ကလေးမြို့နယ်အား Stay at Home အစီအစဉ်တွင် အကျုံး၀င်ခြင်းမှ ပယ်ဖျက်ပြီးနောက်ပိုင်း ဒေသတွင်း ကား၊ ဆိုင်ကယ်၊ သွားလာသူများဖြင့် ပြန်လည်စည်ကားလာ

223

 

က​လေး၊ ​မေ ၁၆

ကလေးမြို့နယ်အား Stay at Home အစီအစဉ်တွင် အကျုံး၀င်ခြင်းမှ မေ ၁၅ ရက် နံနက် ၄ နာရီမှ စတင်ပယ်ဖျက်လိုက်ပြီးနောက်ပိုင်း ကား၊ ဆိုင်ကယ်များအပါအဝင် မြို့တွင်း သွားလာသူများဖြင့် ပြန်လည်စည်ကားလာကြောင်း ဒေသခံများထံမှ သိရသည်။

“Stay at Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်တယ်ဆိုတာ မနေ့ညကတည်းက ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနက ထုတ်ပြန်လိုက်တော့ ဒီကနေ့ စတင်ပယ်ဖျက်တဲ့နေ့မှာတင် သွားလာသူတွေနဲ့ စည်ကားလာတယ်၊ အရင်ထက် သွားလာသူတွေ ပိုများလာတယ်ပေါ့၊ တချို့လည်း Stay at Home အစီအစဉ်ပယ်ဖျက်တာကို လွတ်လွတ်လပ်လပ်သွားလို့ရပြီထင်ပြီး Mask မတပ်ဘဲ ဒီအတိုင်းသွားလာနေကြတာတွေရှိတယ်၊ တကယ်က အိမ်မှာနေရမယ့်အစီအစဉ်ကို ပယ်ဖျက်လိုက်တာပဲရှိတယ်၊ ကားနဲ့ပဲထွက်ထွက် ဆိုင်ကယ်နဲ့ပဲထွက်ထွက် အပြင်ထွက်ရင်ကို မဖြစ်မနေ Mask တပ်ကြဖို့လိုမယ်” ဟု ကလေးခရိုင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအထွေထွေကော်မတီမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးစတင်တွေ့ရှိခဲ့ချိန်မှစ၍ ရောဂါဖြစ်ပွားရာဒေသများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၀ မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်၌ အကျုံး၀င်ကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ကြေညာခဲ့သည်။ သို့သော် ယခုအခါ Covid-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိမှုမရှိခြင်း၊ Stay at Home အစီအစဉ် ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှ၀န်ထမ်းများနှင့် နှီးနွှယ်သည့်ဌာနဆိုင်ရာများအားလုံး၊ အဖွဲ့အစည်းများ၊ စေတနာ့၀န်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပါ၀င်ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် Stat at Home အစီအစဉ်ကို မေ ၁၅ ရက် နံနက် ၄ နာရီမှ စတင်ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်သည်။

“Stay at Home ကာလတုန်းက ဘယ်မသွားရ ဟိုမလာရအခြေအနေ ဖြစ်ခဲ့တော့ ဒီနေ့ကစပြီး မြို့ထဲသွားလာသူတွေနဲ့ ပြန်စည်ကားလာတာတွေ့ရတယ်၊ ပိတ်ထားတဲ့ တချို့ဆိုင်တွေလည်း ပြန်ဖွင့်လာကြတာရော အလုပ်ကိစ္စနဲ့မဖြစ်မနေ သွားလာရမှာတွေလည်းရှိတော့ ဒီနေ့ မြို့ထဲမှာ ပြန်စည်ကားလာတယ်ပေါ့၊ ဒါပေမဲ့ Mask မတပ်ဘဲ သွားလာတဲ့သူတွေတော့ ပြန်များလာတယ်” ဟု ကလေးမြို့ခံတစ်ဦးဖြစ်သူ ဦးမျိုးသိန်းက ဆိုသည်။

ယခုအခါ ကလေးမြို့နယ်တွင် ညမထွက်ရ Curfew အမိန့်ကိုလည်း ယခင် ည ၁၀ နာရီမှ နံနက် ၄ နာရီအစား မေ ၁၅ ရက်မှစတင်၍ ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း မထွက်ရန် ပြင်ဆင်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here