ထုတ်လုပ်တော့မည့် Audi လျှပ်စစ်ကားများ၏ မြင်ကွင်းကျယ်မှန် အမိုးထဲတွင် ဆိုလာဆဲလ်များ ထည့်သွင်းသွားရန် Audi နှင့် တရုတ်ဆိုလာဆဲလ်ကုမ္ပဏီ Hanergy Thin Film Power Group တို့ ပူးပေါင်း ဆောင်ရွက်နေကြောင်း နိုင်ငံတကာ သတင်းမီဒီယာများက ရေးသား ဖော်ပြခဲ့သည်။
Hanergy ၏ ဌာနခွဲတစ်ခု ဖြစ်သည့် Alta Devices က ဆိုလာပါဝင်သည့် ကားအမိုးများကို ပုံစံထုတ်သွားမည်ဖြစ်ပြီး ယင်းအမိုးများက နေရောင်ခြည်စွမ်းအင်ကို ကား၏ လျှပ်စစ်စနစ်တွင် ပေါင်းစပ်ပေးခြင်းဖြင့် လျှပ်စစ်ကားများ၏ ရောက်ရှိနိုင်သည့် ခရီးအကွာအဝေးကို မြင့်တင်ပေးနိုင်မည် ဖြစ်သည်။ ဆိုလာအမိုးပါဝင်သည့် နမူနာကားကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ထုတ်လုပ်သွားမည်ဖြစ် သည်။ Alta Devices ၏ အလွှာပါး ဆိုလာဆဲလ်များကို မြင်ကွင်းကျယ်မှန်အမိုးတွင် ပေါင်းစပ်ခြင်းမှာ ပထမအဆင့်ဖြစ်ပြီး နောက်ပိုင်းတွင် ကားအမိုးမျက်နှာပြင်တစ်ခုလုံး နီးပါး၌ ဆိုလာဆဲလ်များ တပ်ဆင်သွားမည် ဖြစ်သည်။ အားနည်းချက်ရှိသည့် ကားများ ပြန်လည်ခေါ်ယူနေရခြင်း၊ စုံစမ်းစစ်ဆေးမှုများရှင်းလင်းနေရခြင်း၊ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှု ပြဿနာနှင့် ပတ်သက်၍ အဝေဖန်ခံနေရခြင်းစသည့် ပြဿနာပေါင်းစုံနှင့် နပန်းလုံးနေရသော Audi သည် လျှပ်စစ်ကားများ ထုတ်လုပ်ရန် ပြောင်းလဲအာရုံ စိုက်နေခြင်း ဖြစ်သည်။ Audi သည် လျှပ်စစ်ကား ထုတ်လုပ်မှုအတွက် ငွေကြေးလိုအပ်ချက် ပြည့်မီစေရန် ၂ဝ၂၂ ခုနှစ် နောက်ဆုံးထား၍ ကုမ္ပဏီအသုံးစရိတ်ကို ၁၂ ဘီလျံနီးပါး လျှော့ချသွားရန် မျှော်မှန်းထားသည်ဟု ပြီးခဲ့သည့်လက ပြောကြားထားသည်။
Audi အနေဖြင့် ၂ဝ၂ဝ ပြည့် နှစ်နောက်ဆုံးထား၍ ဘက်ထရီ-လျှပ်စစ်စွမ်းအင်သုံး မိုဒယ်သစ်ကားသုံးမျိုး ထုတ်လုပ်သွားရန်နှင့် ၂ဝ၂၅ ခုနှစ် နောက်ဆုံးထား၍ စုစုပေါင်း ကားရောင်းအား၏ သုံးပုံတစ်ပုံမှာ လျှပ်စစ်စွမ်းအင်သုံး ကားရောင်းအား ဖြစ်လာစေရန်လည်း စီစဉ်ဆောင်ရွက်လျက် ရှိ သည်။ Audi ၏ e-tron quattro Concept အခြေခံ လျှပ်စစ်စွမ်းအင်သုံး Crossover ကားအမျိုးအစားသစ်ကို လာမည့်နှစ်တွင် မိတ်ဆက်သွားမည်ဖြစ်သည်။
Ref: Reuters, Auto News China