တိုက်ကား သို့မဟုတ် Bumper Car တွေ အကြောင်း တစေ့တစောင်း

197

 

မြန်မာလို အရပ်အခေါ်အရ တိုက်ကားလို့ခေါ်ကြတဲ့ Bumper Car ခေါ် Dodgem ကားလေးတွေဟာ ကြမ်းခင်း၊ ဒါမှမဟုတ် မျက်နှာကြက်ကနေ ရတဲ့စွမ်းအင်နဲ့ ရွေ့လျားစေတဲ့ လျှပ်စစ်စွမ်းအင်သုံး အသေးစား အပျော်စီး ယာဉ်တစ်စီးပဲ ဖြစ်ပါတယ်။ တိုက်ကားတွေဟာ ကစားကွင်းတွေမှာ ကလေးရော လူကြီးပါ ကြိုက်နှစ်သက်ကြတဲ့ အပျော်စီးယာဉ်တွေဆိုရင်လည်း မမှားပါဘူး။ Bumper Car တွေကို လည်ပတ်မောင်းနှင်ဖို့ နည်းလမ်း သုံးခုကို အသုံးပြုကြရာမှာ သက်တမ်းအရင့်ဆုံးနဲ့ အသုံးအများဆုံးကတော့ ဓာတ်စီးနေတဲ့ ကြမ်းခင်းနဲ့ မျက်နှာကြက်ကို အသုံးပြုတဲ့နည်းပဲဖြစ်ပြီး ကားတစ်စီးစီမှာ ကြမ်းခင်းနဲ့ထိတွေ့တဲ့ မျက်နှာပြင်နဲ့ မျက်နှာကြက်နဲ့ ထိစပ်နေတဲ့ တိုင်တစ်တိုင်စီ ပါဝင်တာကြောင့် လျှပ်စီးပတ်လမ်းဖြစ်ပေါ် စေပြီး ကားတွေကို ရွေ့လျားသွားလာစေပါတယ်။ နောက်နည်းလမ်းသစ်တစ်ခုက မျက်နှာကြက်နဲ့ချိတ်ဆက်မထားဘဲ ကြမ်းခင်းမှာရှိတဲ့ သတ္တု ချောင်းလေးတွေကတစ်ဆင့် လျှပ်စီးအားရပြီး ကားတွေကို ရွေ့လျားစေပါ တယ်။ ဒီနည်းလမ်းသုံးမယ်ဆိုရင် ကားအရွယ်အစားကြီးဖို့တော့ လိုပါတယ်။ Quantum-class အပျော်စီးသင်္ဘောကြီးတွေပေါ်က Bumper Car တွေက တော့ ဘက်ထရီနဲ့ပဲ ရွေ့လျားပါတယ်။ သမားရိုးကျ Bumper Car တွေ မောင်းနှင်တဲ့ကွင်းဟာ အဓိကအနေနဲ့ ထောင့်မှန် စတုဂံပုံ၊ ဒါမှမဟုတ် ဘဲဥပုံ ရှိကြပြီး ပွတ်တိုက်အားလျော့ကျအောင် Graphite လို့ ခေါ်တဲ့ ခဲမှုန့်တစ်မျိုး ဖြူးထားရပါတယ်။ တိုက်ကားစီးတဲ့အခါ တစ်စီးနဲ့ တစ်စီး တွန်းတိုက်မောင်းနှင် ကြတာကြောင့် တချို့ကားတွေမှာ ရော်ဘာကွင်းကြီးတွေကို အကာအရံအဖြစ် ဝန်းရံထားပါတယ်။ ရော်ဘာဘမ်ပါတွေ ပတ်လည်ပါဝင်တဲ့ တိုက်ကားကို ထိန်းချုပ်ဖို့အတွက် Accelerator နဲ့ စတီယာရင်တို့ ပါဝင်ပြီး ကားကို နောက် ပြန်ဆုတ်လို့လည်း ရပါတယ်။
Bumper Car တွေကို ၁၉၂ဝ ပြည့်လွန်နှစ်အစောပိုင်းကာလတွေက တည်းက Dodgem လို့ အမည်ရတဲ့ ကုမ္ပဏီတစ်ခုကနေ ပထမဆုံး စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ Bumper Car ကား တွေဟာ တကယ်တော့ တိုက်ကားမဟုတ်ဘဲ ထိခိုက်မှုကို ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ထည်တောင့်တင်းခိုင်မာမှု သိပ်မရှိ သေးတာကြောင့် ဒီနေ့ခေတ် တိုက်ကား(Bumper Car) တွေလို အချင်းချင်း တိုက်လို့ မရသေးဘဲ အပျော်မောင်းနှင်ရုံသက်သက်သာ ဖြစ်ပါတယ်။ ၁၉၂ဝ ပြည့်လွန်နှစ်တွေကနေ ၁၉၅ဝ ပြည့်လွန်နှစ်တွေအထိ အမေရိကန်ရဲ့ အဓိက Bumper Car အမှတ်တံဆိပ်နှစ်ခုကတော့ Max and Harold Stoehrer က ထုတ်လုပ်တဲ့ Dodgem နဲ့ Lusse Brothers ရဲ့ Auto-Skooter တို့ပါပဲ။ ၁၉၅၉ ခုနှစ်မှာတော့ Lusse Brothers ဟာ ပထမဆုံး Fiberglass ကိုယ်ထည် နဲ့ Bumper Car ကို တည်ဆောက်ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်ဝန်းကျင်မှာ Disneyland ကနေ​Hovercraft ကို အခြေခံထားတဲ့ Flying Saucer ခေါ် Bumper Car တွေကို မိတ်ဆက်ခဲ့ပေမဲ့ စက်ပိုင်းဆိုင်ရာလိုအပ်ချက်ကြောင့် နှစ်အနည်းငယ်အကြာမှာ ရပ်ဆိုင်းခဲ့ရပါတယ်။
အခုနောက်ပိုင်းမှာတော့ Bumper Car တွေကို ကားကိုယ်ထည် ပုံစံတင်မက စတီယာရင်ပိုင်းနဲ့ လုံခြုံမှုအပိုင်း ကိုပါ တဖြည်းဖြည်း အဆင့်မြှင့်တင်ဖန်တီးလာပါတယ်။ Bumper Car တွေ အချင်းချင်း တိုက်ခိုက်ကစားရာမှာ ခံနိုင်ရည် ရှိဖို့အတွက် ကိုယ်ထည်ကို ပိုကြံ့ခိုင်အောင် ဖန်တီးလာကြပြီး ထိုင်ခုံခါးပတ်တွေတောင် ပါဝင်လာပါတယ်။ အခုလက်ရှိ အကြီးဆုံးလို့ဆိုရမယ့် Bumper Car ကားရုံကြီးကတော့ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ Gurnee က Six Flags Great America အပန်းဖြေကစားကွင်းကြီးအတွင်းမှာ တည်ရှိပြီး Rue Le Dodge လို့ ခေါ်ဝေါ်ပါတယ်။ Six Flags Great Adventure ရဲ့ Auto-bahn ဟာလည်း အကြီးဆုံး Bumper ကားရုံ ဖြစ်ပေမဲ့ ၂ဝဝ၈ ခုနှစ်က စလို့ လည်ပတ်မှုရပ်ဆိုင်းခဲ့ပါတယ်။ Bumper Car တွေကို တဖြည်းဖြည်း အဆင့်မြှင့်တင် လာကြတာ အခုဆိုရင် ရုံထဲမှာတင်မဟုတ်ဘဲ အပြင်ဘက်လမ်းပေါ်မှာပါ တရားဝင်ေမာင်းနှင်လာနိုင်ြကပါြပီ။

LEAVE A REPLY

Please enter your comment!
Please enter your name here