ဖွံ့ဖြိုးစနိုင်ငံတွေမှာ Multi Purpose Vehicle (MPV) ကားလေးတွေကို ဦးစားပေးတင်သွင်းထုတ်လုပ် ကြပါတယ်။ ဘက်စုံသုံးကားတွေဖြစ်တဲ့ MPV အမျိုးအစားကားတွေက အင်ဂျင်ပါဝါနည်းသလို လူစီးရုံသာမက အပေါ့စားကုန်ပစ္စည်းပါ သယ်ဆောင်နိုင်တဲ့အတွက် အိမ်စီးကားအဖြစ်ရော တက္ကစီအနေနဲ့ပါ အသုံးပြုလာ ကြပါတယ်။ မြန်မာပြည် ကားစျေးကွက်မှာလည်း MPV ကားတွေကို လူကြိုက်များပြီး ဒီကားတွေထဲက အင်ဂျင်ပါဝါ ၁၅ဝဝ စီစီရှိတဲ့ Mazda Verisa ၊ Toyota Passo Sette နဲ့ Toyota Succeed ကားတွေ အကြောင်းကို ဖော်ပြလိုက်ပါတယ်။
Mazda Verisa
Mazda ကထုတ်လုပ်တဲ့ အင်ဂျင်ပါဝါနည်းတဲ့ကားတွေထဲမှာ Demio ၊ Familia Van တို့လို့ Verisa ကလည်း မြန်မာပြည်ကားစျေးကွက်မှာ အရောင်းအဝယ်သွက်တဲ့ ကားအမျိုးအစားထဲမှာ ပါဝင်လာပါတယ်။ Verisa ဟာ ဂျပန်ပြည်တွင်းမှာပဲ ထုတ်လုပ်ပေမဲ့ ဥရောပဆန်တဲ့ အငွေ့အသက်တွေ ပါဝင်နေပါတယ်။ ဒီကားရဲ့ အမည်နာမက အီတလီစကားလုံး Verita (အမှန်တရား)နဲ့ အဂင်္လိပ်စကားလုံး Satisfaction (ကျေနပ်မှု)တို့ကို ပေါင်းစပ် ဖန်တီထားတာဖြစ်ပြီး စစ်မှန်တဲ့ကျေနပ်မှုဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ Verisa ကို ၂ဝဝ၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး Demio ကို အခြေခံထားတာ ဖြစ်ပါတယ်။ Verisa ကို ပြည်တွင်း စျေးကွက်အတွက်သာ ရည်ရွယ်ထုတ်လုပ်ခဲ့ပေမဲ့ တစ်ပတ်ရစ် Verisa ကားတွေကို နယူးဇီလန်အပါအဝင် လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးတဲ့နိုင်ငံတွေကို တင်ပို့ရောင်းချခဲ့ပါတယ်။
အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်
Mini MPV အမျိုးအစားဖြစ်တဲ့ Mazda Verisa ၂ဝ၁ဝ မိုဒယ်မှာ C ၊ L ဂရိတ်နှစ်မျိုးသာရှိပြီး Aircon Auto ၊ ပါဝါတံခါးလေးချပ်နဲ့ မှန်ကာလာပါရှိပါတယ်။ ဒီဂရိတ်နှစ်မျိုးမှာ L က ဂရိတ်ပိုမြင့်ပြီး Leather ထိုင်ခုံ Smart Key ၊ Steering Volume Control ၊ TV ၊ Back Camera နဲ့ ရှေ့ထိုင်ခုံလက်တင်တွေ ပါဝင်ပါတယ်။ Verisa ရဲ့ကားဒီဇိုင်းက ဥရောပအငွေ့အသက်ပါဝင်ပြီး Ford Fiesta ၊ Ford Fusion ၊ Opel Meriva တို့နဲ့လည်း ဆင်ပါတယ်။
စျေးနှုန်း
Mazda Verisa ၂ဝ၁ဝ မိုဒယ်ကို ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူမယ်ဆိုရင် အက္ခရာနဲ့ ကားအခြေအနေ အပေါ်မူတည်ပြီး ကျပ် ၁၄၅ သိန်းကနေ သိန်း ၁၆ဝ ဝန်းကျင်မှာ ရှိပါတယ်။
Toyota Passo Sette
Toyota က နောက်ဆုံးပေါ်ဒီဇိုင်းနဲ့ သိပ်သည်းကျစ်လျစ်အောင် ထုတ်လုပ်ထားတဲ့ Passo Sette ဟာ MPV အမျိုးအစားဖြစ်ပြီး Daihatsu Boon Luminas နဲ့လည်း ကားဒီဇိုင်း အတွင်းအပြင်ဖွဲ့စည်းပုံ အင်ဂျင်အမျိုးအစား စတာတွေ တူညီပါတယ်။ Sette ဆိုတဲ့ အဓိပ္ပာယ်က အီတာလျံစကားလုံး ခုနစ်ဖြစ်ပါတယ်။ ထိုင်ခုံသုံးတန်းပါတဲ့ Passo Sette ဟာ Toyota က ထုတ်လုပ်တဲ့ ခုနစ်ယောက်စီးကားတွေထဲမှာ အင်ဂျင်ပါဝါ အနည်းဆုံး ဖြစ်ပါတယ်။ ထိုင်ခုံသုံးတန်း ပါရှိပေမဲ့လည်း ဒီကားရဲ့ဖွဲ့စည်းပုံက သိပ်သည်းကျစ်လျစ်ပြီး Toyota Probox ထက် အရွယ်အစား သေးပါတယ်။ Passo Sette ဟာ မိသားစုများသူတွေအတွက် အဆင်ပြေသလို ကုမ္ပဏီဖယ်ရီ အနေနဲ့လည်း အသုံးတည့်ပါတယ်။
အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
Toyota Passo Sette မှာ X ၊ GC Package ၊ SC Package နဲ့ S Grade စတာတွေရှိပြီး G နဲ့ S က Grade အမြင့်ဖြစ်ကာ Aircon Auto ဖြစ်သွားသလို နှင်းခွဲမီးလည်းပါရှိပါတယ်။ GC Grade မှာတော့ Aircon Auto မဖြစ်ပေမဲ့ Steering Volume Control ၊ Original TV ပါရှိပါတယ်။ ဂရိတ်အားလုံးက ပါဝါတံခါးလေးချပ် ဖြစ်ပြီး G နဲ့ S ဂရိတ်မှာဆိုရင် အလွိုင်းဆိုက်က ၁၅ လက်မ ဖြစ်သွားပါတယ်။ ထိုင်ခုံသုံးတန်း ခုနစ်ယောက်စီး ဖြစ်ပြီး ထိုင်ခုံအရောင်မှာ အဖြူနဲ့အနက် နှစ်မျိုးလာပါတယ်။
စျေးနှုန်း
ဌ ၂ဝ၁ဝ မိုဒယ် စျေးက Fielder ရဲ့ စျေးအောက်မှာ ရှိပြီး ၂ဝဝ၈ ၊ ၂ဝဝ၉ မိုဒယ် ရန်ကုန်လိုင်စင်ကားကို ဝယ်ယူမယ်ဆိုရင် အက္ခရာနဲ့ ကားအခြေအနေအပေါ်မူတည်ပြီး ကျပ် ၁၃၅ သိန်းကနေ ၁၅ဝ သိန်း ကြားမှာ ရှိ ပါတယ်။
Toyota Succeed
Toyota ကုမ္ပဏီက Corolla Van နေရာမှာ အစားထိုးဖို့အတွက် ၂ဝဝ၂ ခုနှစ်မှာ Probox နဲ့အတူ Succeed ကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ Probox နဲ့ Succeed ကို ဂျပန်မှာ အပေါ့စားပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့ Delivery ကားအနေနဲ့အသုံးပြုသလို Passenger ကားအနေနဲ့လည်း အသုံးပြုပါတယ်။ ပီရူးနိုင်ငံမှာဆိုရင် ဒီကားတွေကို ဘယ်မောင်းပြောင်းပြီး တက္ကစီအဖြစ်အသုံးပြုကြတာတွေ့ရသလို မြန်မာနိုင်ငံတက္ကစီ အရောင်းအဝယ်စျေးကွက်မှာလည်း Probox နဲ့ Succeed က ဦးဆောင်နေတာတွေ့ရပါတယ်။ Toyota ကုမ္ပဏီဟာ Succeed ကို ဆယ်စုနှစ်တစ်ခုကြာတဲ့အထိ ပုံမပြောင်းဘဲထုတ်လုပ်ခဲ့ပြီး ၂ဝ၁၄ မိုဒယ်ရောက်မှသာ အပြင်ဒီဇိုင်းနဲ့ အတွင်းခန်းပုံစံကို ပြောင်းလဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Succeed နဲ့ Probox က ဘော်ဒီပုံစံတူပေမဲ့ ဘမ်ပါ၊ မီးခွက်၊ ရှဲနဲ့ အတွင်းခန်းဖွဲ့စည်းပုံတွေ မတူပါဘူး။
အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်
Succeed မှာ U ၊ UL ၊ ULX ၊ TX ၊ TXG Package ၊ TXG Package Limited စတဲ့ ဂရိတ် ခြောက်မျိုး ရှိပါတယ်။ U Grade တွေက ဂရိတ်အနိမ့်ဖြစ်ပြီး U ကအနိမ့်ဆုံးဖြစ်ကာ UL မှာဆိုရင် မှန်ချိုးမှန်ခေါက်မပါပေမဲ့ မှန်အတင်အချ၊ နောက်ဝိုက်ပါပါပြီး ရှေ့တံခါးနှစ်ချပ်က ပါဝါတံခါး ဖြစ်ပါတယ်။ TX Grade မှာ ပါဝါတံခါး နှစ်ချပ်ဖြစ်ပြီး TXG ဖြစ်သွားရင်တော့ မှန်ကာလာ၊ ပါဝါတံခါးလေးချပ်နဲ့ Airbag လေးလုံး ပါရှိသလို မှန်ချိုးမှန်ခေါက်လည်း ဖြစ်သွားပါတယ်။ ဂရိတ်အမြင့်ဆုံးဖြစ်တဲ့ TXG Limited ဆိုရင်တော့ ထိုင်ခုံပုံစံတွေရော အရောင်ပါ ပြောင်းသွားပါတယ်။
စျေးနှုန်း
Toyota Succeed ၂ဝ၁ဝ မိုဒယ်ရဲ့ စျေး နှုန်းက ရန်ကုန်လိုင်စင်နဲ့ ဂရိတ်အပေါ် မူတည်ပြီး ကျပ်သိန်း ၁၅ဝ ကနေ ၁၇ဝ ဝန်းကျင်အထိ ရှိပါတယ်။