377

ချင်းပြည်နယ်မှ သဲ၊ ကျောက်တင်ကားများအား ကလေးမြို့တွင်းသို့ ၀င်ရောက်ခွင့် ယာယီပိတ်ပင်ထား

က​လေး၊ ဧပြီ ၂၈

ချင်းပြည်နယ်မြောက်ပိုင်း မြို့နယ်များရှိ လမ်းအဆင့်မြှင့်တင်ခြင်းများအပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်းများ၌ သဲ၊ ကျောက်များ သယ်ယူရာတွင် အသုံးပြုနေသော သဲတင်၊ ကျောက်တင်ကားများကို ကလေးမြို့နယ်သို့ ၀င်ရောက်ခွင့်ယာယီပိတ်ပင်ထားကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ(မစက)မှ သိရသည်။

“လောလောဆယ် Covid-19 တားဆီးကာကွယ်ထိန်းချုပ်ရေးကာလဖြစ်နေတဲ့အတွက် လောလောဆယ်မှာ ချင်းပြည်နယ်ကလာတဲ့ သဲ၊ ကျောက်တင်ကားတွေကို ကလေးမြို့နယ်ထဲ ၀င်ရောက်ခွင့် ယာယီပိတ်ပင်ထားတယ်၊ ဘယ်အချိန် သွားလာခွင့်ပြန်ပေးမယ်ဆိုတာတော့ လတ်တလော ပြောလို့မရသေးဘူး ” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးစိုး၀င်းက ပြောကြားသည်။

ချင်းပြည်နယ်အတွင်း တီးတိန်၊ ဖလမ်း၊ ဟားခါး စသော မြို့နယ်အသီးသီးရှိ လမ်းလုပ်ငန်းများ၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများ၏ အခြေခံကုန်ပစ္စည်းများဖြစ်သည့် သဲ၊ ကျောက်များကို ကလေးမြို့မှ ၀ယ်ယူကြရကြောင်း၊ သို့သော် ယခုကာလသည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်၀န်းဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေရခြင်းဖြစ်သဖြင့် ကလေးမြို့မှ ချင်းပြည်နယ်သို့ သွားမည့် သဲတင်၊ ကျောက်တင်ကားများကိုလည်း ခွင့်မပြုကြောင်း ကလေးမြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီမှ သိရသည်။

“လတ်တလောမှာတော့ ချင်းပြည်နယ်ထဲက သဲ၊ ကျောက်တင်ကားတွေက ကလေးခရိုင်ထဲကနေ သဲကျောက်တွေ သယ်ချင်တယ်ဆိုရင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဆီ ခွင့်ပြုမိန့် တောင်းခံရပါမယ်၊ ခရိုင်ကနေ တိုင်းကိုတင်ပြပြီး တိုင်းကခွင့်ပြုမှ ဖြတ်သန်းသွားလာခွင့်ပေးပါမယ် ” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးစိုး၀င်းက ထပ်မံဆိုသည်။

ထိုသို့ ချင်းပြည်နယ်မှ သဲတင်၊ ကျောက်တင်ကားများကို ကလေးမြို့နယ်အတွင်းသို့ ၀င်ရောက်ခွင့်မပြုခြင်းကြောင့် ချင်းပြည်နယ်မြှောက်ပိုင်းအ​ပေါ် မှီခိုအားထား၍ လုပ်ကိုင်နေကြရသော လုပ်ငန်းအများစု ဂယက်ရိုက်နေပြီး ရေရှည်အထိ ပိတ်ပင်ထားပါက ကားဒရိုင်ဘာများနှင့် စပယ်ယာလုပ်ကိုင်နေသူများတွင် စား၀တ်နေရေးပါ အခက်တွေ့လာမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

“ကားဒရိုင်ဘာတို့၊ စပယ်ယာတို့ဆိုတာ လစာရှိတာမဟုတ်ဘူး၊ တစ်ခေါက်သွားလို့ရမှ ကားမောင်းကြေး တစ်ခေါက် ဘယ်လောက်ဆိုပြီး သတ်မှတ်ပေးရတာ၊ အခု သဲကျောက်တင်ကားတွေ ချင်းပြည်နယ်သွားလို့ မရပေမဲ့ ကလေးမြို့နယ်အတွင်းက သွားလို့ရနေတော့ နည်းနည်းတော်သေးတယ်၊ ဒါပေမဲ့ ၀င်ငွေက အရင်လိုမဟုတ်တော့ ရေရှည်ဆို သူတို့အတွက် စား၀တ်နေရေးအခက်တွေ့ လာနိုင်တယ်” ဟု ရွှေဒယ်အိုး သဲ၊ ကျောက်လုပ်ငန်းလုပ်ကိုင်သူ ကလေးမြို့ခံ ကိုအာကာက ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here