Bajaj RE သုံးဘီးဆိုင်ကယ်များ တင်သွင်းရောင်းချလျက်ရှိသော Power Moto ကုမ္ပဏီမှ Digital Marketing တာဝန်ခံ ကိုအာကာမင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

218

မြန်မာနိုင်ငံမှာ ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက ကုန်တင်သုံးဘီးဆိုင်ကယ်တွေကို လူရော၊ ကုန်ရော နှစ်မျိုးအသုံးပြုလာတာ နှစ်နဲ့ချီခဲ့ပြီ ဖြစ်ပါတယ်။ ခေတ်ကာလ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ မန္တလေးမြို့ Power Moto ကုမ္ပဏီက အိန္ဒိယနိုင်ငံထုတ် ခရီးသည်တင်သီးသန့် Bajaj RE သုံးဘီးဆိုင်ကယ်များကို တင်သွင်းရောင်းချလာပါတယ်။ အခုဆိုရင် မန္တလေးမြို့ အပါအဝင် ပုဂံ-ညောင်ဦး၊ စစ်တွေ စတဲ့ ဒေသတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ဒါကြောင့် Bajaj RE သုံးဘီးဆိုင်ကယ်တွေကို တင်သွင်းရောင်းချနေတဲ့ Power Moto ကုမ္ပဏီ က Digital Marketing တာဝန်ခံဖြစ်သူ ကိုအာကာမင်းနဲ့ တွေ့ဆုံပြီး Bajaj RE အကြောင်း မေးမြန်းဖြစ်ခဲ့သမျှ ပြန်လည်ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

Automobile    : Bajaj RE သုံးဘီးတွေကို မြန်မာနိုင်ငံထဲ တင်သွင်းလာတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ တင်သွင်းဖြစ်ခဲ့တာလဲ …

K.A.K.M        : ကျွန်တော်တို့ Bajaj RE သုံးဘီးတွေကို စသွင်းလာတာ တစ်နှစ်ခွဲဝန်းကျင်လောက် ရှိသွားပြီ။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးက@က ရန်ကုန်၊ မန္တလေးပဲ ဖွံ့ဖြိုးသေးတာ။ တခြားဒေသတွေမှာက မဖွံ့ဖြိုးသေးဘူး၊ ရန်ကုန်၊ မန္တလေးမှာက ဘတ်စ်ကား၊ Taxi အရမ်းပေါတယ်။ တခြားမြို့တွေမှာ ဘတ်စ်ကား၊ Taxi ရှားတယ်။မြန်မာနိုင်ငံမှာက စီးပွားရေးလည်း အထိုက်အလျောက် ဖွံ့ဖြိုးလာတော့ ကျွန်တော်တို့ဘက်ကလည်း သယ်ယူပို့ဆောင်ရေးက@မှာ တစ်ထောင့်တစ်နေရာပါဝင်တဲ့အနေနဲ့ ရောင်းချပေးဖြစ်သွားတာပါ။

Automobile    : လက်ရှိ Bajaj RE Showroom ဘယ်နှခုရှိလဲ။ ကိုယ်စားလှယ်ရော ဘယ်နှဦးလောက် ခန့်အပ်ထားပြီးပြီလဲ …

K.A.K.M        : ပင်မ Showroom ကတော့ အထက်မြန်မာပြည်မှာ မန္တလေးမြို့၊ အောက်မြန်မာပြည်မှာ ရန်ကုန်မြို့ရှိမယ်။ နယ်တွေကတော့ ကလေး၊ စစ်တွေ၊ ပြည်၊ တောင်ငူ၊ တောင်ကြီး စတဲ့ မြို့ပေါင်း ၂၂ မြို့မှာ ဖြန့်ဖြူးရောင်းချနေပါတယ်။

Automobile    : အခုဆို မန္တလေးမှာ Bajaj RE သုံးဘီးဆိုင်ကယ်တွေ အစီးရေတော်တော်များများ တွေ့နေရတယ်ပေါ့။ ကုမ္ပဏီဘက်ကရော အစီးဘယ်လောက်အထိ ရောင်းချထားပြီးပြီလဲ။ နောက်ပိုင်းရော ဘယ်လောက်အထိ ရောင်းချသွားနိုင်ဖို့ ရည်မှန်းထားလဲ …

K.A.K.M        : မန္တလေးမြို့မှာကတော့ ခန့်မှန်းခြေ အစီးလေးရာကျော်ကနေ ငါးရာဝန်းကျင်အထိ ရောင်းပြီးသွားပြီ။ မြန်မာတစ်နိုင်ငံလုံးပေါင်းလိုက်ရင်တော့ အစီးရေ ၄,၇ဝဝ ဝန်းကျင်လောက် ရောင်းချပေးပြီးသွားပြီ။ အခုဆိုရင် ပျမ်းမျှ တစ်လကို လက်လီရော၊ လက်ကားရော အစီးလေးရာကနေ ခုနစ်ရာကြား ပုံမှန်ရောင်းရတယ်။ နောက်ပိုင်း ၂ နှစ်လောက်ကျရင်တော့ လစဉ် တစ်လကို အစီးငါးထောင်လောက်အထိ ရောင်းချနိုင်အောင် ကြိုးစားသွားဖို့ရှိတယ်။ ဒါကလည်း မြန်မာပြည်ရဲ့ အကျယ်အဝန်း၊ ခရီးသွားအရေအတွက်၊ လူဦးရေတိုးလာတဲ့အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ တွက်ချက်ထားတာပါ။ Cambodia မှာ တစ်လအစီးငါးထောင်လောက် ပုံမှန်ရောင်းရတော့ မြန်မာနိုင်ငံမှာလည်း အဲဒီတိုင်းဖြစ်လာမယ်လို့ ယုံကြည်ထားတယ်။

Automobile    : Bajaj RE သုံးဘီးဆိုင်ကယ်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေ ရှိရင်လည်း ပြောပြပေးပါဦး …

K.A.K.M        : သုံးဘီးဆိုင်ကယ်ထဲမှာဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် Bajaj RE က စွန့်ဦးသမားလို့ ပြောလို့ရတယ်။ ကမ္ဘာပေါ်မှာ သုံးဘီးဆိုင်ကယ်ရဲ့ လိုအပ်ချက်စျေးကွက်ကို စဖြည့်ခဲ့တာကလည်း Bajaj RE ပဲ။ ၁၉၈၇ ခုနှစ် ဝန်းကျင်လောက်ကတည်းကပေါ့။ သုံးဘီးဆိုင်ကယ်တစ်စီးကို ခရီးသည်တွေ သက်သောင့်သက်သာနဲ့ လုံလုံခြုံခြုံစီးနိုင်အောင် ရေးဆွဲထုတ်လုပ်ခဲ့တာကလည်း Bajaj RE ပါပဲ။ ဒါကြောင့် ဒီဇိုင်းဆွဲတဲ့နေရာမှာတော်သလို ထုတ်လုပ်တဲ့အခါမှာလည်း ထိုင်ခုံတွေကအစ သပ်ရပ်ပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ထိုင်နိုင်အောင် ဖန်တီးပေးထားတယ်။ ပြီးတော့ Suspension တွေ၊ ရှေ့ဖောက်/ခါး ဖောက်တွေဆိုရင်လည်း အကောင်းဆုံး အရည်အသွေးနဲ့ ကြမ်းတမ်းတဲ့နေရာတွေမှာကအစ မောင်းနိုင်အောင် ထုတ်ပေးထားတယ်။ သုံးဘီးဆိုင်ကယ်ဖြစ်ပေမဲ့လည်း နောက်မှာ ဘမ်ပါ ပါတယ်။ အဲဒီလို ဘမ်ပါထည့်ပေးထားတော့ နောက်ကနေ ယာဉ်တစ်စီးစီးက တိုက်မိခဲ့မယ် ဆိုရင်တောင် ဘမ်ပါက ထိခိုက်မှုတွေကို စုပ်ယူမှာဖြစ်တဲ့အတွက် ခရီးသည်ကို လုံခြုံမှုပေးနိုင်မယ်။ အင်ဂျင်ဆိုရင်လည်း DTSI နည်းပညာ၊ Spark Plug နှစ်လုံးနဲ့ သုံးပေးထားတယ်။ Spark Plug နှစ်လုံး သုံးပေးထားတာက ဆီစားသက်သာတယ်၊ အင်ဂျင်သံ ငြိမ်တယ်၊ အဆွဲအရုန်းတွေမှာ ပိုပြီးကောင်းသွားတယ်။ အင်ဂျင်ကို နောက်ခန်းမှာထိုင်ထားတာဖြစ်တဲ့အတွက် နောက်ကနေ တွန်းပို့ပေးသလိုဖြစ်တော့ အရုန်းပိုကောင်းတယ်။ ဓာတ်ဆီထည့်တဲ့အပေါက်ကိုလည်း ယာဉ်မောင်းရဲ့ရှေ့အနီးနားမှာ မဟုတ်ဘဲနဲ့ ကားတွေမှာလို နောက်မှာ တပ်ဆင်ပေးထားလို့ အန္တရာယ်တစ်ခုခုဖြစ်ရင်တောင် ယာဉ်မောင်းနဲ့ ခရီးသည်အပေါ်မှာ သက်ရောက်မှု နည်းပါးသွားစေမယ်။ ယာဉ်မောင်းရော၊ ခရီးသည်ရော ခြေထောက် အထားအသိုကအစ ကျစ်ကျစ်လျစ်လျစ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိုင်လို့ရအောင် ဖန်တီးပေးထားတယ်။ ယာဉ်မောင်းရဲ့ထိုင်ခုံအောက်မှာဆိုလည်း အခန်းငယ်လေးတွေပါတဲ့အတွက် ပစ္စည်းပစ္စယတွေ ထည့်လို့ရတယ်။ ပြီးတော့ တာယာဆိုလည်း ပြန့်ပြန့်ပြူးပြူးနဲ့ ကျယ်ပြန့်တဲ့ပုံစံမျိုး ဖန်တီးပေးထားတဲ့အတွက် မြေပြင်နဲ့ထိတွေ့တဲ့အခါ အချိုးအကွေ့တွေမှာ တည်ငြိမ်မှုရှိစေမယ်။ ဓာတ်ဆီအင်ဂျင်ကိုမှ အင်ဂျင်ပါဝါ 200 CC အပြည့်နဲ့ ထုတ်လုပ်ပေးထားပါတယ်။

Automobile    : Bajaj RE သုံးဘီးဆိုင်ကယ်တွေမှာ Spare Parts အခက်အခဲရှိတယ်။ မြန်မြန်ဆန်ဆန်မရဘူး ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်။ အဲဒီအတွက်ရော Customer တွေကို ဘယ်လို ပြောချင်လဲ …

K.A.K.M        : အရင်တုန်း Spare Parts လိုရင် အိန္ဒိယဘက်ကို ကုန်းကြောင်းကနေ မှာရတယ်။ မှာပြီးရင်လည်း Custom Duty မှာ ကြန့်ကြာတာ၊ လမ်းကြောင်းမှာ ကြန့်ကြာတာတွေလည်း ရှိတော့ Spare Parts မှာ မြန်မြန်ဆန်ဆန် မထုတ်ပေးနိုင်ဘူး။ အဲဒါနဲ့ Customer ဘက်က အပိုပစ္စည်းမရလို့ သုံးဘီး တစ်ရက်မဆွဲရရင် ဝင်ငွေတအားထိခိုက်တယ်ဆိုတာ သိလိုက်တဲ့အတွက် အပိုပစ္စည်းတင်သွင်းတဲ့ပုံစံကို ပြောင်းလိုက်တယ်။ နောက်ပိုင်းမှာ ဒေသတွင်း လိုအပ်ချက်များတဲ့ ပစ္စည်းကို စာရင်းပြုစုလိုက်တယ်။ ပြီးရင် Order တင်လိုက်တယ်။ Order တင်တဲ့အခါမှာလည်း ကုန်းကြောင်းကနေ မသွားတော့ဘဲ လေယာဉ်နဲ့ တိုက်ရိုက်ပို့တော့တယ်။ ပစ္စည်းရောက်တာနဲ့ ပစ္စည်းပြတ်နိုင်ခြေများတဲ့ Showroom ၊ ဒါမှမဟုတ် ကိုယ်စားလှယ်ဆိုင်ကို ကြိုပို့ပေးထားလိုက်တယ်။ အပိုပစ္စည်းနဲ့ပတ်သက်ရင် မြန်မြန်ဆန်ဆန်ရအောင် အခုစပြီး ဝန်ဆောင်မှုပေးနေပါပြီ။ ပြီးတော့ ကျွန်တော်တို့ကုမ္ပဏီမှာက Sales ၊ Spare Parts အပြင် Service ပါ ရပါတယ်။ ကိုယ်စားလှယ်တွေကိုပါ Spare Parts Knowledge ရယ်၊ Service Knowledge ရယ်၊ Maintenance Knowledge ရယ် Train လုပ်ပေးတယ်။ ဒါဆိုတော့ နယ်က ဝယ်ချင်တဲ့သူတွေအတွက်ပါ တစ်ခုခုလိုအပ်ချက်ရှိရင် ကိုယ်စားလှယ်နဲ့ ချိတ်ဆက်ပြီး ပြုပြင်တာတွေ၊ အကြံဥာဏ်ရယူတာတွေ လုပ်နိုင်တယ်။

Automobile    : အခုဆိုရင် မန္တလေးမှာ တချို့သုံးဘီးဆိုင်ကယ်တွေက ကြမ်းကြမ်းတမ်းတမ်းမောင်းတာလေး တွေရှိလာတော့ မြို့ခံတွေက ဝေဖန်ကြတာလေးတွေရှိတယ်။ အဲဒီအတွက်ရော ကုမ္ပဏီဘက်က ယာဉ်မောင်းတွေအတွက် သင်တန်းပို့ချတာမျိုးတွေ စီစဉ်ပေးဖို့ ရှိလား …

K.A.K.M        : အခုဆိုရင် ကျွန်တော်တို့ ကုမ္ပဏီကနေ သုံးဘီးဝယ်ထားတဲ့ Customer တွေကို ဖိတ်ပြီး သီးသန့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပို့ချပေးဖို့ စီစဉ်နေပါပြီ။ မီနီအိုးဝေကလည်း ကျွန်တော်တို့ဆီက ဝယ်ထားတဲ့ သုံးဘီးတွေပါပဲ။ သူတို့ကတော့ သူတို့သုံးဘီးသမားတွေကို သီးသန့်ခေါ် Train တာရှိတယ်။ ဒါကြောင့် Taxi ကုမ္ပဏီတွေကလူတွေ မဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ ဝယ်ထားတဲ့ သုံးဘီး Customer တွေကို ဖိတ်ပြီး သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့က ခေါင်းဆောင်တွေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပို့ချတာတွေ၊ ကုမ္ပဏီဘက်ကလည်း  Service Knowledge ပို့ချတာတွေ၊ ထိန်းသိမ်းပုံ ထိန်းသိမ်းနည်း Sharing လုပ်တာမျိုးတွေ မကြာခင် လုပ်ပေးသွားပါမယ်။

Automobile    : အရစ်ကျရော ဘယ်လိုပုံစံနဲ့ ရောင်းချပေးနေလဲ …

K.A.K.M        : အရစ်ကျဝယ်မယ်ဆိုရင် ကနဦးကို ၂,၃၄ဝ,ဝဝဝ စသွင်းရမယ်။ ကျန်တာကိုတော့ တစ်လကို လစဉ် ကျပ် ၁၆၃,၅ဝဝ နှုန်းနဲ့ ၁၃ လ ပုံမှန်သွင်းသွားရတဲ့ပုံစံမျိုးနဲ့ ရောင်းချပေးထားပါတယ်။ ပုံမှန်လက်လီစျေးက တစ်စီးကို ကျပ် ၃,၉၄ဝ,ဝဝဝ နဲ့ ရောင်းချပေးပါတယ်။ အရစ်ကျဝယ်ရင် အာမခံပေးမယ့်သူတစ်ယောက်လိုမယ်၊ အာမခံပေးမယ့်သူရော၊ ဝယ်မယ့်သူရော မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ၊ ပတ်စ်ပို့ဓာတ်ပုံ လေးပုံ အဲဒီငါးမျိုးလိုပါမယ်။ လာလျှောက်ရင်တော့ မူရင်းပြရပါမယ်။

Automobile    : Bajaj RE သုံးဘီးဝယ်ယူတဲ့ Customer တွေနဲ့ အပြင်မှာသုံးဘီးစီးနေကြတဲ့သူတွေအတွက် စကားလက်ဆောင်ပြောပေးပါဦး …

K.A.K.M        : Bajaj RE က ကိုယ်ပိုင်လုပ်ငန်းသစ်တစ်ခု စတင်မယ့်သူတွေနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အများကြီး အထောက်အကူပြုသလို စီးနင်းသူတွေလည်း မိုးလုံလေလုံနဲ့ သက်သောင့်သက်သာ သွားနိုင်အောင် ထုတ်လုပ်ပေးထားလို့ သုံးဘီးမောင်းသူရော၊ စီးသူရောကျေနပ်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ပြီးတော့ သုံးဘီးမောင်းသူတွေအနေနဲ့လည်း စည်းကမ်းရှိရှိနဲ့ မောင်းနှင်စေချင်သလို ပြည်သူလူထုကလည်း စျေးနှုန်းသက်သာပြီး လုံခြုံမှုဖြစ်စေတာကြောင့် ယုံကြည်မှုရှိရှိ စီးနင်းစေချင်တယ်။

Bajaj RE သုံးဘီး ဆိုင်ကယ်အရောင်းပြခန်းကို ဆက်သွယ်ချင်တယ်ဆိုရင်တော့

၆၂ လမ်း၊ မနော်ဟရီလမ်းမြောက်ဘက်၊ ဂေါ်သဇင်လမ်းထောင့်၊ မန္တလေးမြို့။

ဖုန်း ဝ၉-၂၅၇၈ဝ၁၈၉၈၊ ဝ၉-၇၈၆၈၆ဝဝ၁၃၊ ဝ၉-၄၄၂၄၂၉၁၁၈။

ကျော်ကျော်အောင် တွေ့ဆုံမေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here