ကားများ အဝယ်ဆက်လက်အေးစက်နေဆဲ နှစ်ဦးကားဈေးကွက်

311

 

ယခုနှစ် ဇန်နဝါရီ ၅ ရက်မှစ၍ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်များ လျှောက်ထားမည်ဆိုပါက လူစီးယာဉ်များအတွက် ၂၀၁၉ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိ ဘယ်မောင်းယာဉ်များသာ တင်သွင်းရမည်ဖြစ်ပြီး လုပ်ငန်းသုံးယာဉ်များတင်သွင်းမည်ဆိုပါက ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့်ရမည်ဖြစ်သည်။ မီးသတ် ယာဉ်၊ လူနာတင်ယာဉ်များကို တင်သွင်းမည်ဆိုပါက ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တင်သွင်းရမည် ဖြစ်သည်။ ယန္တရားများကို ၂၀၁၂ ခု နှစ်မှ ၂၀၂၁ ခုနှစ်အထိ တင်သွင်းရမည် ဖြစ်သည်။ ထို့ကြောင့် ယခုနှစ် တွင် လူစီးယာဉ်များကို ပြည်ပမှ တင်သွင်းမည်ဆိုပါက ၂၀၁၉ မိုဒယ်မှ စ၍ တင်သွင်းရမည်ဖြစ်၍ မိုဒယ်သတ်မှတ်ချက်မြင့်သွားခြင်းကြောင့် ကားတန်ဖိုးများလည်း များသွားမည် ဖြစ်သည်။ သို့ရာတွင် လက်ရှိ၌ Covid-19 ရောဂါအခြေအနေကြောင့် ဖြေလျှော့ပေးသည့်အနေဖြင့် အကောက် ခွန်နှင့် ကညနခွန်များကို ထက်ဝက်အထိ ဖြေလျှော့ပေးထားသောကြောင့် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုများမှာ ဆက်ပြီးရှိနေဦးမည်ဖြစ်သည်။ ကားသစ်ဈေးကွက်တွင်လည်း ညာမောင်းကားများထက် ဘယ်မောင်း မိုဒယ်မြင့်ကားမျာကို စိတ်ဝင်စားသူ ပိုများလာကြကြောင်း သိရသည်။ ကားအရောင်းအဝယ်ဈေးကွက် ပြန်လည်လှုပ်ခတ်လာသော်လည်း နံပါတ် ထွက်ပြီးကားဟောင်းများနှင့် ကားအရောင်းစင်တာများမှ တင်သွင်းရောင်း ချသည့် မိုဒယ်မြင့် CBU ကားများ၊ ကားအရောင်းစင်တာများမှ တင်သွင်းသည့် ကျပ်သိန်းငါးရာအောက် ဘယ်မောင်း Brand New များ အဝယ်ပြန်လိုက်လာသော်လည်း ပြည်တွင်းထုတ် SKD ကားများမှာ အနည်းငယ် အဝယ်ဆက်ပြီးအေးနေသည်။

“ဒီရက်ပိုင်းကားဈေးကွက်က ပုံမှန်အတိုင်း အရောင်းအဝယ် ပြန် ဖြစ်လာပါတယ်၊ ဈေးကွက်အကြိုက် ညာမောင်းကားကလည်း အရင်လို ဈေးမမာဘဲ အောက်ဈေးတွေနဲ့ ဆိုရင်တော့ အရောင်းအဝယ် ဖြစ်ပါတယ်၊ ၂၀ဝ၁၊ ၂၀ဝ၂၊ ၂၀ဝ၃၊ ၂၀ဝ၄ မိုဒယ်ကားတော်တော်များများကတော့ အရောင်းရှိပေမဲ့ ဈေးကွက်လိုအပ်ချက်က ကားသစ်ဘက်ကို ပါ လာတဲ့အတွက် ဝယ်/ရောင်းတွေတောင်မှ သိပ်ပြီး မကောက်ချင်ကြတော့ဘူး၊ ဒီရက်ပိုင်းမှာ ပြည်ပကနေ သွင်းတဲ့ကားတွေက ပိုပြီး အမေးများသလို အဝယ်လည်း ရှိပါတယ်၊ Hot နေတဲ့ ကားအမျိုးအစားတွေကတော့ Lexus NX200 ၊ Mitsubishi Eclips Cross ၊ Chevrolet Malibu ၊ Chevrolet Spark တွေ ဖြစ်ပါတယ်၊ SKD တွေထဲမှာ ဝန်ထမ်းပါမစ် ကြောင့် ရောင်းဈေး သိန်းလေးဆယ်ဝန်းကျင်အထိ ချပေးလိုက်တဲ့ Accent ကတော့ ဈေးချလိုက်လို့ အဝယ်လိုက်လာပါတယ်၊ ညာမောင်းတွေ ထဲမှာတော့ ၁၅၀ နဲ့ ၂၀ဝ ကြား ကားလေးတွေ အလဲအထပ်စနစ်နဲ့ ကားသစ်တွေနဲ့လဲစီးကြလို့ ဈေးကွက်ထဲမှာ အရောင်းပိုများပါတယ်၊ ကျပ် သိန်းသုံးရာနဲ့ ၃၅၀ ထဲက ညာမောင်းတွေထဲမှာတော့ ဒီရက်ပိုင်း Alphard ၊ Kluger တို့ အမေးများပါတယ်”ဟု MMM ကား အရောင်းစင်တာ မှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ပြောသည်။

ကားအရောင်းအဝယ်ဈေးကွက် လှုပ်ခတ်လာခြင်းနှင့်အတူ ဝန်ထမ်းပါမစ်အရောင်းအဝယ်များရှိလာပြီး ရောင်းချင်သူ ပိုများလာခြင်းကြောင့် ဝယ်ဈေးများ အနည်းငယ်ကျသွားကြောင်း သိရသည်။ ဝန်ထမ်းပါမစ်များထဲတွင် ပါမစ်အမျိုးအစားအလိုက် ကျပ် ၁၅ သိန်းမှ ၁၅၀ အထိ ပေးဝယ်နေကြပြီး ပြည်ပမှ တင်သွင်းခွင့်မရသည့် လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက် ပါမစ်များမှာ ရောင်းချမည့်သူပိုများနေကာ ဝယ်ဈေးများမှာလည်း ယခင်ကျပ် ၁၇ သိန်း၊ ၁၈ သိန်းပေးဝယ်သော်လည်း လက်ရှိတွင် ၁၅ သိန်းအထိသာပေးဝယ်ပြီး နယ်လိုင်စင်ဆိုပါက အဝယ်မရှိကြောင်း သိရသည်။

“အခုအချိန်က ပွင့်လင်းရာသီဆိုတော့ အရင်နှစ်တွေက အိမ်စီးကား ရောလုပ်ငန်းသုံးကားပါ အရောင်းအဝယ် ရှိပါတယ်၊ အခုကျတော့ ကိုဗစ်ကြောင့် စီးပွားရေးအခြေအနေတွေ မကောင်းကြတဲ့အတွက် အဝယ်အေးတာလည်းရှိသလို ဝန်ထမ်းပါမစ်ကလည်း ထွက်လာတော့ ကားအရောင်းအဝယ်ဈေးကွက်က ငြိမ်နေပါတယ်၊ SKD ကားတွေဆိုရင် ဒီရက်ပိုင်း တော်တော်လေး အဝယ်အေးပါတယ်၊ ဒီအချိန်က သီးနှံတွေပေါ်တဲ့အချိန်ဆိုတော့ အရင်နှစ်တွေက လုပ်ငန်းသုံးကားတွေ ဝယ်ကြတာတွေရှိတယ်၊ ဒါပေမဲ့ ဒီနှစ်က သီးနှံအထွက်နည်းတာရော နယ်စပ်ကုန်သွယ်ရေးတွေကျတာတွေကြောင့် လုပ်ငန်းသုံးကားတွေပါ အဝယ်အေးနေပါတယ်၊ ညာမောင်းကားဈေးတွေ ကျလာတာတွေ့ရပေမဲ့ လုပ်ငန်းသုံးညာမောင်းကား ဈေးတွေကတော့ ကျမသွားတာ တွေ့ရပါတယ်၊ ဝန်ထမ်းပါမစ်ကျတော့ လည်း တင်သွင်းဖို့ လာမေးတဲ့သူရှိပေမဲ့ ပါမစ်ရောင်းချင်တဲ့သူက ပိုပြီးများ တာကို တွေ့ရပါတယ်”ဟု United Eleven မှ ဒါရိုက်တာ ကိုအောင်သူ ကပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းပါမစ်များ ကို ခွင့်ပြုရာတွင် ၂၀၂၀ ပြည့်နှစ်အတွင်း လျှောက်ထားခဲ့သည့်ပါမစ်များ ကို ထိုနှစ်၏ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအတိုင်း ခွင့်ပြုပေးမည် ဖြစ်ပြီး ယခုနှစ်အတွင်း လျှောက်ထားသည့် ပါမစ်များကိုမူ ၂၀၂၁ ခုနှစ် ၏ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအတိုင်း တင်သွင်းခွင့် ထုတ်ပေး မည်ဖြစ်သည်။ ဝန်ထမ်းပါမစ်များဖြင့် တင်သွင်းရာတွင် ကျပ်သိန်းသုံးရာ ဝန်းကျင်ကားအမျိုးအစားများထဲတွင် Toyota Camry (2018 ၊2019)၊ Toyota Corolla(2018 ၊2019)၊ Honda Civic(2018 ၊2019)၊ Honda Accord(2018 ၊2019)၊Hyundai Sonata(2020)၊ Nissan Altima(2019 ၊2020)၊ Chevrolet Malibu(2019 ၊2020)၊ Toyota CH-R(2018 ၊2019)၊ Toyota RAV-4(2019)၊ Ford Edge (2018 ၊2019 ၊ 2020) ၊ Ford Escape (2018 ၊2019 ၊ 2020)၊ GMC Terrain (2018)၊ Nissan Qashqai(2018 ၊2019 ၊ 2020)၊ Nissan Kick(2019 ၊2020)၊ Hyundai SantaFe (2019 ၊ 2020)၊ Honda CR-V (2018 ၊ 2019)၊ Honda HR-V (2018 ၊ 2019)၊ Mitsubisahi Eclipes Cross (2018 ၊ 2019 ၊ 2020)၊ Mitsubishi ASX (2018 ၊ 2019 ၊ 2020)၊ Mitsubishi Outlander (2018 ၊ 2019)၊ Chevrolet Equinox (2018 ၊ 2019)၊ Chevrolet Trax (2018၊ 2019)၊ Chevrolet Trailblazer (2020 ၊ 2021)၊ Chevrolet Captiva (2018 ၊ 2019)တို့ ပါဝင်ပြီး ကျပ်သိန်း ငါးရာဝန်းကျင် ကားအမျိုးအစားများထဲတွင် Lexus ES (2018 ၊ 2019 ၊ 2020)၊ Lexus GS (2018)၊ Cadillac CT6 (2020)၊ BMW 5 Series (2018)၊ Toyota Sienna (2020)၊ BMW X4 (2018)၊ BMW X5 (2018)၊ Honda Pilot(2020)၊ Toyota Highlander(2018)၊ Toyota Venz (2021)၊ Lexus RX350 (2018 ၊ 2019 ၊ 2020)၊ Lexus RX300 (2018 ၊ 2019 ၊ 2020)၊ Lexus NX300 (2018 ၊ 2019 ၊ 2020)၊ Luxus UX (2019 ၊ 2020)၊ Ranger Rover Evoque (2018 ၊ 2019 ၊ 2020)၊ Lexus GX460 (2018 ၊ 2019) ကားများမှာ တင်သွင်းရန် စိတ်ဝင်စားမှုများနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here