911 Carrera မိုဒယ်တွေ အားလုံးထဲမှာ အပေါ့ပါးဆုံး 2018 Porsche 911 Carrera T

1199

နာမည်ကျော် ဂျာမန် ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Porsche ဟာ ၂ဝ၁၁ ခုနှစ်တုန်းက 911 ပြိုင်ကား မိုဒယ်ရဲ့ သတ္တမမျိုးဆက်အဖြစ် 911 မိုဒယ်သစ်ကို ပွဲထုတ် မိတ်ဆက်ခဲ့ပါတယ်။ ဒါ့ပြင် လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းက နာမည်ကျော် 911 မိုဒယ်ကို ကြီးကြီးမားမား ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ Porsche ဟာ ၂ဝ၁၇ ခုနှစ်မှာလည်း 911 မိုဒယ်သစ်တွေကို ထပ်တိုး မိတ်ဆက်ခဲ့ပါတယ်။ အဲဒီမိုဒယ်သစ်တွေထဲမှာ 911 ဂန္ထဝင် ကားချစ်သူတွေအတွက် အထူးရည်ရွယ် ထုတ်လုပ်ထားတဲ့ Carrera T လည်း ပါဝင်ပါတယ်။ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်ကြားမှာ ထုတ်လုပ်ခဲ့တဲ့ 911T ကို အခြေခံတည်ဆောက်ထားတဲ့ Carrera T ဟာ အခြေခံ Carrera မိုဒယ်နဲ့ GTS မိုဒယ်ကြားက ကားတစ်စီးလို့ ဆိုနိုင်သလို စွမ်းဆောင်ရည်အသားပေး GTS မိုဒယ်ရဲ့ အပြင်အဆင်တွေရှိတဲ့ Carrera အခြေခံ မိုဒယ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကားကိုယ်ထည် အပြင်ရော အတွင်းကိုပါ ထူးခြားတဲ့ ဒီဇိုင်းအပြင်အဆင်တွေနဲ့ ဖန်တီးထားတဲ့ Porsche T ဟာ ပြိုင်ကားဆန်တဲ့ Bucket Seat စစ်စစ်နဲ့ Rear-axle Steering ကို အသုံးပြုထားတဲ့ ပထမဆုံး Carrera မိုဒယ်လည်း ဖြစ်ပါတယ်။ Carrera T ဆိုတဲ့အမည်မှာ T ဟာ ခရီးဝေးမောင်းကား လို့ အဓိပ္ပာယ်ရတဲ့ Touring ကို အတိုကောက် မှည့်ခေါ်ထားတာပါ။ အခုအချိန်မှာ ကြိုတင်အမှာစာတွေ လက်ခံနေပြီဖြစ်ပြီး လာမယ့် ၂ဝ၁၈ ခုနှစ်၊ မတ်လမှာ စျေးကွက်တင်ရောင်း ချသွားဖို့ ရည်ရွယ်ထားတဲ့ 2018 Porsche 911 Carrera T ရဲ့စျေးကို Manual ဂီယာနဲ့ဆိုရင် အမေရိကန် ဒေါ်လာ ၁ဝ၂ယ၁ဝဝ နဲ့အထက် သတ်မှတ်ထားပြီး PDK ဂီယာနဲ့ဆိုရင်တော့ ဒေါ်လာ ၁ဝ၅ယ၈၃ဝ နဲ့အထက် ဖြစ်ပါတယ်။ ပြိုင်ကားစျေးကွက်မှာ ၂ဝ၁၈ ခုနှစ် မိုဒယ် Porsche 911 Carrera T နဲ့ အဓိကပြိုင်ဘက် ဖြစ်လာမှာကတော့ Mercedes-AMG GT ၊ Jaguar F-type နဲ့ Alpine A110 တို့ပါပဲ။

 

တံခါးနှစ်ပေါက်နဲ့ Coupe ကိုယ်ထည် ပြိုင်ကား သစ်လေး 911 Carrera T ရဲ့ ဒီဇိုင်းပုံစံဟာ Porsche ပြိုင်ကားတွေရဲ့ ပင်ကိုဟန် မပျောက်ပျက်စေဘဲ ကားရဲ့ စွမ်းဆောင်ရည်ကို ထင်ရှားပေါ်လွင်စေအောင် ဒီဇိုင်းအပြင်အဆင်သစ်တွေနဲ့ ဖန်တီးတည်ဆောက်ထားပါတယ်။ 911 Carrera T ရဲ့ ရှေ့မျက်နှာစာမှာလေ ခွင်းအားပိုကောင်းစေမယ့် လေပင့်အားထိန်း နှုတ်ခမ်းစွန်းလေး ပါဝင်ပါတယ်။ PASM Sport ဆိုင်းထိန်း စနစ်ကို အသုံးပြုထားတာကြောင့် ကားကိုယ်ထည်ဟာ ပုံမှန်ထက်ပိုပြီး ခပ်ဝပ်ဝပ်အနေအထား ရှိပါတယ်။ ပြိုင် ကားဆန်တဲ့ Sport Design ကားအပြင်ဘက်မှန်ရဲ့ အထိုင်ခွက်တွေကို မီးခိုးရင့်ရောင်ဆေးခြယ်ထားတာကြောင့် ကားကိုယ်ထည်ရောင်အလှကို ပိုပြီး ပေါ်လွင်စေပါတယ်။ ကားဘေးဘက်မှာ တိုက်တေနီယမ် မီးခိုးရောင် ဆေးခြယ်ထားတဲ့ လက်မ နှစ်ဆယ်အရွယ် ကားဘီးတွေကို လိုက်ဖက်ညီညီ တပ်ဆင်ထားပြီး Side Skirt ဧရိယာမှာ တော့ အနက်ရောင် အစင်းလိုင်းကြီးပေါ်မှာ 911 Carrera T ဆိုတဲ့ စာတန်းကို အထင်အရှား ရေးထိုးထားပါတယ်။ ဒါ့ပြင် ကားနောက် ဖုံးစွန်းက ဒေါင်လိုက် တရုတ်ကတ်ပြားလေးတွေတင်မကဘဲ Porsche အမည်နဲ့ 911 Carrera T မိုဒယ် အမည်စာလုံးတွေကိုလည်း မီးခိုးရောင်ဆေးခြယ် ပေးထားပါတယ်။ Sport Exhaust System အသုံးပြုထားတဲ့ အနက်ရောင် အိပ်ဇောပိုက်တွေကလည်း ကားနောက်ပိုင်းအလှကို ပိုပြီးထင်ရှားစေပါတယ်။ ကားကိုယ်ထည်တစ်ခုလုံးမှာ ထူးခြားသစ်လွင်တဲ့ ဒီဇိုင်းအပြင်အဆင်တွေနဲ့ ခပ်ပါးပါး မွမ်းမံထားတဲ့ Carrera T မှာ ပြိုင်ကားဆန်ဆန် ပေါ့ပါးမှုရရှိဖို့အတွက် ကားအနောက်ဘက် လေကာမှန်နဲ့ ကားနောက်ခန်း ပြတင်းပေါက်တွေကို ပေါ့ပါးတဲ့မှန်နဲ့ ပြုလုပ်ဖန်တီးထားပါတယ်။ ကားကိုယ်ထည်ကို ပေါ့ပါးအောင် တည်ဆောက်ထားတာကြောင့် အလေးချိန် ၃,၁၄၂ ပေါင်ပဲ ရှိတဲ့ 911 Carrera T ဟာ သမားရိုးကျ Carrera မိုဒယ် ထက် ပိုပြီးပေါ့ပါးရုံတင်မကဘဲ 911 Carrera မိုဒယ်တွေ အားလုံးထဲမှာလည်း အပေါ့ပါးဆုံးလို့ ဆိုနိုင်ပါတယ်။ အဲဒီလိုလျှော့ချထားတဲ့ ကိုယ်ထည် အလေးချိန်က Carrera T ကို အခြေခံ Carrera မိုဒယ်ထက် ပိုပြီးမြန်ဆန်စေပါတယ်။ ကားကိုယ်ထည်ကို လိမေ္မာ် ရောင်၊ အနက်ရောင်၊ အနီရောင်၊ အဝါရောင်၊ အဖြူ ရောင်၊ အပြာရောင်နဲ့ ငွေရောင်တို့လို ရွှန်းစိုလှပတဲ့ အရောင်အသွေးတွေနဲ့ ရရှိနိုင်ပါတယ်။  နောက်ဘီး ယက်စနစ်သုံး ပြိုင်ကားသစ်လေး 911 Carrera T မှာ 911 အခြေခံမိုဒယ်လို မြင်းကောင်ရေ ၃၇ဝ အား 3.0 Liter Flat six-Turbocharged အင်ဂျင်ကို Manual ဂီယာနဲ့ တွဲဖက်တပ် ဆင်ပေးထားပါတယ်။ မွမ်းမံထားတဲ့ ဂီယာအပြောင်းအလဲ၊ PASM စပို့ဆိုင်းထိန်းစနစ်နဲ့ ပေါ့ပါးတဲ့ ကိုယ်ထည်အလေးချိန် တို့က Carrera T ကို အခြေခံ Carrera မိုဒယ်ထက် ပိုမြန်ဆန်စေပြီး ၄ ဒသမ ၃ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်း ရောက်အောင် အရှိန်မြင့်တင်နိုင်ပါတယ်။ ကားရဲ့ အမြင့်ဆုံး အမြန်နှုန်းကတော့ တစ်နာရီကို ၁၈၂ မိုင်နှုန်း ဖြစ်ပါတယ်။ PDK ဂီယာနဲ့ဆိုရင်တော့ အမြန်နှုန်းက မဆိုစလောက်လေး အပြောင်းအလဲ ရှိနိုင် ပါတယ်။ 911 Carrera T ရဲ့ ကားအတွင်းခန်းကတော့ ကိုယ်ထည်ထက် ပိုစိတ်ဝင်စားစရာကောင်းပြီး ပြိုင်ကားဆန်ဆန် အသုံးအဆောင်တွေကို လိုက်ဖက်ညီညီ ပေါင်းစပ် ဖန်တီးထားပါတယ်။ ကားကိုယ်ထည်အလေး ချိန်လျှော့ချဖို့အတွက် ကားတံခါး လက်ကိုင်တွေကအစ ပေါ့ပါးအောင် ပြောင်းလဲအသုံးပြုထားပြီး ကားကိုယ်ထည်မှာ ထည့်သွင်းထားတဲ့ အသံလုံသတ္တုတွေကိုလည်း ခပ်ပါးပါးပဲ ထည့်သွင်းထားတာကြောင့် အတွင်းခန်းဟာ အရင်ထက်တော့ နည်းနည်းလေး ပိုဆူညံပါတယ်။ အနေအထားလေးမျိုး အလိုအလျောက် ချိန်ညှိလို့ရတဲ့ Sport Seats Plus ကားထိုင်ခုံတွေရဲ့ နောက်မှီမှာ 911 လိုဂိုကို အထင်အရှား ခတ်နှိပ်ရေးထိုးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here