231

လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ ထပ်မံပေါ်ထွက်လာတဲ့ အသစ်အသစ်သော မိုဒယ်မြင့်ကားသစ်တွေအကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့ တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Toyota Rush ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Toyota Rush ဆိုတာ …
ဒီတစ်ပတ်ဖော်ပြမယ့် ကားကတော့ Toyota အမျိုးအစားထဲက အစိုးရရဲ့ ဘယ်မောင်းကားတင်သွင်းခွင့်မှာ ရေပန်းစားလူကြိုက်များပြီး ဈေးနှုန်း သင့်တော်တဲ့ Rush ပဲ ဖြစ်ပါတယ်။ Toyota ဘယ်မောင်းဖြစ်တဲ့အတွက် ဂျပန်နိုင်ငံမှာ ထုတ်လုပ်တာမဟုတ်ဘဲ အင်ဒိုနီးရှားနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ခဲ့တာကို အများဆုံး တင်သွင်းဝယ်ယူကြတာ တွေ့ရပါတယ်။ SUV အမျိုးအစားဖြစ်ပြီး စာရေးသူတို့နိုင်ငံမှာတော့ Third Generation (၂၀၁၈-၂၀၂၀)မိုဒယ်တွေက ရေပန်းစားပါတယ်။ အင်ဂျင်ပါဝါကလည်း လူကြိုက်များပြီး ဆီစားသက်သာတဲ့ Toyota 1.5L 2NR-VE I4 Gasoline ကို အသုံးပြုပေးထားပါတယ်။ Toyota Rush (၂၀၁၈-၂၀၂၀)ဟာ မိုဒယ်မြင့်သွားတဲ့ ကားတစ်စီးဖြစ်တဲ့အတွက် လူကြိုက်များ ရေပန်းစားတဲ့ ဒီဇိုင်းရုပ်ထွက် အလန်းနဲ့ ဘယ်လိုရေပန်းစားတဲ့ပါဝင်မှုတွေ ရှိတယ်ဆိုတာ အသေးစိတ် တင်ဆက်မှာ ဖြစ်ပါတယ်။

၁။ လှပဆန်းသစ်သည့် ရှေ့ရုပ်ထွက်
Toyota Rush (၂၀၁၈-၂၀၂၀)မိုဒယ်ရဲ့ပုံစံက Third Generation ဖြစ်သွားတဲ့အတွက် အရင်ဂျပန်မှာထုတ်ခဲ့တဲ့ First & Second Generation တွေလို အရွယ်အစား သေးငယ်တဲ့ပုံစံမျိုး မဟုတ်တော့ပါဘူး။ Toyota Rush မိုဒယ်အမြင့်ကို အရှေ့ပိုင်းရုပ်ထွက်ဟာ အရင်လိုရိုးရှင်းတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ အရွယ်သေးပြီး လင်းအားကောင်းတဲ့ မီးလုံးတွေ ထည့်သွင်း ပေးထားသလို ရှေ့ဘောနတ်ဖုံးကိုလည်း ဖောင်းလိုင်းတွေ အသုံးပြုပြီး ကြွရွနေအောင် ဆန်းသစ်ထားပါတယ်။ ဒါတွေက ကားရဲ့ ရုပ်ထွက်ပိုင်းနဲ့ပတ်သက်ပြီးတော့ မြင်တာနဲ့ လိုချင်စဖွယ်ဖြစ်နေမယ့် ရေပန်းစားတဲ့ ဆန်းသစ်ဖန်တီးမှုတွေပဲ ဖြစ်ပါတယ်။

၂။ အောက်ပိုင်းမြင့်မားခြင်း
စာရေးသူတို့နိုင်ငံမှာက ကားဝယ်ယူတဲ့အခါမှာ SUV ကားတွေကို အဓိက ဦးစားပေးဝယ်ယူကြပါတယ်။ ဘာကြောင့် ဝယ်ယူကြတာလဲဆိုရင် နယ်ဘက်တွေမှာ လမ်းကျဉ်းခြင်း၊ လမ်းမညီညာခြင်း စတာတွေကြောင့် အနိမ့်ကားတွေ အသုံးပြုတဲ့အခါ ခရီးမတွင်မှုတွေ ရှိတတ်ပါတယ်။ SUV ကားတွေကတော့ အောက်ပိုင်းမြင့်မားလို့ ခရီးသွားတဲ့အခါ လမ်းမကောင်း တဲ့ နေရာတွေမှာလည်း စိတ်ကြိုက် ရဲရဲတင်းတင်း မောင်းနှင်နိုင်လို့ပဲ ဖြစ်ပါတယ်။ Toyota Rush (၂၀၁၈-၂၀၂၀)မှာလည်း SUV ကားတစ်စီး ဖြစ်တာနဲ့အညီ ကားရဲ့ မြေပြင်အောက်ပိုင်းနဲ့ ဘော်ဒီအကွာအဝေး 67.1 inches (or) 1705 mm မြင့်မားမှုကြောင့် ကားဝယ်ယူသူတွေအကြား ရေပန်းစားတဲ့ ကြိုက်နှစ်သက်မှုတစ်ခုပဲ ဖြစ်ပါတယ်။

၃။ ခုံသုံးတန်းနှင့် အတွင်းခန်းပါဝင်မှုများ
Toyota ဆိုတာနဲ့ ကားအတွင်းခန်း ဖွဲ့စည်းပုံတွေ ကတော့ ရိုးရိုးရှင်းရှင်းနဲ့ ဖွဲ့စည်းထားတာကတော့ Toyota ရဲ့ထုံးစံပဲ ဖြစ်ပါတယ်။ ဒီကားလေးက SUV ကားတစ်စီးဖြစ်တဲ့အပြင် ကားပေါ်မှာလည်း စာရေး သူတို့ နိုင်ငံအကြိုက် လူများများ တင်ဆောင်နိုင်ဖို့ အတွက် ခုံသုံးတန်း ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ Gear Position ကိုတော့ Zip Zap Position ထည့်သွင်းပေးထားပြီး ရှမွိုင်းထိုင်ခုံတွေနဲ့ ရိုးရိုးရှင်းရှင်းဖွဲ့စည်းထားတာကတော့ လူငယ်တွေနဲ့ ယှဉ်ရင် လူကြီးတွေအတွက် ဦးစားပေးထုတ်လုပ်ထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ အတွင်းအဲကွန်းခလုတ်ကို ဒစ်ဂျစ်တယ်စနစ် ထည့် သွင်းပေးထားပြီး ကားရဲ့စတီယာရင်တစ်ဖက်မှာတော့ Volume Control ခလုတ်တွေ ထည့်သွင်းပေးထားပါတယ်။ မရှိမဖြစ် လိုအပ်တာတွေပဲ ထည့်သွင်းပေးထားတဲ့ ရိုးရှင်းတဲ့ ဖွဲ့စည်းတည်ဆောက်ထားမှုနဲ့ ခုံသုံးတန်း ပါဝင်မှုကတော့ Toyota Rush (၂၀၁၈-၂၀၂၀) ဝယ်ယူမယ့်သူတွေအတွက် ရေပန်းစားတဲ့ ရွေးချယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

၄။ ဆီစားသက်သာသည့် Dual VVT-I အင်ဂျင်
Toyota ကားအများစုကို လူကြိုက်များတာကလည်း VVT-I နည်းပညာပါဝင်တဲ့ အင်ဂျင်ကြောင့်ပဲဖြစ်ပါတယ်။ Toyota Rush (၂၀၁၈-၂၀၂၀) မိုဒယ်မှာလည်း 1.5L Dual VVT-I (2NR-VE) အင်ဂျင်အမျိုး အစားကို အသုံးပြုပေးထားတဲ့အတွက် ပုံမှန် 1.5L အင်ဂျင်တွေထက်ကို ဆီစား အထူးသက်သာစေတာပဲ ဖြစ်ပါတယ်။ အားသာချက်က SUV ကားတစ်စီးအနေနဲ့ ဆီစားအရမ်းသက်သာပြီး တစ်ဖက်မှာလည်း အင်ဂျင် ပါဝင် 1.5L အင်ဂျင်ပဲ အသုံးပြုထားတဲ့အတွက် တောင်ဆင်း၊ တောင်တက် တွေမှာတော့ ရုတ်တရက် လီဗာနင်းတဲ့အခါမှာ အားမရမှုတွေတော့ အနည်းငယ်ရှိတာကို တွေ့ရပါတယ်။ စာရေးသူတို့နိုင်ငံမှာ SUV ကားလည်း စီးချင်တယ်၊ ဆီစားလည်း သက်သာချင်တယ်ဆိုတဲ့သူ အများစုအတွက် တော့ Toyota Rush (၂၀၁၈-၂၀၂၀)ကို ရေပန်းစားရွေးချယ် ဝယ်ယူကြမှာ ဖြစ်ပါတယ်။

၅။ Round Aircon
ခုံသုံးတန်းပါဝင်တဲ့ ကားအများအစုဟာ ဈေးနှုန်းသက်သာတဲ့ကား ဆိုရင် နောက်ခန်းအတွက် အဲကွန်းစနစ် ထည့်သွင်းထားခြင်းမရှိတာကို တွေ့ရပါတယ်။ Toyota Rush (၂၀၁၈-၂၀၂၀) မှာ နောက်တန်း ထိုင်သူတွေ သက်သောင့်သက်သာဖြစ်စေဖို့ ရှေ့မောင်းသူခုံရဲ့မျက်နှာကြက်မှာ နောက်ခန်းကို အေးမြစေအောင် အဲကွန်းပေါက်တွေ ထည့်သွင်းပေး ထားတဲ့ Round Aircon စနစ် ထည့်သွင်းပေးထားပါတယ်။ အရင်လူကြိုက် များခဲ့တဲ့ ဂျပန်မိုဒယ် Toyota Wish ရဲ့ ခုံသုံးတန်းမှာ အဲကွန်းမပါဝင်တဲ့ အား နည်းချက်ကိုToyota Rush (၂၀၁၈-၂၀၂၀) မိုဒယ်မှာ ထည့်သွင်းပေး လိုက်တာကတော့ တန်ဖိုးသင့် SUV ဝယ်ယူမယ့်သူတွေအတွက် ရေပန်းစားမယ့် ကြိုက်နှစ်သက်မှုတစ်ခုပဲ ဖြစ်ပါတယ်။

၆။ ဝန်ထမ်းပါမစ်နှင့် တင်သွင်းမှု
အစိုးရဝန်ထမ်းကောင်း ရရှိထားသူတွေအနေနဲ့လည်း 1.5L အင်ဂျင်နဲ့ ကားတင်သွင်းမယ်ဆိုရင် ဈေးနှုန်းသက်သာလို့ အများဆုံးရွေးချယ် တင်သွင်းကြမယ့် SUV ကားအမျိုးအစားထဲမှာ Toyota Rush (၂၀၁၈-၂၀၂၀)က ဦးစားပေးတင်သွင်းမယ့် ရေပန်းစားကားပဲ ဖြစ်ပါတယ်။

၇။ သင့်တင့်သော Suspension
Toyota Rush (၂၀၁၈-၂၀၂၀)က SUV ကားတစ်စီး ဆိုပေမဲ့ တကယ် အကြမ်းအရမ်းသုံး SUV ကားတွေလို Suspension မျိုး မဟုတ်တာကို တွေ့ရပါတယ်။ Eco Class SUV ကားဖြစ်တဲ့အတွက် လမ်း စနစ်တွေကောင်းလာတာကို အခြေခံပြီး အောက်ပိုင်းတည်ဆောက်မှုတွေကို လျှော့ချ ထုတ်လုပ်လာကြပါတယ်။ Toyota Rush (၂၀၁၈-၂၀၂၀) မိုဒယ်မှာလည်း Luxury SUV မဟုတ်တဲ့အတွက် အရှေ့ပိုင်းကတော့ Macpherson Suspension ကို အသုံး ပြုပေးထားပြီး အနောက်ပိုင်းကိုတော့ Axle Type 5 Link အသုံးပြုပေးထားတဲ့အတွက် အရမ်းကြီးဇိမ်ကျပြီး ငြိမ့်မယ့်ကားတစ်စီးတော့ မဟုတ်ပါဘူး။ မြို့တွင်းနဲ့ နယ်ဘက်လမ်းတွေမှာ အေးအေးဆေးဆေး မောင်းနှင်လို့ရနိုင်တဲ့အတွက် သိပ်ကောင်းမွန်တဲ့ Suspension ကြီး မဟုတ်ပေမဲ့ သူ့ဈေးတန်းနဲ့ပေးရတဲ့ Eco Class SUV ထဲမှာတော့ ရေ ပန်းစားပြီး လက်ခံလို့ရတဲ့ Suspension ပဲဖြစ်ပါတယ်။

၈။Safety System & Airbags
Toyota Rush (၂၀၁၈-၂၀၂၀)မိုဒယ်ရဲ့ Safety ပိုင်းအနေနဲ့ကတော့ EBD ၊ ABS ၊ VSC ၊ HAC စနစ်တွေ ထည့်သွင်းပေးထားပြီး မတော် တဆထိခိုက်မှုအတွက် Airbag ခြောက်လုံး ထည့်သွင်းပေးထားပါတယ်။ Eco Class SUV တစ်စီးကို ဒီလိုစနစ်တွေပါဝင်တာကိုတော့ Safety ပိုင်းနဲ့ပတ်သက်ပြီး အားရစေမယ့် ရေပန်းစားမှုပဲဖြစ်ပါတယ်။

၉။ အပိုပစ္စည်းပေါများခြင်း
Toyota Rush (၂၀၁၈-၂၀၂၀) ဟာ Toyota အုပ်စုကားဖြစ်တာ နဲ့အညီ အပိုပစ္စည်းပေါများပြီး အလွယ်တကူရနိုင်သလို ပြင်ဆင်ရလွယ်ကူ တဲ့အတွက် SUV ကားဝယ်ယူမယ့်သူတွေအနေနဲ့ စိတ်ကြိုက်သုံးပြီး လို အပ်တဲ့ အပိုပစ္စည်းကိုလည်း လွယ်လွယ်ကူကူနဲ့ ဈေးသက်သာစွာ ရရှိနိုင် မှာဖြစ်ပါတယ်။ ဒီလိုအပိုပစ္စည်းပေါများတဲ့ ကားတွေဟာ ရောင်းသူ/ဝယ်သူ ကြား ရေပန်းစားပါတယ်။
Toyota Rush (၂၀၁၈-၂၀၂၀) မိုဒယ်ဟာ ဆီစားသက်သာတဲ့ SUV ကားတစ်စီးဖြစ်ခြင်း၊ အပိုပစ္စည်းပေါများခြင်း၊ ပြင်ဆင်စရိတ်သက် သာခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ Safety အားကောင်းခြင်း၊ ဈေးနှုန်း သိန်း ၃၄၀ ကနေ လေးရာဝန်းကျင်နဲ့ ရရှိနိုင်ခြင်းကြောင့် ရေပန်းစားလာတဲ့ Eco Class SUV တစ်စီးဖြစ်လာတာပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ် လူကြိုက်များသောကားတို့၏ ရေပန်းစားသည့်ပါဝင်များမှာ ဘယ်ကား အမျိုးအစားက ဘယ်လိုရေပန်းစားပြီး လူကြိုက်များတဲ့စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်မျှော်ဖတ်ရှုဖို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here