Best Choice

849

ဘယ်မောင်းကားတွေကို ဦးစားပေးတင်သွင်းခွင့်ပြုမယ့် လာမယ့်နှစ်အတွက် ကားမူဝါဒတွေကို ဒီလမကုန်ခင်မှာ ထုတ်ပြန်ပေးဖို့ရှိတဲ့အတွက် ညာမောင်းကားတွေ အရောင်းအဝယ်ဖြစ်နေပါတယ်။ အထူးသဖြင့် ၁၃ဝဝ စီစီ ညာမောင်းကားလေးတွေ အဝယ်လိုက်နေပြီး ဒီကားတွေထဲက အင်ဂျင်ပါဝါနည်းပြီး လူငယ်ကြိုက်ကားတွေဖြစ်တဲ့ Mitsubishi Colt ၊ Suzuki Splash နဲ့ Toyota IQ  တို့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

 

Mitsubishi Colt

Mitsubishi ထုတ်ကားတွေထဲမှာ Colt က သက်တမ်းအရင့်ဆုံးဖြစ်ပြီး ၁၉၆၂ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အတွင်းမှာ Colt 600 ၊ 800 ၊ 1000 ၊ 1100 ၊ 1200 ၊ 1500 နဲ့ ၁၉၉၈ ခုနှစ်ကနေ ၂ဝဝ၂ ခုနှစ်အတွင်းမှာ Mirage စတဲ့ Sub-Brand တွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ အခုလမ်းပေါ်မှာ မြင်တွေ့နေရတဲ့ Colt ဒီဇိုင်းအသစ်ကိုတော့ ၂ဝဝ၂ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံသား Olivier Boulay က ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Colt မှာ Limited ၊ Very ၊ Cool Very ၊ 1.3RX စတဲ့ ဂရိတ်တွေရှိပြီး Cool Very က ဂရိတ်မြင့်လို့ လူကြိုက်များပါတယ်။ ဂရိတ်အားလုံးက Aircon Auto ၊ မှန်ကာလာနဲ့ မှန်ချိုး/မှန်ခေါက် ဖြစ်ပြီး နောက်ဝိုက်ပါ ပါရှိပါတယ်။ Cool Very ဂရိတ်မှာတော့ ရှေ့ထိုင်ခုံ ဆက်သွားသလို နှင်းခွဲမီးလည်း ပါသွားပါတယ်။ 1.3RX ဂရိတ်မှာ ထိုင်ခုံနဲ့ Dashboard က အနက်ရောင် ဖြစ်သွားပြီး အလွိုင်းဆိုက် ၁၅ လက်မနဲ့ ရှေ့လက်တင် ပါသွားပါတယ်။ Colt ရဲ့ ထူးခြားချက်က Key Remote နဲ့ မှန်ချိုး/မှန်ခေါက် ပြုလုပ်နိုင်သလို Driver ဘက်က မှန်ကိုလည်း အတင်/အချ ပြုလုပ်နိုင်ပါတယ်။

 

စျေးနှုန်း

Mitsubishi Colt ၂ဝဝ၉၊ ၂ဝ၁ဝ မိုဒယ်ကို ဝယ်ယူမယ်ဆိုရင် အက္ခရာနဲ့ ကားအခြေ အနေအပေါ်မူတည်ပြီး စျေးကွာဟချက် ရှိပါတယ်။ ရန်ကုန်လိုင်စင် H ၊ I ၊ J အက္ခရာတန်းဆိုရင် ကျပ် ၁၁၅ သိန်းကနေ ကျပ် ၁၂၅ သိန်းဝန်းကျင်ရှိပြီး Cool Very ဖြစ်ရင်တော့ ပုံမှန်ဂရိတ်ထက် ကျပ်ငါးသိန်း လောက် စျေးပိုများပါတယ်။

 

Suzuki Splash

Suzuki Splash နဲ့ ဂျာမနီကားကုမ္ပဏီ Adam Opel AG တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့အတွက် ဥရောပဆန်တဲ့ အငွေ့အသက်တွေ တွေ့ရပေမဲ့ ကားဒီဇိုင်းနဲ့ အတွင်းဂရိတ်အခြေအနေတွေကြောင့် Suzuki Swift လောက် စျေးကွက်အောင်မြင်မှု မရသေးပါဘူး။ Suzuki Splash ကို ၂ဝဝ၈ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး နှစ်စဉ်မထုတ်လုပ်တဲ့အတွက် ၂ဝ၁၄ ခုနှစ်အထိကို မိုဒယ် ငါးခုပဲ ရှိပါသေးတယ်။ ဒီကားကို Opel ကားကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး Opel Agila ကားရဲ့ဒီဇိုင်းကို အနီးစပ်ဆုံးယူထားတာ ဖြစ်ပါတယ်၊

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

မိုဒယ်တစ်ခုကို ဂရိတ်တစ်မျိုးတည်းနဲ့ပဲ ထုတ်လုပ်ထားတဲ့အတွက် မြန်မာပြည်ကထုတ်လုပ်တဲ့ Suzuki Ertiga လိုပဲ ရွေးချယ်စရာဆိုရင် ကားအရောင်ပဲရှိပါတယ်။ ၂ဝ၁၁ မိုဒယ်မှာဆိုရင်လည်း Base Grade တစ်မျိုးတည်းကိုပဲ ထုတ်လုပ်ထားပြီး နောက် Spoiler ၊ နောက် Wiper ပါရှိပေမဲ့ ဘက်မှန်မီးခြောက်မပါဘဲ ပါးခြမ်းမီးပဲ ပါပါတယ်။ နောက်ပြီး Suzuki Swift လို Digital Aircon မဟုတ်ဘဲ လက်လှည့်ပဲ တပ်ဆင်ထားပါတယ်။ ဒီကားရဲ့ အားသာချက်ကတော့ အလွိုင်းဆိုက် ၁၅ လက်မ ဖြစ်သွားတဲ့အတွက် ကားအောက်ပိုင်း အနည်းငယ်မြင့်သွားပါတယ်။

 

စျေးနှုန်း

Suzuki Splash ကို ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူမယ်ဆိုရင် သူ့ရဲ့ စျေးတန်းက Suzuki Swift အောက်မှာ ရှိတဲ့အတွက် အက္ခရာနဲ့ ကားအခြေအနေအပေါ်မူတည် ပြီး ကျပ် သိန်း ၁၂ဝ နဲ့ ၁၃ဝ ကြားမှာ ဝယ်လို့ရပါတယ်။

 

Toyota IQ100G

Toyota ကနေ IQ100G ကို ဥရောပစျေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်လို့ ဒီဇိုင်းရေးဆွဲတဲ့နေရာမှာ Toyota European Design And Development  (Toyota ED2)အတိုင်း ဒီဇိုင်းဆွဲထားပါတယ်။ ဒီကားကို ၂ဝဝ၈ ခုနှစ်ကမှ စတင်ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်တဲ့နှစ်မှာပဲ Japanese Car of the Year ဆုကို ရရှိခဲ့ပါတယ်။ IQ ရဲ့ ဂုဏ်ပုဒ်တွေကတော့ ထင်ရှားပြီး သီးခြားရပ်တည်ခြင်း (Individuality) ၊ ဆန်းသစ်တီထွင်မှု (Innovation) ၊ ထက်မြက်ခြင်း(Intelligence) ၊ အရည်အသွေးပြည့်ဝခြင်း(Quality) တို့ဖြစ်ပါတယ်။ ဒီကားနဲ့ ဒီဇိုင်းဆင်တဲ့ ဥရောပထုတ်ကားကတော့ Aston Martin Cygnet ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်

IQ100G ကို အန်စာတုံးပုံသဏ္ဌာန်(Cubic Shape) ဒီဇိုင်းရေးဆွဲထားပြီး Toyota က ထုတ်တဲ့ ၁ဝဝဝ စီစီ ကားချင်းယှဉ်ရင် အတွင်းဂရိတ်တွေ အများကြီးသာပါတယ်။ တံခါးနှစ်ပေါက် လေးယောက်စီးဖြစ်ပြီး ထိုင်ခုံတွေက ပြိုင်ကားခုံတွေလို သွယ်တန်းရှည်လျားပါတယ်။ IQ100G ၂ဝ၁ဝ မိုဒယ်မှာ GO ၊ Leather Package စတဲ့ဂရိတ်တွေရှိပြီး Leather Packge ဂရိတ်က အမြင့်ဖြစ်လို့ Digital Aircon ၊ Smart-key ၊ Push-start ၊ Steering Volume Control စတာတွေ ပါရှိသလို ၁၅ လက်မရှိတဲ့ Original Alloy လည်း ပါပါတယ်။

 

စျေးနှုန်း

၂ဝ၁ဝ မိုဒယ် IQ100G ရဲ့စျေးက ရိုးရိုး ဂရိတ်ဆိုရင် ကျပ်သိန်း ၁၂ဝ ဝန်းကျင်ရှိပြီး Leather Package ဖြစ်သွားရင်တော့ ကျပ်သိန်း ၁၃ဝ အထက်မှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here