ကမ္ဘာပေါ်တွင် ဆိုင်ကယ်အစီးရေ ထုတ်လုပ်မှု တတိယအများဆုံးဟု သတ်မှတ်ခံထားရသော အိန္ဒိယ နိုင်ငံထုတ် Bajaj ဆိုင်ကယ်၏ ၁၇ ခုမြောက် Showroom ကို ကျောက်ဆည်မြို့တွင် ယခုလ တတိယပတ်အတွင်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
”ကုမ္ပဏီပိုင် Bajaj Showroom က လတ်တလော လေးခုရှိတယ်၊ အရောင်းကိုယ်စားလှယ် ခန့်အပ်ပြီး ဖွင့်တာက ၁၃ ဆိုင်ရှိတယ်၊ အခု ကျောက်ဆည်မြို့မှာ ဖွင့်တာက ၁၃ ဦးမြောက် ကိုယ်စားလှယ်ပေါ့၊ ကုမ္ပဏီပိုင် Showroom တွေနဲ့ရော၊ အခုကျောက်ဆည်မှာ ဖွင့်တာရောဆိုရင် ၁၇ ဆိုင်မြောက် ရှိပါပြီ၊ ဖွင့်ခဲ့တဲ့ Showroom တိုင်း မှာ Sales ၊ Service ၊ Spare Parts အစုံရနိုင်အောင် ဝန်ဆောင်မှုပေးထားပါတယ်”ဟု Bajaj ၏ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော ‘ Easy Bike Motorbike ကုမ္ပဏီ’ ဒါရိုက်တာ ဦးတင်ကျော်နန္ဒက ပြောသည်။
၁၇ ခုမြောက် Bajaj Showroom ကို ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး လမ်းမကြီးဘေးတွင် ယခုလ တတိယပတ်အတွင်းက ကျောက်ဆည်ဆင်အကအဖွဲ့၏ ကပြဖျော်ဖြေမှုများနှင့်အတူ ဖွင့်လှစ်ခဲ့ပြီး ဆိုင်ကယ်စတန့်ပွဲများပါ ထည့်သွင်းကျင်းပခဲ့ကြောင်း၊ အဆိုပါShowroom တွင် Bajaj ဆိုင်ကယ်များကို လက်ငင်းစနစ်အပြင် အရစ်ကျစနစ်ဖြင့်ပါ ရောင်းချပေးသွားမည်ဖြစ်ပြီး Bajaj ဆိုင်ကယ်တိုင်း အင်ဂျင် ၂ နှစ် အာမခံဖြင့် ရောင်းချပေးထားကြောင်း Easy Bike Motorbike ကုမ္ပဏီမှ သိရ သည်။
”ကျောက်ဆည်မြို့ ရွှေပြည် စိုးဆိုင်ကယ်ဆိုင်မှာ ကိုယ်စားလှယ် ပေးလိုက်တယ်၊ ဝယ်ယူပြီးသွားတဲ့ Customer တွေအတွက်လည်း မကြာခဏ Service ပညာရှင်အဖွဲ့ ကိုယ်တိုင် လာရောက်စစ်ဆေးပေးမှုတွေ လုပ်သွားမှာပါ၊ အရင်ကဆို ဘီးကြီးစီးချင်ရင် သိန်းဆယ်ချီ မတတ်နိုင်တဲ့သူက တရုတ်ဘီးထဲက ဘီးကြီးပဲ ဝယ်စီးခဲ့ရတယ်၊ အခုကျတော့ အင်ဂျင် ၂ နှစ်အာမခံ ပေးထားတဲ့အတွက် စျေးသက်သက်သာသာနဲ့ အရည်အသွေး ကောင်း ကောင်း ဘီးကြီးဆိုင်ကယ်ကို နယ်ကလူတွေပါ ဝယ်စီးလာနိုင်မယ်၊ ဒါကြောင့်မို့လည်း ကျောက်ဆည်မှာ လာဖွင့်ဖြစ်တာပါ”ဟု ‘ Easy Bike Motorbike ကုမ္ပဏီ’ ဒါရိုက်တာ ဦးတင်ကျော်နန္ဒက ထပ်မံဆိုသည်။
၁၇ ဆိုင်မြောက်ဖွင့်လှစ်သော ကျောက်ဆည်မြို့ရှိ Bajaj ဆိုင် ကယ်အရောင်းပြခန်းတွင် Pulsar RS 200 ၊ Avenger Street 150 ၊ Pulsar 200 NS ၊ V 15 ၊ Avenger Cruise 220 ၊ Boxer 150 X စသော ဆိုင်ကယ်များကို ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး မန္တလေးမြို့တွင် ရောင်းချသောစျေးနှုန်းများနှင့် တန်းတူ ရောင်းချပေးထားကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)