ငါးခုမြောက် စက်ရုံကို အမေရိကန်တွင်ပင် Tesla ဆောက်လုပ်မည်

162

 

ထိပ်တန်း အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ Tesla သည် မူလက ၎င်းတို့၏ ငါးခုမြောက်စက်ရုံအား နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုတွင် တည်ဆောက်နိုင်ဖွယ်ရှိသည်ဟု ကြေညာထားသော်လည်း ယခုအခါ နိုင်ငံအတွင်းမှာပင် တည်ဆောက်သွားတော့မည်ဖြစ်ကြောင်း RedOrbit ဝက်ဘ်ဆိုက်က အောက်တိုဘာ ၂၇ ရက်တွင် ဖော်ပြ သည်။

ကယ်လီဖိုးနီးယား၊ ရှန်ဟိုင်း၊ ဘာလင်၊ တက္ကဆက်စ်တို့တွင် စက်ရုံများတည်ဆောက်ကာ ကားများထုတ်လုပ်နေသည့် Tesla အမှုဆောင်အရာရှိချုပ် Elon Musk က ယခုနှစ် သြဂုတ်လ အစောပိုင်းအတွင်း ငါးခုမြောက် စက်ရုံအား အမေရိကန်မှာပင် တည်ဆောက်ဖွယ်ရှိသည်ဟု အရိပ်အမြွက် ပြောကြားဖူးသည်။

ထို့ပြင် ၎င်းက ကမ္ဘာ့ဒုတိယ လူဦးရေအများဆုံးနိုင်ငံ အိန္ဒိယတွင်လည်း လာမည့်နှစ်အတွင်း စက်ရုံဆောက်လုပ်မည်ဟု အတိအကျ ပြောဖူးသည်။

ထို့ကြောင့် Tesla မှ နောက်ထပ်ဆောက်လုပ်မည့် စက်ရုံသစ်သည် အမေရိကန်တွင် ဖြစ်မည်လား၊ နိုင်ငံခြား တိုင်းပြည်တစ်ခုတွင် ဖြစ်မည်လားဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်လာချိန်တွင် Securities and Exchange Commission ထံ Tesla မှပေးပို့လာသည့် ဖိုင်အရ အမေရိကန်တွင်သာ တည်ဆောက်သွားရန် စီစဉ်ထားသည်ဟု RedOrbit ဝက်ဘ်ဆိုက်က ဖော်ပြသည်။

အမေရိကန်တွင် သုံးခုမြောက်စက်ရုံ ဖြစ်လာမည့် အဆိုပါစက်ရုံကို East Coast ဒေသ၌ ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိအခြေအနေအရ Tesla Customers အသစ်များအနေဖြင့် ကားဝယ်ယူလိုပါက အမေရိကန် အနောက်ခြမ်းဒေသ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်စက်ရုံမှ ထုတ်လုပ်သော ကားများကိုသာ စောင့်ဆိုင်းနေရသည်။

Tesla နှင့် ဆက်စပ်သော သတင်းတစ်ပုဒ်အရ ရှန်ဟိုင်းစက်ရုံမှ ထုတ်လုပ်သော ကားများကို ဥရောပနိုင်ငံများသို့ ပထမဆုံးအကြိမ် တင်ပို့ရောင်းချနေပြီဟု Inkstone ဝက်ဘ်ဆိုက်က အောက်တိုဘာ ၂၇ ရက်တွင် ဖော်ပြသည်။ အောက်တိုဘာ ၂၆ ရက်ကလည်း တရုတ်နိုင်ငံထုတ် Model 3 ဆီဒန်ကား အစီးရေ ခုနစ်ထောင်ကို ရှန်ဟိုင်း ဆိပ်ကမ်းမှတစ်ဆင့် သ​ေင်္ဘာဖြင့် ဥရောပတိုက်သို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့သည်။

တရုတ်နိုင်ငံထုတ် Model 3 ဆီဒန်ကားများကို ဝယ်ယူမည့် ဥရောပ နိုင်ငံ ၁၀ နိုင်ငံတွင် ဂျာမနီ၊ ပြင်သစ်၊ အီတလီ စသည့် စက်မှုဖွံ့ဖြိုးပြီး ထိပ်တန်းနိုင်ငံများ ပါဝင်သည်။

Ref:RedOrbit၊ Inkstone

ဘာသာပြန်-ခွန်ဝဏ္ဏ

LEAVE A REPLY

Please enter your comment!
Please enter your name here