မေ ၁၁ ရက်တွင် ကညန ကနဦးမှတ်ပုံတင်ရုံးများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၊ ကားအစီး​ရေ ကန့်သတ်ခြင်းမရှိဘဲ ကနဦးလုပ်ငန်းများ ​ပုံမှန်အတိုင်းဆောင်ရွက်​ပေးမည်

255

 

ရန်ကုန်၊ ​မေ ၈

ကနဦးမှတ်ပုံတင် ဆောင်ရွက်သည့် ထောက်ကြန့်၊ နေပြည်တော်၊ မန္တလေး၊ ရွာသားကြီးရုံးများကို မေ ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကားအစီး​ရေ ကန့်သတ်ခြင်းမရှိဘဲ ကနဦးလုပ်ငန်းများ ​ဆောင်ရွက်​​ပေးမည် ဖြစ်​ကြောင်း ထောက်ကြန့်ကနဦး မှတ်ပုံတင်ဌာနမှ သိရသည်။

“ကနဦးမှတ်ပုံတင်ဆောင်ရွက်တဲ့ ရုံး လေးရုံးကို မေ ၁၁ ရက်မှာ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊ ရုံးကို လာရောက်ဆောင်ရွက်ကြတဲ့သူတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေ၊ ဆောင်ရွက်ချက်တွေအတိုင်း အားလုံး စီစဉ်ဆောင်ရွက်ပေးထားပါတယ်”ဟု ထောက်ကြန့် ကညန ဦးစီးမှူး ဦးလှမြင့်က ပြောသည်။

မေ ၁၁ ရက်မှစပြီး ကနဦးမှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရာတွင် Covid 19 ရောဂါ ကာကွယ်ရေးအတွက် ရုံးများတွင် လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ Mask မတပ်ပါက ရုံးအတွင်း ပေးမဝင်ခြင်း အစရှိသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

ထို့ပြင် ကနဦးမှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရာ၌ လတ်တ​လော ကားအစီးရေ မကန့်သတ်ဘဲ ပုံမှန်အတိုင်းသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here