Best Choice

778

လူငါးဦးအထိစီးနင်းနိုင်တဲ့အပြင် အပေါ့စားပစ္စည်းတွေကိုပါ သယ်ဆောင်လို့ရတဲ့ Minivan ကားလေးတွေဟာ ဘက်စုံအသုံးတည့်တဲ့ကား ဖြစ်ပါတယ်။ ဒီကားလေးတွေက ၆၆ဝ စီစီအောက်ဖြစ်ပေမဲ့ Carry Truck လိုမျိုး အခွန်မသက်သာဘဲ van ၊ Wagon Type တို့လို အခွန်ကောက်ခံတဲ့အတွက် ၁၃ဝဝ စီစီ ဆလွန်းကားလေးတွေနဲ့ စျေးတန်း တူနေပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ Minivan ကားတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

 

Mitsubishi Town Box ကို ၁၉၉၉ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Nissan Clipper Rio လို့လည်းခေါ်ပါတယ်။ Kei Minivan ကားအမျိုးအစားဖြစ်ပြီး ငါးယောက်စီး၊ တံခါးငါးချပ် ပါရှိပါတယ်။ ဒီကားကို Mitsubishi ကုမ္ပဏီက ဂျပန်ပြည်တွင်းစျေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး Nissan Clipper Rio အမည်နဲ့လည်း ရောင်းချပါတယ်။ Town Box ကို မလေးရှားနိုင်ငံမှာ Proton Juara ဆိုပြီးတော့လည်း ထုတ်လုပ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

တံခါးငါးချပ်မှာ ရှေ့တံခါးနှစ်ချပ်က ပါဝါဖြစ်ပြီး နောက်ဘေးတံခါးက Slide Door ဖြစ်ပါတယ်။ Economy ကားဖြစ်တဲ့အတွက် စထုတ်တဲ့မိုဒယ်ကနေ နောက်ဆုံးမိုဒယ်အထိ ဘော်ဒီ ဒီဇိုင်းမပြောင်းဘဲ ရှေ့ရှဲတွေကိုသာ ရုပ်ပြောင်းအနေနဲ့ ထုတ်လုပ်ထားပါတယ်။ ဂရိတ် ငါးခုရှိပြီး မှန်ကာလာနဲ့ နောက်ဝိုက်ပါ ပါရှိပါတယ်။ RX ဂရိတ်မှာ အလွိုင်းဆိုက် ၁၃ လက်မဖြစ်သွားပါတယ်။

စျေးနှုန်း

Mitsubishi Town Box ၂ဝဝ၉၊ ၂ဝ၁ဝ မိုဒယ်ကို ဝယ်ယူမယ်ဆိုရင် ရန်ကုန်လိုင်စင် ဖြစ်မဖြစ်နဲ့ အက္ခရာ အနိမ့်အမြင့်အပေါ် မူတည်ပြီး ကျပ်သိန်း ၁၂ဝ ကနေ ၁၃ဝ ဝန်းကျင်ကြားရှိပါတယ်။

 

Daihatsu Atrai Minivan ကို ၁၉၈၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အင်ဂျင်နဲ့နည်းပညာပိုင်းကတော့ Daihatsu Hijet ကို အခြေခံထားတာဖြစ်ပါတယ်။ Daihatsu Atrai ကို Minibus အသေးစားအဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပြီး ဒီကားရဲ့အမည်နာမကို ပြင်သစ်ဘာသာစကား Charming ၊ ဂျပန်လို Attrai (ဆွဲဆောင်မှုနှင့်ပျော်ရွှင်မှုပြည့်ဝသော)ဆိုတဲ့အဓိပ္ပာယ်နဲ့ ပေးထားတာဖြစ်ပါတယ်။ ဥရောပမှာ Atrai ကို Hijet နဲ့အပြိုင် မှာယူမှုများတဲ့အတွက် စျေးကွက်အောင်မြင်မှုရတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကားစျေးကွက်မှာတော့ ၆၆ဝ စီစီ Minivan တွေကို Wagon ကားတွေအတိုင်း အခွန်ကောက်ခံတဲ့အတွက် Carry Truck တွေနဲ့ယှဉ်မယ်ဆိုရင် ကျပ်သိန်း သုံးဆယ်လောက် စျေးပိုများပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Daihatsu Atrai က တခြား ၆၆ဝ စီစီ Minivan တွေထက် အတွင်းဂရိတ် ပိုမြင့်ပါတယ်။ ဘေး Slide Door အပါအဝင် တံခါး လေးချပ်ဖြစ်ပြီး ငါးယောက်စီးအမျိုးအစားဖြစ်ပါတယ်။ ပစ္စည်းတင်တဲ့ နောက်ခန်းကလည်း ကျယ်ဝန်းပြီး နောက်ထိုင်ခုံတွေကိုလည်း ခေါက်ပြီး အသုံးပြုနိုင်ပါတယ်။ ၂ဝ၁ဝ မိုဒယ်မှာ Custom Turbo R ၊ Custom Turbo RS ၊ Custom Turbo RS Limited စတဲ့ ဂရိတ်တွေရှိပြီး ပါဝါတံခါး နှစ်ချပ်နဲ့ Aircon Auto ဖြစ်ပါတယ်။ မှန်ချိုးမှန်ခေါက်၊ ဘက်မှန်မီးခြောက်နဲ့ မှန်ကာလာလည်း ပါရှိပါတယ်။ Limited ဂရိတ်မှာဆိုရင် ရှေ့နောက်ထိုင်ခုံ လက်တင်ပါရှိသလို Push-start ဖြစ်တာများပါတယ်။

စျေးနှုန်း

Daihatsu Atrai Minivan ရဲ့ ပေါက်စျေး ကတော့ Push-start  ဖြစ်ပြီး ထိုင်ခုံလက် တင် ပါတယ်ဆိုရင် ကျပ်သိန်း ၁၄ဝ ဝန်း ကျင်ရှိပြီး ပုံမှန်ဂရိတ်ကတော့ ကျပ်သိန်း ၁၃ဝ ဝန်းကျင်ရှိပါတယ်။

 

Every ကို ကမ္ဘာ့ထိပ်တန်း Kei ကားတွေထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Suzuki ကုမ္ပဏီက ၁၉၆၄ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်အထိ မျိုးဆက် ၁ဝ ခု ရှိသွားခဲ့ပြီးဖြစ်ပါတယ်။ Suzuki Every ကို ပုံစံတူ အတုယူပြီး ထုတ်လုပ်ထားတဲ့ Microvan တစ်မျိုးကတော့ Mazda Scrum ဖြစ်ပြီး ပုံသဏ္ဌာန်၊ Chassis ၊ အရွယ်အစား၊ အလေးချိန်(Dimensions)ကအစ တူပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်

Grade အားလုံးမှာ ရှေ့နောက် Airbag  တွေပါရှိပေမဲ့ Power Window ကတော့ Join ၊ Join Turbo Grade တွေမှာသာ ပါရှိပါတယ်။  ၂ဝ၁ဝ မိုဒယ်ကားအားလုံးမှာ မှန်ကာလာပါပြီး နောက်ဝိုက်ပါ ပါရှိပါတယ်။ Grade အားလုံးအတွက် Aircon ကတော့ Manual  ဖြစ်ပါတယ်။ Carry Truck ရဲ့ နောက်ခုံကိုခေါက်ထားမယ်ဆိုရင် Carry Truck နောက်ခန်းအတိုင်း ပစ္စည်းသယ်ယူလို့ ရပါတယ်။ တချို့နယ်တွေမှာဆိုရင်  Every ကို Ambulance အနေနဲ့ အသုံးပြုကြတာတွေ့ရပါတယ်။

စျေးနှုန်း

Suzuki Every  ၂ဝ၁ဝ မိုဒယ်ကို Grade ကွာခြားချက်နဲ့ Auto Gear ၊ Manual Gear အပေါ်မူတည်ပြီး ကျပ်သိန်း ၁၂ဝ ကနေ ၁၃ဝ အထိရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here