သံသရာမှာ ဆုံချင်သေးတယ် ညီလေးရယ်

71

 

ကျွန်တော့်တယ်လီဖုန်း မြည်သည်။ ကိုဗစ်ကာလမှာ တယ်လီဖုန်းမြည်လျှင် နိမိတ်မကောင်းသလိုတောင် ဖြစ်နေသည်။ ကိုင်ရမှာ ကြောက်လန့်နေသည်။ ဘယ်သူသေလို့ အသိပေး အကြောင်းကြားတာလဲမသိလို့ ထင်ပြီး လန့်ကြောက်နေတာ ဖြစ်သည်။ ကိုဗစ်ရောဂါ ဖြစ်ပွားနေသည့်ကာလမှာ ရောဂါကြောင့် သေတာအပါအဝင် အခြားအကြောင်းအမျိုးမျိုးဖြင့် သေကြသည်။ သေသူတွေထဲမှာ သိသူရော၊ မသိသူရော၊ ရင်းနှီးသူရော၊ မရင်းနှီးသူရောပါသည်။
စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့် အနုပညာနယ်ပယ်အသီးသီး က အနုပညာရှင်တွေပါ ကွယ်လွန်ခဲ့ကြသည်။ ဆရာချစ်နွေမိုး၊ ဆရာနွမ်ဂျာသိုင်း၊ ဆရာတက္ကသိုလ်စိန်တင်၊ ဆရာမ မိုးပန်းမွန်(ရာမည)၊ ဆရာသန်းဝင်းလှိုင်၊ ဂီတာဖေဝင်း၊ ရန်ပိုင်စိုး၊ လူရွှင်တော်မန်းဝင်း၊ ကင်းကောင်၊ ဧရာတို့ ကွယ်လွန် ခဲ့ကြသည်။ မသိတာတွေ၊ မမှတ်မိတာတွေ ရှိဦးမည်။ အနုပညာနယ်ပယ် မဟုတ်လို့ အများကမသိသော်လည်း မိမိနှင့် ရင်းနှီး ခင်မင်သည့် သာမန်ပြည်သူတွေထဲကလည်း ကိုဗစ်ကာလမှာ အကြောင်းအမျိုးမျိုးဖြင့် ကွယ်လွန်ခဲ့ကြသည်။
ယခုဖုန်းခေါ်သူကို နားထောင်ကြည့် ရဦးမည်။ ဘယ်သူက ဘာကိစ္စဖြင့်ခေါ်သလဲ၊ ဘယ်လိုသတင်းများ ကြားရဦးမလဲဆိုတာ သိချင်လို့ ပြန်ထူးလိုက်ပါသည်။
“ဟဲလို အမိန့်ရှိပါ”
“အစ်ကိုကြီး၊ ကျွန်တော် အောင်သိန်းပါ၊ ဘိုနီ ဆုံးသွားပြီ”
“သြော် ဘာလဲ ကိုဗစ်လား”
“ဖြစ်နိုင်တာပေါ့၊ သူ့မှာ သွေးတိုး၊ နှလုံး၊ ကျောက်ကပ် ရောဂါအစုံရှိတယ်”
“အင်း အမျှဝေနေလိုက် တော့မယ်၊ အသုဘမပို့နိုင်တော့ ဘူး”
ဖုန်းဆက်တဲ့ အောင်သိန်း နှင့် သေပြီဆိုသည့် ဘိုနီတို့သည် သင်္ဘောသားတွေ ဖြစ်သည်။ ကျွန်တော်နှင့် သင်္ဘော တစ်စီးတည်း အတူအမှုထမ်းခဲ့ကြသည့် လုပ်ဖော် ကိုင်ဖက် ရဲဘော်တွေ ဖြစ်သည်။ ကြယ်ငါးပွင့် သင်္ဘောလိုင်းပိုင် သင်္ဘောတွေမှာ အမှုထမ်းခဲ့ကြသည့် လူဟောင်းတွေ ဖြစ်သည်။ လူတော်တွေ၊ လူလည်တွေလို့ပြောလို့ ရသူတွေ ဖြစ်သည်။ ကြယ်ငါးပွင့် ကထွက်ပြီး နိုင်ငံခြား လိုင်းတွေလိုက်သည့်အခါမှ ကျွန်တော်နှင့် ဆုံခဲ့ကြသူတွေ ဖြစ်သည်။
အရေးအခင်းကြီး မဖြစ်မီက ဆိုတော့ ၁၉၈၆ ခုနှစ်ကလို့ထင်သည်။ သူတို့နှစ်ယောက်နှင့်အတူ ဥရောပခရီးသွားရန် ကြုံရသည်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို အမြန် စေလွှတ်ပေးပါဆိုလို့ သူတို့နှစ်ယောက်က ကျွန်တော့်ထက် တစ်ပတ်လောက်စောပြီး ထွက်ခွာသွားကြသည်။ သူတို့ ထွက်ခွာသွားကြပြီး နောက်နှစ်ရက်အကြာမှာ သူတို့နှစ်ယောက်သည် ဂရိနိုင်ငံ၊ အေသင်မြို့သို့ ရောက်မလာပါဆိုသည့် သတင်းရသည်။ ဘန် ကောက်က အေးဂျင့်က လေယာဉ်ပေါ် တင်ပေးလိုက်သည်ဟု အကြောင်း ပြန်သည်။ အေသင်က အေးဂျင့်က လေယာဉ်ပေါ်မှာ ပါမလာပါဟု အကြောင်းပြန်သည်။ ရန်ကုန်က သင်္ဘောသားရုံးသည် သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး မစဉ်းစားတတ်အောင် ဖြစ်နေသည်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ နောက်နေ့မှာတော့ သူတို့နှစ်ယောက်သည် ဂရိနိုင်ငံ၊ အေသင်မြို့ကို ရောက်ပြီ၊ သင်္ဘောပေါ် ရောက်လာကြပြီဆိုသည့် သတင်းရောက်လာသည်။
ကျွန်တော်သွားရမည့်နေ့မှာ ကျွန်တော်တစ်ယောက်တည်း သွားရသည်။ ရန်ကုန်၊ ဘန်ကောက်၊ ရောမ(အီတလီ)ခရီးစဉ်ဖြင့် သင်္ဘောပေါ် ရောက်သွားသည်။ သင်္ဘောက တောင်အမေရိကနိုင်ငံတွေကို သွားရန် ကျွန်တော့်ကိုစောင့်နေသည်။ ကျွန်တော်ရောက်တာနဲ့ သင်္ဘောထွက်တော့သည်။ သင်္ဘောမှာ နေသားကျသွားတော့မှ သူတို့နှစ်ယောက်ဘယ်လို ဖြစ်လို့ လေယာဉ်ပေါ်က မဆင်းတာလဲဆိုတာကို မေးကြည့်ရသည်။ အောင်သိန်းက ဘိုနီကို လက်ညှိုးထိုးပြပြီး ပြောသည်။
“ဒီမှာလေ ဆရာကြီးရဲ့စကားကို နားထောင်မိလို့ဖြစ်ရတာ”
သူတို့နှစ်ယောက်က ရယ်ရယ်မောမောပြောပြကြသည်။ ဘန်ကောက် လေဆိပ်ကထွက်သည့်အချိန်ကစပြီး ထိုင်းလေယာဉ်ချောချောလေးကို ပိုး ပန်းပြီး အရက်မှာသောက်သည်။ တစ်ခွက်ကုန် တစ်ခွက်တောင်းသောက် ပြီး နှစ်ယောက်စလုံး မူးကြတော့သည်။ နောက်တစ်နေ့မိုးလင်းလို့ ဂရိ နိုင်ငံ၊ အေသင်လေဆိပ်ကို ရောက်သည့်အချိန်အထိ မူးပြီး အိပ်ပျော်နေ ကြသည်။ အေသင်လေဆိပ်ကို လေယာဉ်အဆင်းမှာ နှလုံးရောဂါသည် တစ်ယောက် ရှော့ဖြစ်ပြီး သေသွားသည်။ အေသင်မှာဆင်းမည့်ခရီးသည်တွေ မဆင်းကြပါနဲ့ဦး၊ ခဏထိုင်နေကြပါဦးဆိုလို့ သူတို့နှစ်ယောက်က ထိုင်ခုံ တွေပေါ်မှာ ဆက်အိပ်နေကြသည်။ လေဆိပ်က တာဝန်ရှိသူတွေ စစ်ဆေး ပြီးလို့ အေသင်မှာဆင်းမည့်ခရီးသည်တွေ ဆင်းနိုင်ပါပြီလို့ ကြေညာတာကို မသိလိုက်ဖြစ်သွားသည်။ အိပ်ပျော်နေကြသည်။ သူတို့နိုးလာသည့်အချိန်မှာ တော့ လေယာဉ်က သူ့ခရီးစဉ်ကိုဆက်ထွက်လို့ မိုးပေါ်ရောက်နေသည်။ ဒီတော့မှ လေယာဉ်မယ်ကို လက်ယပ်ခေါ်ပြီး မေးသည်။
“လေယာဉ်က အခု ဘယ်ကိုသွားနေတာလဲ”
“ဟော်လန်နိုင်ငံ၊ မြို့တော် အမ်မ်စတာဒမ်ကိုပါရှင်”
“အဲဒီကပြန်ရင် အေသင်ကိုပြန်လာမလား”
“အဲဒီကပြန်ရင် လန်ဒန်ကိုဆက်သွားပါမယ်”
“ကျွန်တော်တို့က အေသင်မှာဆင်းချင်တာ”
“ဘာပြောတယ်”
အဲဒီတော့မှ လေယာဉ်မယ်က ပြူးတူးပြဲတဲဖြစ်ပြီး သူတို့လေယာဉ် လက်မှတ်တွေကို ယူကြည့်ပြီး ထွက်ပြေးပါလေတော့သည်။ မကြာမီ လေယာဉ်မှူးကြီးနှင့်အတူ ပြေးလာပြီး သူတို့နှစ်ယောက်၏ လက်မှတ်တွေကို စစ်သည်။ လေယာဉ်မှူးကြီးသည် နဖူးပြောင်ကြီးကို လက်ဝါးဖြင့် ဖြန်းခနဲ ရိုက်ပြီး နောက်ကထိုင်ခုံပေါ်ကို ဖင်ထိုင်ပြုတ်ကျသွားသည်။ လေယာဉ် ပေါ်မှာ လူသေတာ၊ မီးဖွားတာဟာ သူနဲ့ဘာမျှမဆိုင်။ လေယာဉ်ကုမ္ပဏီတာဝန်ဖြစ်သည်။ ခရီးသည်ဆင်းရမည့်နေရာမှာ မဆင်းဘဲ ဆက်လိုက်လာတာဟာ သူ့မှာ လုံးဝ တာဝန်ရှိသွားတော့သည်။
သူတို့နှစ်ယောက်ကို အမ်မ်စတာဒမ်လေဆိပ်မှာ ရဲအစောင့်အရှောက်ဖြင့် ထိုင်ခိုင်းထားသည်။ လေယာဉ်ကုမ္ပဏီစရိတ်ဖြင့် ဟော်လန်နိုင်ငံမှ ဂရိနိုင်ငံကို ပြန်ပို့ပေးလိုက်ရတာဖြစ်သည်။ သင်္ဘောသားဟောင်းကြီးတွေ၊ လူတော်တွေ၊ လူလည်တွေဆိုတော့ သင်္ဘောမှာ ပျော်ပျော်နေကြသည်။ ဂရိလူမျိုးအရာရှိတွေကလည်း သူတို့ကို ခင်ခင်မင်မင် ဆက်ဆံသည်။ သူတို့တွေ နိုင်ငံခြားလိုင်းမလိုက်မီ ကြယ်ငါးပွင့်လိုင်းမှာ လိုက်နေခဲ့စဉ်က အဖြစ်တစ်ခုကို ပြောပြဖူးသည်။
သူတို့သင်္ဘောသည် စင်ကာပူနိုင်ငံက တင်ယူလာသည့် တစ်ပတ်ရစ် ဆလွန်းကားတွေကို တင်ယူလာသည်။ ဆလွန်းကား ဆယ်စီးမျှသာပါသည့်အတွက် ကုန်းပတ်ပေါ်မှာစီပြီး တင်ယူလာသည်။ စင်ကာပူမှ ရန်ကုန်သို့ခရီးက နှစ်ရက်မျှသာမောင်းရမည်ဖြစ်လို့ ရာသီဥတုအခြေအနေ အရ မော်တော်ကားတွေကို ကုန်းပတ်ပေါ်မှာပဲစီရပ်ပြီး တင်ယူလာသည်။ ဆလွန်းကားတွေက တစ်ပတ်ရစ်ကားဆိုသော်လည်း ပြန်လည်မွမ်းမံ၊ ဆေးအသစ်သုတ်ထား၊ မှုတ်ထားလို့ အသစ်ကဲ့သို့ လှနေသည်။ မော်တော်ယာဉ်ဆယ်စီးခန့်သည် အဖြူ၊ အပြာ၊ အစိမ်း၊ နီညိုရောင်တွေပါသည်။
စင်ကာပူကထွက်လာပြီး နောက်နေ့မှာ ရာသီဥတုသာယာသဖြင့် ကုန်းပတ်ပေါ်မှာ အလုပ်လုပ်ကြရသည်။ မော်တော်ကားတွေတင်ထားသည့် ကုန်းပတ်က မတ်စ်တိုင်တွေကိုတက်ပြီး ဆေးအဖြူတွေသုတ်ကြ ရသည်။ မတ်စ်တိုင်တွေသည် ကြမ်းခင်းမှအမြင့်ပေ နှစ်ဆယ်၊ သုံးဆယ် မြင့်သည့်အတွက် ကြိုးလှေကားဖြင့် တက်သုတ်ကြရသည်။ မြန်မြန်ပြီး အောင်ဆိုပြီး ဆေးတွေကို များများတို့ယူသုတ်ကြရာ ဆေးစက်တွေ အောက်ကိုကျတော့သည်။ ဆေးစက်ကျတာကိုသိသော်လည်း အောက်က မော်တော်ကားတွေပေါ်ကို ကျတယ်ဆိုတာကို သတိမထားမိဘဲ ပြီးအောင် ဆက်သုတ်ကြသည်။
ဆေးသုတ်ပြီးလို့ အောက်ကိုဆင်းလာသောအခါမှာတော့ အလန့် တကြား ဖြစ်ကြရတော့သည်။ မော်တော်ကားတွေပေါ်မှာ ဆေးစက်အဖြူတွေ ကြည့်မကောင်းအောင်ကျနေတာ မြင်လိုက်ရလို့ ကြောက်လန့်သွားကြ သည်။ ကုန်းပတ်ပထမအရာရှိသိလျှင် ပြဿနာဖြစ်တော့မည်လို့ သတိရလိုက်ကြသည်။ ဒီပြဿနာကို ကုန်းပတ်အရာရှိမသိမီ ဖြေရှင်းမှဖြစ်မည် ဆိုပြီး ဆေးစက်တွေကို သင်နာဖြင့် ပွတ်သုတ်သန့်ရှင်းရေးလုပ်ကြတော့သည်။ မော်တော်ကားတွေပေါ်မှာ ကျနေသည့်ဆေးအဖြူစက်တွေကို ပျောက်သွားအောင် သင်နာရည်ထူထူရွှဲရွှဲဖြင့်ပွတ်ပြီး သန့်ရှင်းရေး လုပ်ကြသည်။ နာရီဝက်၊ တစ်နာရီ လောက် အချိန်အတွင်းမှာ ကုန်းပတ်ပထမ အရာရှိ မသိလိုက်ဘဲ ကိစ္စပြီးသွားသည်။ ရောင် စုံကားလေးတွေလည်း မူလအတိုင်း ပြောင် လက် လှပသွားတော့သည်။
နောက်နေ့ညနေမှာ ရန်ကုန်ကိုရောက် လို့ မော်တော်ကားတွေကို သင်္ဘောပေါ်က ချမယ်ကြည့်လိုက်တော့ မော် တော်ကားတွေက ဆေးရောင်တွေအကုန်လုံး ပွဖောင်းကြွပြီး အဖုအပိန့် တွေ ဖြစ်နေတာ တွေ့လိုက်ကြရပါတော့သည်။ မူလဆေးတွေကို သင် နာရည်ထိသည့်နေရာတွေမှာ ဖောင်းပွ ပျက်စီးနေတာ တွေ့လိုက်ကြရသည်။ ဘယ်လိုကြောင့် ဒီလိုဖြစ်တယ်ဆိုတာကို မသိချင်ယောင်ဆောင်ပြီး မော်တော်ကားတွေကို ဆိပ်ကမ်းပေါ်ချပေးလိုက်သည်ဟုဆိုပါသည်။ ဆိပ်ကမ်းပေါ်ကျလာသည့်ကားတွေကို ဆိပ်ကမ်းလုပ်သားယာဉ်မောင်းက မောင်းယူသွားပြီး သတ်မှတ်ထားသည့်နေရာမှာ ရပ်ထားလိုက်တော့သည်။
ဒီပြဿနာသည် ကားပိုင်ရှင်က သူ့ကားကိုလာထုတ်တော့မှ ကြုံရတော့မည့်ပြဿနာ ဖြစ်သွားသည်။ ခေတ်ကလည်း မဆလခေတ်ဖြစ်လို့ ပြည်သူတွေရဲ့ဘဝက အခံဘက်ကချည်းနေရသည့်ကာလ ဖြစ်သည်။ ဘယ်သူ့မှာ တာဝန်ရှိမှန်းမသိလို့ ကိုယ့်ပြဿနာကိုယ်ရှင်းကြရသည့်ကာလဖြစ်သည်။ ဒီပြစ်မှုကို ကျူးလွန်ခဲ့သည့် သင်္ဘောသားတွေကတော့ မသိယောင်ဆောင်နေလိုက်ကြသည်။ သုတ်ဆေး၊ မှုတ်ဆေးတို့သည် ရေနံဆီ၊ ဓာတ်ဆီဖြင့်ပွတ်တာကို လက်ခံနိုင်သော်လည်း သင်နာဖြင့်ပွတ်ပါ က မခံနိုင်ဘဲ ပွတက်၊ ဖောင်းကြွလာတယ်ဆိုတာကို မသိသည့်သင်္ဘော သားတွေကြောင့် တစ်ခါက ကားပိုင်ရှင်တွေ ဒုက္ခရောက်ခဲ့ကြတာကို ဘယ်သူမျှမသိလိုက် ဖြစ်သွားသည်။
ဘိုနီ ကွယ်လွန်သွားပြီလို့သိရသည့်အတွက် အမျှဝေလိုက်ပါသည်။ သံသရာမှာ ပြန်ဆုံချင်သေးတယ် ညီလေးရယ်လို့ စိတ်ကပြောလိုက်မိပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here