ကလေးမြို့တွင် ကညနရုံး ပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်း ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးမှုများ တစ်နေ့လျှင် အစီး တစ်ရာကျော်ရှိ

258

က​လေး၊ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကညနရုံး ပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်း ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးမှုများ တစ်နေ့လျှင် အစီး တစ်ရာကျော်ရှိပြီး ကားလိုင်စင်သက်တမ်းတိုးမှုမှာ တစ်နေ့လျှင် အစီး နှစ်ဆယ်ကျော်ရှိကြောင်း ကလေးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ရုံးပြန်ဖွင့်တဲ့နေ့ကစပြီး ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးတာက တစ်ရက်ကို အစီး တစ်ရာကျော်ရှိတယ်၊ တချို့ရက်တွေ အစီး ၁၂၀ လောက်ရှိတယ်၊ ကားကတော့ တစ်ရက် ၁၅ စီး၊ အစီး နှစ်ဆယ်က အလွန်ဆုံးပေါ့” ဟု အဆိုပါရုံးမှ တာ၀န်ခံအင်ဂျင်နီယာ ဦးသန်းနိုင်က ပြောကြားသည်။

Covid-19 ရောဂါကြောင့် ကညနရုံးများတွင် ယာဉ်သက်တမ်းတိုးခြင်းလုပ်ငန်းများ ရပ်နားထားခဲ့ရပြီး ကလေးခရိုင်အပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးခြင်းနှင့် မော်တော်ယာဉ်သက်တမ်းတိုးခြင်းတို့ကို ဇွန် ၈ ရက်မှ စတင်၀န်ဆောင်မှုပေးနေသည်။ ထိုသို့ ၀န်ဆောင်မှုပြန်ပေးရာတွင် ကညနရုံးသို့ လာရောက်သူတိုင်း Mask တပ်ကြရန်နှင့် အပူချိန်တိုင်းတာစစ်ဆေးမှုများ၊ နာမည်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ် စသည်တို့ကိုလည်း မှတ်တမ်းတင်ထားကြောင်း ကလေးခရိုင်ကညနရုံးမှ သိရသည်။

“ဆိုင်ကယ် သက်တမ်းတိုးလာတယ်ဆိုရင် ရုံးအတွင်း တစ်ယောက်ပဲ လာရောက်ဆောင်ရွက်ခွင့်ပြုတယ်၊ ကားဆိုရင်တော့ နှစ်ယောက်၀င်ခွင့်ပေးတယ်၊ လာတဲ့သူတိုင်း အ၀င်မှာ လက်ဆေးကြဖို့နဲ့ Mask တပ်ကြဖို့ တစ်ခါတည်းအသိပေး လုပ်ဆောင်နေတယ်” ဟု အဆိုပါရုံးမှ တာ၀န်ခံအင်ဂျင်နီယာ ဦးသန်းနိုင်က ထပ်မံဆိုသည်။

ကလေးမြို့တွင် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးရာ၌ ကနဦးအနေဖြင့် သူတစ်ပါးထိခိုက်မှုအာမခံကို မြန်မာ့အာမခံရုံးတွင် ပေးသွင်းခိုင်းကာ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဘီးခွန်မှာ ကညနရုံးရှေ့၌ One-stop Services လုပ်ဆောင်ပေးလျက်ရှိပြီး သတ်မှတ်နှုန်းထားများအတိုင်း နေ့ချင်းပြီး၊ သို့မဟုတ် နှစ်ရက်အတွင်း အမြန်ဆုံးလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here