Bajaj  ၏  ၂ဝ၁၇  မိုဒယ်  Dominar 400  ဆိုင်ကယ်  တစ်နိုင်ငံလုံးသို့   စတင်ဖြန့်ချိ

2094

ကမ္ဘာပေါ်တွင် ဆိုင်ကယ်ထုတ်လုပ် မှု တတိယအများဆုံးဖြစ်သော အိန္ဒိယနိုင်ငံထုတ် Bajaj ၏ ၂ဝ၁၇ မိုဒယ် Dominar 400  ဆိုင်ကယ်သစ်ကို နိုဝင်ဘာ ၇ ရက်က မန္တလေးမြို့ မနော်ဟရီလမ်း၊ လမ်း  ၆ဝ နှင့် ၆၁ လမ်းကြားရှိ  Easy Rider Motorbike ကုမ္ပဏီအရောင်းပြခန်း၌ မိတ်ဆက်ပေးခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးသို့ စတင်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

”အခု မိတ်ဆက်တဲ့ Bajaj Dominar 400  က အိန္ဒိယမှာလည်း ဒီနှစ်ထဲမှာထွက်ထားတယ်၊ မြန်မာနိုင်ငံမှာတော့ အခုမှ စသွင်းပြီး တစ်နိုင်ငံလုံးစျေးကွက်ထဲ ဖြန့်လိုက်ပါပြီ၊ အရင်ကတော့ Bajaj ကနေ ဘီးကြီးဆိုင်ကယ်အမျိုး အစား ခုနစ်မျိုးတင်သွင်းထားတယ်၊ အခု Dominar 400 ကအမျိုးအစား ရှစ်ခုမြောက်ပေါ့”ဟု Bajaj ဆိုင်ကယ်၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ် ‘ Easy Rider Motorbike ကုမ္ပဏီ’ ဒါရိုက်တာ ဦးတင်ကျော်နန္ဒက ရှင်းပြသည်။

 

ယခု စျေးကွက်သို့ဖြန့်ချိလိုက် သည့် Bajaj Dominar 400   တွင် Bajaj ၏ မူပိုင်နည်းပညာဖြစ်သော DTSI အင်ဂျင် တပ်ဆင်ထားပြီး အင်ဂျင်ပါဝါ 400 CC ရှိသဖြင့် အရုန်းအဆွဲ စွမ်းဆောင်ရည်မြင့်မားစေသည့်အပြင် ဆီစားနှုန်း အထူးသက်သာစေရန် ထုတ်လုပ်ထားကြောင်း၊ ရှေ့ဘီးနှင့် နောက်ဘီးတွင်လည်း အဆင့်မြင့် ABS စနစ် တပ်ဆင်ထားသဖြင့် ဆိုင်ကယ်အရှိန်နှုန်းကို တိတိကျကျထိန်းချုပ်နိုင်မည်ဖြစ်ပြီး မှန်ကန်စွာ လုပ်ဆောင်ပေး မည့် Clutch စနစ်လည်းပါရှိကာ ရေတိုင်ကီပါဝင်သည့် အအေးပေးစနစ်ကို ထည့်သွင်းထားကြောင်း Easy Rider Motorbike ကုမ္ပဏီမှ သိရသည်။

 

”အခု Dominar 400  ဆိုင်ကယ်အမျိုးအစားက တစ်ရာကီလို မီတာကို ၈ ဒသမ ၂၃ စက္ကန့်အတွင်း ရောက်နိုင်တဲ့ အင်ဂျင် အဆင့်မြင့် နည်းပညာ သုံးထားပါတယ်၊ နောက်ထပ် ထူးခြားချက်က စပရင် နှစ်ထပ်ပါတဲ့ Momo Suspension အသုံးပြုထားပါတယ်”ဟု ‘ Easy Rider Motorbike ကုမ္ပဏီ’ General Manager ကိုချမ်းငြိမ်းဝင်းက ဆိုသည်။

 

Bajaj ၏ ၂ဝ၁၇ မိုဒယ်သစ် Dominar 400  တွင် မြန်နှုန်းမြင့်မားသည့်အချိန်၌ပါ ကုပ်အားကောင်းမွန်စေမည့် Sport Type Tyre များ အသုံးပြုထားပြီး နှစ်မျိုးပြ Digital ဒိုင်ခွက် တပ်ဆင်ထားကာ အမြင့်ဆုံး အမြန်နှုန်းမှာ ၁၄၈ ကီလိုမီတာအထိ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း Easy Rider Motorbike ကုမ္ပဏီမှ ထပ်မံသိရသည်။

 

စျေးကွက်အတွင်း စတင်ဖြန့် ချိလိုက်သည့် Promotion အထိမ်းအမှတ်အနေဖြင့် နိုဝင်ဘာ ၇ ရက် မှ ဒီဇင်ဘာ ၃၁ ရက်အတွင်းဝယ်ယူသူ Customer များကို မူရင်းစျေးနှုန်း ကျပ် ၄၁ သိန်းအစား အထူးစျေးနှုန်းကျပ် ၃,၉၅ဝ,ဝဝဝ ဖြင့် အမြို့မြို့အနယ်နယ်ရှိ Bajaj Showroom တိုင်းနှင့် အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

 

”အင်ဂျင်ပါဝါ 400 CC ကို အခု စျေးနှုန်းနဲ့ ဘယ် Brand မှာမှ မရရှိ ပါဘူး၊ အခု Bajaj Dominar 400  တစ်မျိုးတည်းပဲ စျေးကွက်ထဲမှာ အခုစျေးနှုန်းနဲ့ ရရှိနိုင်မှာပါ”ဟု ဒါရိုက်တာ ဦးတင်ကျော်နန္ဒက ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here