Bajaj RE မှ အနည်းဆုံး ကျပ် တစ်သိန်းမှ လေးသိန်းအထိ အမျိုးအစားအလိုက် ဈေးလျှော့ရောင်းချ

192

 

မန္တလေး၊ ဇွန် ၁၁

မြန်မာနိုင်ငံတွင် ခရီးသည်တင်သုံးဘီးဆိုင်ကယ်များ ပထမဦးဆုံး တင်သွင်းဖြန့်ချိရောင်းချခဲ့သော Bajaj RE မှ Covid-19 ရောဂါ ထိန်းချုပ်ဆဲကာလ၌ အခြေခံလူတန်းစားများ ကိုယ်ပိုင်လုပ်ငန်းစတင်ထူထောင်ရာတွင် ဈေးသက်သက်သာသာဝယ်ယူနိုင်ရန် ရည်ရွယ်၍ သုံးဘီးဆိုင်ကယ်အမျိုးအစားအလိုက် အနည်းဆုံး ကျပ်တစ်သိန်းမှ ကျပ်လေးသိန်းအထိ ဈေးလျှော့ရောင်းချပေးလျက်ရှိကြောင်း Power Moto ကုမ္ပဏီမှ သိရသည်။

“တချို့သုံးဘီးအမျိုးအစားတွေကို ကျပ်တစ်သိန်းကနေ လေးသိန်းအထိ ဈေးလျှော့ပေးတယ်၊ တချို့အမျိုးအစားတွေကိုတော့ အကျိုးတော်ဆောင်ခ ကျပ် ငါးသောင်းပေးတာရှိသလို ကျပ် ၇၅,၀၀၀ အထိ တိုးပေးထားတယ်၊ အခု အစီအစဉ်က မန္တလေးအတွက် သီးသန့်လုပ်တာဖြစ်တဲ့အတွက် ဒီလကုန်နောက်ဆုံးထားဝယ်မှ အကျုံးဝင်မယ်” ဟု Bajaj RE ခရီးသည်တင်သုံးဘီးဆိုင်ကယ်များ၏ တစ်ဦးတည်းကိုယ်စားလှယ် Power Moto ကုမ္ပဏီမှ Marketing Manager ကိုအာကာမင်းက ပြောကြားသည်။

ယခုဝင်ငွေနည်းနေဆဲကာလ၌ အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် ဈေးလျှော့ရောင်းချပေးခြင်းဖြစ်ပြီး Bajaj RE ခရီးသည်တင်သုံးဘီးဆိုင်ကယ်များသာမက ကုန်တင်သုံးဘီးယာဉ်ဖြစ်သည့် Bajaj Maxima C ကိုလည်း မန္တလေးမြို့အတွက် ယခင် ကျပ် ၅၃ သိန်းဖြင့် ရောင်းချနေရာမှ ယခု ကျပ် ၄၉ သိန်းအထိ ဈေးလျှော့ရောင်းချပေးသွားမည့်အပြင် အကျိုးတော်ဆောင်ခ ကျပ် ငါးသောင်း ထပ်မံလျှော့ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် Bajaj Maxima Z လူစီးကုန်တင်ယာဉ်မှာ ယခင် ကျပ် ၅,၆၅၀,၀၀၀ ရောင်းချနေရာမှ ယခုလအတွင်းလာဝယ်သူများကို ကျပ် ငါးသောင်း အကျိုးတော်ဆောင်ခပေးသွားမည့်အပြင် Bajaj RE ခရီးသည်တင်သုံးဘီးဆိုင်ကယ် ဝယ်ယူသူများကို ယခင် ကျပ် ၄,၆၂၅,၀၀၀ ရောင်းချနေရာမှ ယခု ကျပ် ၄,၅၂၅,၀၀၀အထိ ဈေးလျှော့ရောင်းချပေးသွားမည်ဖြစ်ကြောင်း Power Moto ကုမ္ပဏီမှ သိရသည်။

“Bajaj RE ခရီးသည်သုံးဘီးထဲက အဖြူရောင်ကလွှဲလို့ တခြားအရောင်တွေဝယ်မယ်ဆိုရင် ပုံမှန်ရောင်းဈေးထက် ကျပ် သုံးသိန်းလျှော့ပေးတယ်၊ အဖြူရောင်ဆိုရင်တော့ ကျပ်တစ်သိန်းလျှော့ပေးတယ်၊ ပြီးတော့ ဝယ်ယူမယ့်သူတစ်ဦးဦးကို မိတ်ဆက်ပေးရင် အကျိုးတော်ဆောင်ခ ကျပ် ၇၅,၀၀၀ ပါပေးမယ်” ဟု ယင်းကုမ္ပဏီမှ Marketing Manager ကိုအာကာမင်းက ထပ်မံဆိုသည်။

အဆိုပါသုံးဘီးဆိုင်ကယ်များကို မန္တလေးမြို့ ၇၄ လမ်းနှင့် ကျန်စစ်သားလမ်းထောင့်ရှိ Bajaj RE အရောင်းပြခန်းတွင် လက်ငင်းစနစ်သာမက ကနဦး ၅၀ ရာခိုင်နှုန်းအနည်းဆုံးပေးသွင်း၍ အရစ်ကျစနစ်ဖြင့်ပါ ဝယ်ယူနိုင်မည်ဖြစ်သည်။

Bajaj RE သုံးဘီးဆိုင်ကယ်သည် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ရောင်းအားအကောင်းဆုံး နံပါတ်တစ် အမှတ်တံဆိပ်ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် အင်ဂျင်နှင့်ဆက်စပ်ပစ္စည်းများကို ၂ နှစ်အာမခံ၊ သို့မဟုတ် ကီလိုမီတာ ၁၈၀၀၀ ဝန်ဆောင်မှုပေး၍ Power Moto ကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးလျုက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here