကို တံခါး ငါးပေါက် Hatchback နဲ့ တံခါးလေးပေါက် Sedan ကားဆိုပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Nissan Tiida ကို ၂ဝဝ၄ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၂ မိုဒယ်အထိကို ပထမမျိုးဆက်နဲ့ နောက်ပိုင်းကို ဒုတိယမျိုးဆက် အဖြစ် ထုတ်လုပ်ခဲ့ပါတယ်။ Tiida ကို မြောက်အမေရိကစျေးကွက်မှာ Nissan Versa ၊ တောင်အမေရိက စျေးကွက်မှာ Dodge Trazo နဲ့ အရှေ့တောင်အာရှစျေးကွက်မှာ Nissan Latio ဆိုပြီး ရောင်းချမှုတွေ ပြုလုပ်ခဲ့ပါတယ်။  Tiida ကို Nissan Sunny(B15) နေရာကို အစားထိုးဖို့အတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး Nissan March ထက်ကြီးကာ Nissan Note နဲ့ အရွယ်အစားတူပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Toyota Belta နဲ့ Toyota Vitz တို့လို Nissan Tiida Latio နဲ့ Nissan Tiida ကလည်း ရှေ့ရုပ်ချင်းဆင်ပါတယ်။ Tiida က Hatchback ကားဖြစ်သွားတဲ့အတွက် နောက်ဖုံးဖွင့်တံခါး ငါးချပ် ဖြစ်သွားပါတယ်။ 2010 Late မှာ 15S ၊ 15M ၊ 15S Four ၊ 15M Four ၊ 15G နဲ့ Leather Version စတဲ့ ဂရိတ်တွေရှိပါတယ်။ G ဂရိတ်နဲ့ Leather Version ဂရိတ်တွေက Aircon Auto ဖြစ်သလို အလွိုင်းဆိုက်က ၁၅ လက်မဖြစ်သွားပါတယ်။ Leather Version မှာတင် ဂရိတ်ခြောက်မျိုးလောက်ရှိပြီး အားလုံးကဂရိတ်အမြင့် ဖြစ်တဲ့အတွက် Leather ထိုင်ခုံတွေဖြစ်သွားပါတယ်။ ဂရိတ်အားလုံးမှာတော့ Eco Mode ၊ Central Control စတဲ့စနစ်တွေ ပါရှိပါတယ်။

 

စျေးနှုန်း

Nissan Tiida 2011 Late ၊ 2011  ရဲ့ စျေး က S နဲ့ M ဂရိတ်တွေဆိုရင် ကျပ်သိန်း ၁၄ဝ ဝန်းကျင်၊ T  ဂရိတ်ဆိုရင် ကျပ် ၁၄၅ သိန်းဝန်းကျင်ရှိပြီး Leather ဂရိတ်တွေ ကတော့ ကျပ်သိန်း ၁၅ဝ အပေါ်မှာ ရှိပါတယ်။

 

Mazda Demio

Mazda ကထုတ်လုပ်တဲ့ Super Mini ကားအမျိုးအစား Demio ကို ၁၉၉၆ ခုနှစ်ကတည်းက စတင် ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၄ မိုဒယ်မှာ စတုတ္ထမျိုးဆက်တိုင်ခဲ့ပါပြီ။ Demio ရဲ့ အမည်နာမအောက်မှာ Nameplate ခွဲ အဖြစ် Mazda2 ၊ Mazda121 ၊ Mazda Metro တို့ကို ထုတ်လုပ်ထားပြီး Ford Festiva Mini Wagon နဲ့လည်း ရုပ်ချင်းဆင်ပါတယ်။ Mazda Demio ကို ၁၉၉၆ မိုဒယ်ကနေ ၂ဝဝ၂ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၂ဝဝ၂ ခုနစ်ကနေ ၂ဝဝ၇ ခုနစ်အထိကို ဒုတိယမျိုးဆက်၊ ၂ဝဝ၇ ခုနစ်ကနေ ၂ဝ၁၄ ခုနစ်အထိကို တတိယမျိုးဆက်နဲ့ ၂ဝ၁၄ ခုနစ်နောက်ပို်င်းကို စတုတ္ထမျိုးဆက်ဆိုပြီး ထုတ်လုပ်ထားပါတယ်။ Demio ဟာ တတိယမျိုးဆက်ရဲ့ မိုဒယ်တစ်ခုဖြစ်တဲ့ ၂ဝဝ၈ မိုဒယ်မှာ World Car of the Year ဆုကို ရရှိခဲ့သလို စတုတ္ထမျိုးဆက်ဖြစ်တဲ့ ၂ဝ၁၄-၂ဝ၁၅ မိုဒယ်မှာလည်း Japanese Car of the Year ဆုတွေကိုရရှိခဲ့ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Demio ၂ဝ၁၁ မိုဒယ်မှာ 13-Skyactive ၊ 13C ၊ 13C-V ၊ 15C ၊ Sport  စတဲ့ဂရိတ်တွေရှိပြီး Skyactive နဲ့ Sport Type မှာ Digital Aircon ၊ Steering Volume Control တွေပါရှိပါတယ်။ ၂ဝ၁၁ မိုဒယ် ဖြစ်သွားတဲ့အတွက် ဒိုင်ခွက်အနက်ဖြစ်သွားသလို စတီယာရင်၊ ဂီယာ၊ Aircon Control အပါအဝင် အတွင်းခန်း ပစ္စည်းတွေကို ငွေရောင်နဲ့ အလှဆင်ထားပါတယ်။ ဒီမိုဒယ်မှာ ထူးခြား ချက်တစ်ခုအဖြစ် ပုံမှန်အရောင်တွေအပြင် ပြင်သစ်အရှေ့ပိုင်းဒေသတစ်ခုဖြစ်တဲ့ ဘာဂန်ဒီဒေသကထွက်တဲ့ Red Burgundy ဝိုင် အရောင်နဲ့လည်း ထုတ်လုပ်ထားပါတယ်။ Sport Type မှာတော့ ၁၆လက်မအလွိုင်းအပြင် ရှေ့နောက် Spoiler တွေနဲ့ အလှဆင် ထားပါတယ်။

 

စျေးနှုန်း

Mazda Demio 2011 Model ရန်ကုန် လိုင်စင်နံပါတ်ထွက်ပြီးသား Aircon Auto ဖြစ်ပြီး ဂရိတ် ပြည့်တယ်ဆိုရင် ကျပ် ၁၃၅ သိန်းဝန်းကျင်နဲ့  ရိုးရိုးဂရိတ်ကတော့ ကျပ် ၁၂၅ သိန်းဝန်းကျင်ရှိပါတယ်။

 

BAIC A115

ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေပေါ်မှာ ဟိုဒီပြေးဆွဲနေတဲ့ တက္ကစီတွေကြားထဲ တရုတ်နိုင်ငံထုတ် BAIC ကားလေး တွေကိုလည်း အများအပြား မြင်တွေ့ရမှာဖြစ်ပါတယ်။ Beijing  Automotive Industry Holding Co.,Ltd ကထုတ်လုပ်တဲ့ BAIC လူစီးကားလေးတွေဟာ တရုတ်ပြည်မှာဆိုရင် အရောင်းရဆုံး လူစီးကား ၁ဝ မျိုး စာရင်းထဲမှာ ပါဝင်ပါတယ်။ BAIC ဟာ ဆွီဒင်နိုင်ငံက SAAB  စက်ရုံကနေ နည်းပညာဝယ်ယူပြီး ထုတ်လုပ်ထားတာဖြစ်သလို Mercedes ၊ Hyundai ၊ Fonton စတဲ့ ကုမ္ပဏီတွေနဲ့လည်း Joint Venture အနေနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့အတွက် နည်းပညာမြင့်မားပြီး ဒီဇိုင်းကလည်း ခေတ်ရှေ့ပြေးနေပါတယ်။ BAIC ကထုတ်လုပ်တဲ့ A113/A115 ဆိုရင်လည်း အင်ဂျင်ပါဝါနည်းပေမဲ့ Luxury Type  ဖြစ်အောင် အတွင်းခန်းအပြင်အဆင်ကို မွမ်းမံထားပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

BAIC A113 နဲ့ A115 တို့ကို Sedan ၊ Hatchback ပုံစံနှစ်မျိုးစလုံးနဲ့ ထုတ်လုပ်ထားပါတယ်။ BAIC ကထုတ်လုပ်တဲ့ ဒီကားအမျိုးအစားတွေက Key Remote နဲ့ Manual အဲကွန်းကိုပဲ သုံးထားပေမဲ့ Sunroof ၊ DVD Navi ၊ TV ၊ Bavk Camera တွေ ပါရှိတဲ့အတွက် အတွင်းဂရိတ် မြင့်တယ်လို့ဆိုနိုင်ပါတယ်။ Steering Volume Control  ပါဝင်ပြီး AM  ၊ FM ၊ CD ၊ MP3 ၊ USB ၊ DVD တို့နဲ့ ချိတ်ဆက်နိုင်မယ့် Speaker လေးလုံး တပ်ဆင်ထားတဲ့အတွက် အသံစနစ်လည်းကောင်းမွန်ပါတယ်။

 

စျေးနှုန်း

2016 Model BAIC A115 Hatchback  ရဲ့စျေးက ရန်ကုန်လိုင်စင်နံပါတ် ထွက်ပြီးသား (Zero Kilo)ကို ဝယ်မယ်ဆိုရင် ကျပ် ၁၅၅ သိန်းဝန်းကျင်ရှိပြီး နယ်လိုင်စင်နဲ့ ဆိုရင်တော့ ကျပ်သိန်း ၁၅ဝ ဝန်းကျင်မှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here