Automated Parking System ပေါ်ပေါက်လာပုံအကြောင်း တစေ့တစောင်း

1057

အလိုအလျောက်ကားပါကင်စနစ်(Automated Parking System) ဆိုတာ ကားရပ်နားဖို့အတွက် လိုအပ်တဲ့နေရာပမာဏကို ချုံ့ပေးလိုက်တဲ့ စက်ယန္တရားသုံးစနစ်ကို ခေါ်တာပါ။ အထပ်မြင့် ကားပါကင်ဆန်ဆန် APS စနစ်က ကားတွေကို အဆင့်ဆင့် ဒေါင်လိုက်စီထည့်ပြီး မြေနေရာနည်းနည်းမှာ ကားပမာဏများများ ရပ်နားစေနိုင်မယ့် စနစ်တစ်ခု ဖြစ်ပါတယ်။ အလိုအလျောက်ကားပင့်စက်တွေသုံးပြီး ယာဉ်မောင်းမလိုအပ်ဘဲ ကား အတင်/ အချ လုပ်ပေးမှာဖြစ်လို့ ကားပါကင်ထိုးတာ စနစ်မကျတဲ့အတွက် အထပ်မြင့် ကားပါကင်တွေမှာ နေရာ အလဟဿ ဖြစ်ရတာမျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။ APS စနစ်ရဲ့ အစောဆုံးနဲ့ အသုံးအများဆုံး အမျိုးအစားကတော့ Paternoster ပဲဖြစ်ပါတယ်။ APS စနစ်ကို Automated Parking Facility (APF) ၊ Automated Vehicle Storage and Retrieval System (AVSRS) ၊ Mechanical Parking ၊ Robotic Parking Garage အစရှိသဖြင့်လည်း နာမည်အမျိုးမျိုး ခေါ်ဝေါ်ပါသေးတယ်။

ကားပါကင်လိုအပ်မှုနဲ့ မြေနေရာရှားပါးမှုတို့က APS စနစ် စတင်ပေါ်ပေါက်လာစေဖို့ လမ်းစပါပဲ။ ပထမဦးဆုံး APS စနစ် ကို ၁၉ဝ၅ ခုနှစ်မှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Rue de Ponthieu ကားဂိုဒေါင်မှာ စတင်အသုံးပြုခဲ့ပါတယ်။ အထပ်မြင့်ကွန်ကရစ်အဆောက်အအုံထဲမှာ ကားတွေကို ဓာတ်လှေကားတစ်ခုနဲ့ အထပ်မြင့်တွေဆီ ပို့ပေးပြီး ဝန်ထမ်းတွေက ပါကင်ထိုးပေးတဲ့စနစ် ဖြစ်ပါတယ်။ ၁၉၂ဝ ပြည့်လွန်နှစ်တွေမှာတော့ ပုံမှန်ဆိုရင် ကားနှစ်စီးပဲ ရပ်နားနိုင်တဲ့ မြေပြင်အကျယ်အဝန်းမှာ ကားရှစ်စီးအထိ ရပ်နားနိုင်တဲ့ Paternoster စနစ်ခေါ် ချားရဟတ်ပုံစံ APS စနစ် ခေတ်စားလာပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ၁၉၄ဝ ပြည့်လွန်နှစ်နှောင်းပိုင်းနဲ့ ၁၉၅ဝ ပြည့်လွန်နှစ်တွေမှာ APS စနစ်ကို စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး Bowser ၊ Pigeon Hole နဲ့ Roto Park စနစ်တွေ အသုံးပြုခဲ့ပါ တယ်။ ကားပိုင်ရှင်တွေအနေနဲ့ ပါကင်နေရာကနေ ကိုယ့်ကား ပြန်လည်ရယူဖို့အတွက် အချိန်ကြာမြင့်မှုနဲ့ စက်မှုပိုင်း ဆိုင်ရာပြဿနာ တချို့ကြောင့် APS စနစ်ကို အမေရိကန်ပြည်ထောင်စုမှာ လူကြိုက်များမှု ယုတ်လျော့လာပေမဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေလောက်ကနေ စတင်ပြီး တစ်ဖန်ပြန်လည်ခေတ်စားလာခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ၂ဝ၁၂ ခုနှစ်မှာ APS ကားပါကင်ပေါင်း ၁ ဒသမ ၆ သန်းလောက် ရှိလာပါတယ်။ လက်ရှိ ဥရောပအကြီးဆုံး APS ကားပါကင်ကြီးကို ဒိန်းမတ်နိုင်ငံ၊ Aarhus မြို့မှာတွေ့မြင်နိုင်ပြီး Car Lift အရေအတွက် နှစ်ဆယ်ကို အသုံးပြုထားသလို ကားအစီးရေ တစ်ထောင်အတွက် ကားပါကင်နေရာ ပေးနိုင်ပါတယ်။

APS စနစ်မှာ အပြည့်အဝအလိုအလျောက်စနစ်နဲ့ တစ်စိတ်တစ်ပိုင်းအလိုအလျောက်စနစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဘယ်စနစ်ပဲ ဖြစ်ဖြစ် ဝင်ပေါက်အထိ မောင်းပေးပြီးမှ ယာဉ်မောင်းအပါအဝင် လူအားလုံး ကားပေါ်က ဆင်းရတာပါ။ ပြီးမှ ကားထည့်မယ့်နေရာကို အလိုအလျောက်စနစ်၊ ဒါမှမဟုတ် လူအကူအညီနဲ့ ကားထည့်သွင်းမှာ ဖြစ်ပါတယ်။ APS စနစ်သုံး ကားပါကင်မှာ ယာဉ်မောင်းက ကိုယ်တိုင်ကားမောင်းဖို့ မလိုတဲ့အတွက် ကားသွားလမ်း မလိုအပ်သလို ကားတံခါးဖွင့်လို့ရအောင် နေရာချန်ဖို့လည်း မလိုအပ်ပါဘူး။ လူသွားလမ်းမလိုဘဲ ကားအတွက်နေရာသာ လိုအပ်လို့ နေရာစား သက်သာသွားပါတယ်။ ကားပတ်မောင်းပြီး ကားရပ်ဖို့ နေရာရှာရတဲ့ဒုက္ခလည်း လွတ်ကင်းသွားတဲ့အတွက် ညစ်ညမ်း ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း လျှော့ချပြီးသားဖြစ်သွားပါတယ်။ ရှော့ပင်းမောလ်တွေ၊ မီးရထားဘူတာတွေ၊ ရုပ်ရှင်ရုံတွေ၊ အားကစားကွင်းတွေလို လူထူထပ်တဲ့နေရာမျိုးတွေမှာတော့ စက်ယန္တရားစနစ် အသုံးပြုတဲ့ APS ကားပါကင်စနစ်က အခက်အခဲဖြစ် စေနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here