Bentley Bentayga တွင် ပါဝင်သည့်နည်းပညာများ

494

Bentayga SUV သည် ကမ္ဘာ့ထိပ်တန်း ကားအမှတ်တံဆိပ်ဖြစ်သည့် ဗြိတိသျှထုတ် Bentley ၏ ပထမဆုံးမွေးဖွားသော Luxury and Exotic SUV ဖြစ်သည်။ ယင်းကားသည် Best of the Best ဟု တင်စားရနိုင်သည့်ကားဖြစ်ပြီး ပြည့်စုံမှုများစွာဖြင့် ဖန်တီးထားသည့် ကားမိုဒယ်လည်းဖြစ်သည်။ ယင်းသို့ Bentayga SUV ၏ ထူးခြားသည့်အချက်များစွာ အနက် ၂၁ ရာစု၏ ရေစီးကြောင်းတစ်ခုဖြစ်သော နည်းပညာများကို ယခုဆောင်းပါးတွင် က@အလိုက် ရေးသားတင်ဆက်ပါမည်။
ကမ္ဘာ့ ကားနည်းပညာလောကတွင် ဦးဆောင်အမှတ်တံဆိပ်ဖြစ်သည့် Bentley ၏ အစဉ်အဆက်နည်းပညာဖန်တီးမှုများသည် အထူးညွှန်းဆိုရန် မလိုလောက်အောင် ထင်ရှားပါသည်။ Bentley ကားများကို တန်ဖိုးထားဝယ်ယူသော ကားချစ်သူများအတွက် Bentley မှ သာမန်ထက် များစွာထူးခြားသည့်လက်ရာ နှင့် လက်မှုဖန်တီးမှု၊ အထူးအဆင့်မြင့် လုံခြုံရေးနှင့် အောက်ပိုင်းစနစ်များ၊ ကြာရှည်အသုံးပြုနိုင်သည့် ကိုယ်ထည်၊ အသေးစိတ်ဆန်စွာ ဖန်တီးထားပြီး High End ပစ္စည်းများဖြင့်သာ တွေ့မြင်ရမည့် ကားအတွင်း/ အပြင် ဖန်တီးတည်ဆောက်မှု၊ အထူးစွမ်းအားမြင့်ပြီး ထိပ်တန်းစွမ်းဆောင်ရည်ရှိသည့် W12 Engine စသည့် တန်ဖိုးကြီး လက်ဆောင်များအပြင် အမြဲခေတ်မီဆန်းသစ်သည့် နည်းပညာနှင့် ထိပ်တန်းအရည်အသွေးရှိသည့် ပါဝင်မှုများကို အစဉ်အမြဲပေးအပ်ပါသည်။ ယင်းအစဉ်အလာကို ကျင့်သုံးသည့် Bentley ၏ ပထမဆုံးသော New SUV Model Bentayga တွင် ပါဝင်သည့် နည်းပညာများကို စာဖတ်ပရိသတ်များအတွက် ရေးသားတင်ဆက်လိုက်ပါသည်။
Naim Audio
Bentayga ၏ များစွာသော နည်းပညာများအနက် Naim Audio သည် ချန်လှပ်ထား၍မရသည့် အသံစနစ်ဖြစ်ပြီး မြင့်မားသော အဆင့်အတန်းကိုလည်း ထင်ဟပ်စေသည့် Feature ဖြစ်သည်။ စပီကာ အလုံးနှစ်ဆယ်ဖြင့် ဖွဲ့စည်းထားသည့် ဗြိတိသျှတို့၏ Hi-Fi Audio သည် စုစုပေါင်းအသံပါဝါ ၁,၉၂ဝ ဝပ်ကို ထုတ်လုပ်ပေးပြီး 300 W Sub-Woofer ၊ Super Tweeter နှစ်စုံတို့သည်လည်း ကားအတွင်းရှိ အသံဖြန့်ဖြူးခြင်းအား အထူးပြုလုပ် ဖန်တီးပေးမည် ဖြစ်သည်။ Naim Audio ကို ယေဘုယျအားဖြင့် အကောင်းမွန်ဆုံးဖြစ်သော လျှပ်ကာပစ္စည်းဖြင့် (NVH) ချိတ်ဆက်ထားပြီး ယင်းမှ ကျယ်ဝန်းသော Equailser Setting ရရှိနိုင်ကာ အသံကူးပြောင်းမှုအား စနစ်၏မူလအရင်းအမြစ်မှတစ်ဆင့် ကားအတွင်းရှိ နားဆင်လိုသူ သတ်မှတ်သည့် စပီကာနေရာများသို့ အတိအကျပေးပို့နိုင်မည်ဖြစ်သည်။ ဥပမာ – ကားအတွင်း ဖြန့်ကြက်ထားသည့် စပီကာများအနက် နားဆင်သူသည် သီချင်း၊ Bass ၊ အသံတို့ကို ၎င်းတို့ စိတ်ကြိုက်ဖြစ်သည့်နေရာသို့ ကူးပြောင်းပြီး အကြည်လင်ဆုံးနားဆင်နိုင်မည့်စနစ် ဖြစ်သည်။ အသံထွက်ရှိရာတွင် ကြည်လင်ပြတ်သားမှု၊ အနိမ့်/အမြင့် မှန်ကန်မှု၊ အသံနှင့် နောက်ခံတီးလုံးတို့ ညီမျှမှုစသည့်အချက်များကို Naim ၏ စပီကာများမှ ဖန်တီးမည်ဖြစ်သည်။ အထူးအားဖြင့် Naim ၏ စပီကာများသည် ထူးခြားသော အသံဆိုင်ရာစွမ်းဆောင်ရည်ဖြင့် Bentayga ၏ အနေအထားနှင့်ထိုက်တန်သော ဖျော်ဖြေရေး အဆင့်အတန်းအဖြစ် ထင်ဟပ်နေပါသည်။
Seat Setting
Bentayga SUV ၏ ထိုင်ခုံများသည် ခရီးသည် လေးဦးစီး ပုံစံဖြစ်ပြီး အနောက်ဘက်၌ သီးခြားထိုင်ခုံ နှစ်ခုပါရှိမည်။ ထိုင်ခုံများတွင် မှော်အတတ်ပညာဖြင့် ဖန်တီးထားသကဲ့သို့ အထူးအဆင့်မြင့် ထိုင်ခုံချိန်ညှိခြင်းအပိုင်းများ ပါရှိမည်ဖြစ်သည်။ Bentayga ၏ ရှေ့ခန်းထိုင်ခုံကို အနေအထား ၂၂ မျိုး ပြောင်းလဲချိန်ညှိနိုင်မည် ဖြစ်ပြီး ယင်းတွင် ခုံမြှင့်ခြင်း၊ ဆင်ခြေလျှောပုံစံ၊ အကွာအဝေးချိန်ခြင်းနှင့် Lumbar စနစ်များ ဆောင်ရွက်နိုင်မည့်အပြင် တစ်မျိုးနှင့်တစ်မျိုး သိသာစွာ ကွဲပြားသည့် Massage ပုံစံငါးမျိုးလည်း ပါရှိပါမည်။ ထိုင်ခုံချိန်ညှိမှု အားလုံးကို ခုံဘေးအောက်ဘက်ရှိ ခလုတ်အုံမှတစ်ဆင့်၊ သို့မဟုတ် ယာဉ်၏ Infotainment System မှ တစ်ဆင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ အထူးအားဖြင့် Massage ပုံစံငါးမျိုးသည် ခရီးဝေးသွားလာရာတွင် ခန္ဓာကိုယ်အား မယုံကြည်နိုင် လောက်အောင်ပေါ့ပါးပြီး သက်သောင့်သက်သာ ဖြစ်စေရန် ကူညီပေးမည်ဖြစ်သည်။ အလားတူ ထိုင်ခုံ ခါးပတ်များကို Electronic စနစ်ဖြင့် ခန္ခာကိုယ်နှင့် အဆင်ပြေမည့် အနေအထားသို့ ချိန်ညှိအသုံးပြုနိုင်မည့်အပြင် ခန္ခာကိုယ်လှုပ်ရှားမှုအတိုင်း ခါးပတ်ကျုံ့/ ဆန့်ခြင်းကိုလည်း အလိုအလျောက် ပြုလုပ်ပေးမည် ဖြစ်သည်။ ထိုင်ခုံ လေးခုစလုံး၌ Memory Setting နှစ်ဆင့် ပါဝင်မည်ဖြစ်၍ အသုံးပြုသူစိတ်ကြိုက် Customize ပြုလုပ်နိုင်မည် ဖြစ်သည်။ အထူးအားဖြင့် Bentley သည် Bentayga ထိုင်ခုံအားလုံး၌ ခုံရွှေ့ခြင်း ခလုတ်များကို အပြည့်အစုံ ထည့်သွင်းထားပါသည်။ ထိုင်ခုံများကို တန်ဖိုးအလွန်ကြီးသည့် သားရေများဖြင့် လှပစွာချုပ်လုပ်ထားပြီး စိန်မှန်ကူကွက်ကဲ့သို့ အသေးစိတ် လက်ရာချုပ်ရိုးများအပြင် အလူမီနီယမ်လိုင်း များကိုလည်း ထိုင်ခုံများ၌ ထူးခြားစွာ တန်ဆာဆင်ထားပါသည်။
Rear Touch Screen Remote
Bentayga SUV အတွင်းခန်းရှိ အနောက်ထိုင်ခုံများသည် သီးခြားပုံစံဖြစ်ပြီး ယင်းထိုင်ခုံများအကြား၌ Center Console တစ်ခု ပါရှိပါသည်။ ထိုင်ခုံများ၏ အရှေ့တွင် လေထွက်ပေါက်များနှင့် Multiple Setting ဆောင်ရွက်နိုင်သည့် Touch Screen ပါရှိပါမည်။ ယင်း Touch Screen မှ နေ့၊ ရက်၊ လက်ရှိ Driving Mode၊ Digital Speedometer ၊ ဖျော်ဖြေရေးဆိုင်ရာ Channel များ ရွေးချယ်ခြင်း၊ နောက်ခန်းထိုင်ခုံ အပူ/ အအေးပေးစနစ်နှင့် Massage စနစ်နှင့် Chauffeured ထိုင်ခုံရှိ ခရီးသည်မှ ၎င်း၏ အရှေ့ထိုင်ခုံအား ရွှေ့ရန် ထိန်းချုပ်ခြင်း စသည့် လုပ်ငန်းများဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထူးခြားချက်များမှာ အဆိုပါ Touch Screen ကို နေရာမှဖြုတ်ယူ၍ အဝေးထိန်းပစ္စည်းကဲ့သို့ အသုံးပြုနိုင်ပြီး အသုံးပြုပြီးပါက ၎င်း နေရာအံအတွင်းသို့ အသာအယာကပ်ထားရုံဖြင့် လျှပ်စစ်စနစ်ဖြင့် နေရာတကျဖြစ်သွားမည်ဖြစ်သည်။ ယင်း Remote Touch Screen ကို နောက်ဆုံးပေါ် Bentley Model အားလုံး၌ တပ်ဆင်ထားပါသည်။
မီတာဒိုင်ခွက်အုံ(Instrument Cluster)
Bentley Bentayga ၏ မီတာဒိုင်ခွက်အုံ (Instrument Cluster) ၌ လျှပ်စစ်စနစ်သုံး လှုပ်ရှားမှုစနစ် ဖြင့် ဖန်တီးထားသည့် ရည်ညွှန်းမြားတံများကို Speedometer နှင့် Techometer များတွင် ထည့်သွင်းထားသည်။ ဒိုင်ခွက်အလယ်ရှိ Digital Panel မှ ယာဉ်၏ သတင်းအချက်အလက်၊ Setting အားလုံးကို ကြည့်ရှု၊ ထိန်းချုပ်နိုင်ပါမည်။ Digital Speedometer ၌ ခရီးမိုင်၊ နေ့ရက်နှင့် အချိန်၊ ကား၏အခြေအနေပြဇယားချပ်၊ ဖျော်ဖြေရေး၊ တယ်လီဖုန်းအဆက်အသွယ်၊ 3D Navigation နှင့် Terrain ဆိုင်ရာသတင်းအချက်အလက်များကို ကြည့်ရှုထိန်းချုပ်နိုင်မည်။ ထိန်းချုပ်ခလုတ်များကို စတီယာရင်၏ ဘယ်/ညာ အခြမ်းများ တွင် အစီအစဉ်တကျ ထားရှိပါသည်။
The Drive
Bentley Bentayga တွင် အင်ဂျင်အနေဖြင့် 6.0 L W12 Twin-Turbo Petrol Engine ၊ 608 hp ၊ 900 Nm of Torque အင်ဂျင်စနစ်နှင့် ZF 8-Speed Auto Gearbox တို့ကို တွဲဖက်တပ်ဆင်ထားပါသည်။ ယင်းတို့၏ လိမ်လှည့်အား(Torque) ကို အနောက်ဘက် ဝင်ရိုးသို့ ၆ဝ ရာခိုင်နှုန်း၊ အရှေ့ဘက်ဝင်ရိုးသို့ ၄ဝ ရာခိုင်နှုန်း ခွဲဝေထားပါသည်။ စွမ်းဆောင်ရည်အနေဖြင့် သုညီကီလိုမှ ကီလိုတစ်ရာရောက်ရန် အချိန် ၄ ဒသမ ၁ စက္ကန့်သာ ကြာမြင့်မည်ဖြစ်သည်။ အဆိုပါ စနစ်တွင် Terrain Setting အပါအဝင် အမျိုးအစား ရှစ်ခု ပါရှိသည့် Drive Mode ကို ရှေ့ဘက် Center Console တွင်ထည့်သွင်းထားမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here