သင်္ကေတနှင့် ခရီးသွားခြင်း

1283

Automobile Car Journal တိုက်သည် ကမာရွတ်မြို့နယ်၊ အောင်မြေသာစည်လမ်းတွင်ရှိသည်။ ကျွန်တော်က ကြည့်မြင်တိုင်မြို့နယ်၊ စကားဝါပင်လမ်းတွင် နေသည်။ ကမာရွတ်နှင့် ကြည့်မြင်တိုင်က မြို့နယ်ချင်း ဆက်နေသည်။ အပေါ်ဘက်ကကြည့်လျှင် ဟံသာဝတီလမ်းပဲ ခြားသည်။ အောက်ဘက်ကကြည့်လျှင် ဘုရင့်နောင်လမ်းပဲခြားသည်။ ပြောရလျှင် ကမာရွတ် နှင့် ကြည့်မြင်တိုင်က လမ်းမကြီး၏ဟိုဘက် အခြမ်း၊ ဒီဘက်အခြမ်း ဖြစ်သည်။ အောင်မြေသာစည်လမ်းနှင့် စကားဝါပင်လမ်းကလည်း ဝေးကွာလှသည်မဟုတ်။ လှည်းတန်းဘက်ကသွားလျှင် ကားမှတ်တိုင် ငါးမှတ်တိုင်ပဲခြားသည်။ ဟံသာဝတီ ဂိတ်ဟောင်း၊ ကမာရွတ် ရဲစခန်းရှေ့၊ ကျောင်းရှေ့၊ လှည်းတန်း၊ စံရိပ်ငြိမ် ဤမှတ်တိုင်တွေပဲ ကွာသည်။

ဗဟိုလမ်းဘက်ကသွားလျှင် ဟံသာဝတီ ဂိတ်ဟောင်း၊ စည်ပင်ရဲရိပ်သာရှေ့၊ ပြည်ရိပ်မွန်၊ လှည်းတန်း၊ ဘီအာဘီ စသည့် ခြောက်မှတ်တိုင်ပဲကွာသည်။ သွားရေးလာရေး လိုင်းကားစီးရသည်ကလည်း အဆင်ပြေသည်။ လှည်းတန်းဘက်ကသွားသည့် အင်းစိန်လမ်းမှာရော၊ ဗဟိုလမ်းဘက်ကသွားသည့် ဗဟိုလမ်းမှာရော လိုင်းကားတွေ ဥဒဟိုရှိနေသည်။
ဂျာနယ်တိုက်ကို လမ်းနှစ်လမ်းစလုံး မည်သည့်ဘက်ကစီးစီး ရ၏။ လှည်းတန်းဘက်က စီးလျှင်တော့ ခရီးကြန့်ကြာတတ်
သည်။ ယာဉ်ကြောအလွန်ပိတ်၍ ဖြစ်၏။ မည်သည့်ကားဖြစ်ဖြစ် အနည်းဆုံး မီးပွိုင့်နှစ်ခါမိတတ်သည်။ ကံမကောင်းလျှင် သုံးခါပင် မိတတ်သေး၏။ လှည်းတန်းမီးပွိုင့်မိချိန်နှင့် လှည်းတန်းယာဉ်ကြောပိတ်ချိန် နှစ်ခုပေါင်းလျှင် ကားပေါ်တွင် တစ်ရေးလောက် ကောင်းကောင်းအိပ်နိုင်၏။ ဤမျှလောက်ပင် ကြာတတ်သည်။

ဗဟိုလမ်းဘက်က ကားစီးလျှင်တော့မြန်သည်။ မြန်သည်ဆိုပေမဲ့ လှည်းတန်းဘူတာဖြတ်လမ်းနားတွင် ယာဉ်ကြောပိတ်မိ
နေတတ်သေး၏။ ဤအခါမျိုးတွင် ကြာတတ်သည်။ ကြာသည်ဆိုသော်လည်း လှည်းတန်းဘက်ထက်စာရင်တော့ မြန်နေ
သေးသည်။ ဂျာနယ်တိုက်ကိုသွားဖို့ လှည်းတန်းဘက်မှ ကားစီးလျှင် ဆင်ရေတွင်းမှတ်တိုင်မှာ ဆင်းရသည်။ ဗဟိုလမ်းဘက်မှစီးလျှင် ဆိုက်ကားဂိတ်မှတ်တိုင်မှာ ဆင်းရသည်။ ဆင်ရေတွင်းမှတ်တိုင်မှာ ဆင်းပြီးဂျာနယ်တိုက်ကို သွားလျှင် လမ်းသိပ်မလျှောက်ရ။ ဗဟိုလမ်း ဆိုက်ကားဂိတ်မှတ် တိုင်နားဆင်းပြီး လမ်းလျှောက်လျှင်တော့ လမ်းတော်တော်လေး လျှောက်ရ၏။ ခြေလှမ်းမှန်မှန် လျှောက်လျှင်ပင် ၁၅ မိနစ်၊ မိနစ်နှစ်ဆယ်လောက် လျှောက်ရ၏။

ကျွန်တော်ကတော့ ဂျာနယ်တိုက်သွားတိုင်း များသောအားဖြင့် ဗဟိုလမ်းမှ သွားပြီး ဆိုက်ကားဂိတ်မှတ်တိုင်တွင် ဆင်း
၍ လမ်းလျှောက်သည်။ လှည်းတန်းယာဉ် ကြောပိတ်မှု၊ မီးပွိုင့်ကြာမှုဒဏ်ကို မခံနိုင်။ ဒီကြန့်ကြာမှုက လူကို ငိုက်မြည်းစေသည်၊ ခန္ဓာကိုယ်ညောင်းချိစေသည်၊ ခြေသလုံးကြွက်သားများ တင်းမာစေသည်။
ထို့ကြောင့်လည်း ဗဟိုလမ်းမှ စီး၊ ဆိုက်ကားဂိတ်တွင်ဆင်း၍ လမ်းလျှောက်ခြင်းဖြစ်သည်။ လမ်းလျှောက်ခြင်းက ခန္ဓာ
ကိုယ်ကို ပေါ့ပါးသွက်လက်စေသည်၊ သွေးလည်ပတ်နှုန်း မှန်ကန်စေသည်၊ စိတ်ထိုင်းမှိုင်းမှု ကင်းစေသည်။ ဆိုရလျှင် လမ်းလျှောက်ခြင်းက ကျန်းမာရေးအတွက် အထောက်အပံ့ကောင်းကောင်း ဖြစ်စေသည်။

အခုလည်း ဂျာနယ်တိုက်ကိုသွားဖို့ အိမ်ကအထွက် လမ်းထိပ်မှာ မတ်တတ်ရပ်နေသော ချွန်ရှုပ်ကို တွေ့လိုက်ရသည်။
‘‘ဆရာချစ် ဘယ်လဲ’’
‘‘အော်တိုကို သွားမလို့’’
‘‘ကျွန်တော်လည်း လိုက်မယ်’’
‘‘လိုက်ခဲ့လေ’’
သို့နှင့် ချွန်ရှုပ်တစ်ယောက် ကျွန်တော်နှင့် ပါလာခဲ့သည်။
‘‘ဘာကားစီးမလဲ’’
‘‘ဗဟိုလမ်းဘက်က သွားမယ်ကွာ’’
‘‘အဲဒါကောင်းတယ်၊ လှည်းတန်းဘက်ကသွားရင် ကားတွေပိတ်နေတာ
စိတ်မရှည်ချင်စရာကြီး’’
‘‘ငါလည်း အဲဒီလိုစောင့်နေရတာ စိတ်မရှည်လို့ ဒီဘက်ကသွားတာ’’
ချွန်ရှုပ်နှင့် စကားပြောနေတုန်း လိုင်းကားတစ်စီး မှတ်တိုင်ဝင်လာသည်။ ယာဉ်လိုင်း အမှတ် ၂၂ ဝိုင်ဘီအက်စ်ဖြစ်သည်။
ကားပေါ်တွင် ခရီးသည်များ ပြည့်ကျပ်နေသည်။
‘‘ဆရာချစ် ထိုင်’’
ကံကောင်းချင်သည်လား မပြောတတ်။ ကျွန်တော်တို့ ကားပေါ်တက်ပြီးရုံရှိသေးသည်၊ ကျွန်တော်တို့ရှေ့ထိုင်ခုံတွင်ထိုင်နေသော မိန်းကလေး နှစ်ယောက် ထိုင်ရာမှ မတ်တတ်ထရပ်ကြသည်။ ကျွန်တော်တို့ကို နေရာဖယ်ပေးခြင်းမဟုတ်။ ရှေ့မှတ်တိုင် ဆင်းရန်အတွက် မတ်တတ်ကြိုထ၍ အဆင်သင့်ပြင်ထားခြင်းသာ ဖြစ်သည်။ လွတ်သွားသော ခုံနှစ်လုံးတွင် ကျွန်
တော်နှင့် ချွန်ရှုပ် ဝင်ထိုင်လိုက်သည်။ ကားပေါ်မှာ လူကျပ်လွန်းသဖြင့် အပြင်ဘက်ကိုမမြင်ရ။ ကျွန်တော်တို့ ထိုင်သည့်
နေရာက ကားအနောက်ဘက် အဆင်းပေါက် နှင့် နီးသဖြင့် ကားတံခါး အဖွင့်/အပိတ် ကို မြင်နေရသည်။

ကားကတစ်မှတ်တိုင်ချင်း အဆင်း၊ အတက်ရပ်ပေးပြီး ပုံမှန်ဆက်မောင်းနေ၏။
‘‘လူတွေက အများကြီး ပြည့်ကျပ်နေတော့ ကားအပြင်ကို ဘာမှမမြင်ရဘူး၊ ဘယ်ရောက်ကုန်ပြီလဲတောင် မသိဘူး’’
‘‘နံပါတ်သုံး ရောက်ပြီဆရာချစ်’’
‘‘ဘာလဲကွ နံပါတ်သုံး’’
ချွန်ရှုပ် စကားကို ကျွန်တော် နားမလည်မိ။
‘‘ဒါကတော့ ကျွန်တော့် သင်္ကေတ၊ ကျွန်တော့် ပညာပေါ့’’
‘‘ဘာသင်္ကေတ၊ ဘာပညာလဲ’’
‘‘ဆရာချစ်ကို ကျွန်တော်မေးမယ်’’
‘‘ဘာမေးမှာလဲ’’
‘‘ပင်လယ်ကူးသငေ်္ဘာတွေ၊ လေယာဉ်တွေ သွားလာနေတာ အပြင်ဘက်ကိုကြည့်ပြီး မောင်းနေကြတာလား၊ သင်္ကေတနဲ့ မောင်းနေကြတာလား’’
‘‘လမ်းညွန်သင်္ကေတနဲ့ မောင်းနေကြတာလေ’’
‘‘အဲဒါပဲပေါ့ ဆရာချစ်ရဲ့’’
‘‘ဘာအဲဒါလဲ’’
‘‘မမြင်ရတဲ့နေရာ သွားလာတဲ့အခါ သင်္ကေတနဲ့ တိတိကျကျသွားရတယ်၊ ဒါဆို မလွဲတော့ဘူး’’
‘‘ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့၊ ပြောစရာရှိ တည့်ပြောစမ်း’’
‘‘ပြောပါမယ် ဆရာချစ်ရဲ့၊ တကယ်တည်း စိတ်တိုလိုက်တာ’’
‘‘နင့်လုပ်ပုံက တို ချင်စရာ၊ အပြင်မမြင်ရ၊ ဘာမမြင်ရနဲ့ လူတွေကျပ်လို့ စိတ်တိုနေရတဲ့အထဲ’’

ကျွန်တော့် အသံတွင် စိတ်မရှည်သံ ပါနေကြောင်း ကျွန်တော့်ကိုယ် ကျွန်တော် သိသည်။
‘‘လိုင်းကားတွေက တစ်ကားနဲ့ တစ်ကား မတူဘူးလေ၊ တချို့ကားတွေက အခုရောက်နေတာ ဘာမှတ်တိုင်၊ ရှေ့ရပ်မှာ ဘာမှတ်တိုင်ဆိုပြီး စပီကာကနေတစ်ဆင့် သတိပေးတယ်’’
‘‘အဲဒါ ကောင်းတာပေါ့၊ ခရီးသည်တွေအတွက် ဆင်းမယ့်မှတ်တိုင် ကြိုတင်ြပင်ဆင်လို့လည်းရတယ်၊ ဘယ်ရောက်နေပြီဆိုတာလည်း သိနိုင်တယ်’’

‘‘ဟုတ်တယ် ဆရာချစ်၊ အဲဒီစနစ်မျိုးကကားတိုင်း ကျင့်သုံးနိုင်ရင် ခရီးသည်တွေအတွက် အရမ်း တန်ဖိုးရှိတယ်၊ ဒါပေမဲ့ အဲဒီစနစ်ကျင့်သုံးနေတဲ့ ကားအရေအတွက်က နည်းတယ်’’
‘‘အေးလေ၊နောက်တော့ ဖြစ်လာမယ်လို့မျှော်လင့်ရတာပဲ’’
‘‘ဟော နံပါတ်လေးရောက်ပြီ’’
နှစ်ယောက်သားစကားပြောနေစဉ် ကားက မှတ်တိုင်တွင် ဝင်ရပ်၏။ ခရီးသည် အတက်၊ အဆင်းသာ မြင်နေရသည်။ အပြင်ဘက်ကို မြင်ရသည် မဟုတ်။

‘‘ချွန်ရှုပ် လုပ်ပြန်ပြီ ဘာနံပါတ်လေးလဲ’’
ချွန်ရှုပ် ချက်ချင်းမပြောဘဲ ပြုံးစိစိလုပ်နေရင်း …
‘‘မေးနေတယ်လေကွာ၊ ဘာနံပါတ်လေးလဲလို့’’
‘‘ဒါကတော့ ကျွန်တော့်သင်္ကေတပေါ့ ဆရာချစ်ရယ်’’
‘‘လုပ်ပြန်ပြီ သင်္ကေတ’’
‘‘ဟုတ်တယ် ဆရာချစ်ရဲ့၊ ကျွန်တော် က ကားစီးတဲ့အခါ သင်္ကေတနဲ့စီးတတ်တယ်၊ မှတ်ဉာဏ်ကောင်းကောင်း သတိနဲ့
စီးတာပေါ့’’
‘‘လုပ်လာပြီ ကြီးကြီးကျယ်ကျယ်’’
‘‘ကြီးကျယ်တာ မဟုတ်ပါဘူးဆရာချစ်ရဲ့၊ သတိဆိုတာ ကိုယ်မှာအမြဲကပ်ထားရင် ဘယ်သွားသွား၊ ဘာလုပ်လုပ် အမှား
အယွင်းနည်းတယ်၊ စိတ်ဖိစီးမှုကို လျော့ပါးစေတယ်၊ ဥပမာဆိုပါတော့ အခု ကျွန်တော်တို့ ကားစီးတယ်၊ ကိုယ်ဆင်းရမယ့်
မှတ်တိုင်ရောက်ပြီလား၊ ကျော်သွားပြီလား စဉ်းစားကြည့်ရှုနေရတာ စိတ်ဖိစီးမှု ဖြစ်တယ်’’
‘‘အင်း …ဆိုပါဦး’’
‘‘အဲဒီလို စိတ်ဖိစီးမှုရှိနေရင် တခြားလုပ်ကိုင်စရာရှိတဲ့လုပ်ငန်းတွေ မေ့လျော့သွားနိုင်တယ်၊ ဆန္ဒစောမှုတွေ၊ အလိုမကျမှု
တွေ၊ မကျေနပ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်’’
ချွန်ရှုပ်စကားက ကျွန်တော့်အတွက် စိတ်ဝင်စားဖွယ်ကောင်းနေ၏။

‘‘ဒီလိုမဖြစ်အောင် သင်္ကေတနဲ့ ကားစီးတတ်ရမယ်’’

‘‘လာပြန်ပြီ သင်္ကေတ၊ ဘယ်လိုသင်္ကေတလဲ’’
‘‘ဒီလို ဆရာချစ်ရဲ့၊ ကျွန်တော့်တို့အခု နတ်စင်လမ်းထိပ် ကားမှတ်တိုင်ကနေ ကား စစီးတယ်၊ ဆိုက်ကားဂိတ်မှတ်တိုင်မှာ ဆင်းမယ်၊ နတ်စင်လမ်းကားဂိတ်နဲ့ ဆိုက်ကားဂိတ်မှတ်တိုင် ဘယ်နှမှတ်တိုင်ခြားလဲ၊ ငါးမှတ်တိုင်ခြားတယ်၊ ဒါဆို ခြောက်မှတ်တိုင် မြောက်ဟာ ကျွန်တော်တို့ဆင်းရမယ့်မှတ်တိုင်ပေါ့’’
ချွန်ရှုပ် သူ့စကားနှင့်သူ ကျေနပ်နေပုံရသည်။ ဆက်ရှင်းပြနေ၏။

‘‘ကျွန်တော်တို့ ဆင်းမယ့်မှတ်တိုင်မ ရောက်ခင် ကားက လမ်းမှတ်တိုင်တွေမှာ ငါးခါရပ်မယ်၊ နံပါတ်တစ် ဟံသာဝတီဂိတ်
ဟောငး် မှတ်တိုင်၊ နံပါတ်နှစ် စည်ပင်ရဲစခန်းမှတ်တိုင်၊ နံပါတ်သုံး ပြည်ရိပ်မွန်မှတ်တိုင်၊ နံပါတ်လေး လှည်းတန်းမှတ်တိုင်၊
နံပါတ်ငါး ဘီအာဘီမှတ်တိုင်၊ နံပါတ် ခြောက်ဆိုက်ကားဂိတ်မှတ်တိုင်၊ အဲဒီလို မှတ်တိုင်တွေကို နံပါတ်အစဉ်လိုက် င်္ကေတထားပြီး မှတ်ထားလိုက်ရင် ကားတစ်ခါရပ်တိုင်း ဘယ်မှတ်တိုင်ဆိုတာ သိရတာပေါ့’’
ချွန်ရှုပ်က သူ့စကားနှင့်သူ ဟုတ်နေပြန်သည်။

‘‘အခုဆိုရင် ကျွန်တော်တို့စီးလာတာ နံပါတ်လေးရောက်နေပြီ၊ ဒါဟာ လှည်းတန်းမှတ်တိုင်ပဲ၊ အပြင်ကို ကြည့်နေစရာ
မလိုဘူး၊ နံပါတ်လေးပြီးရင် နံပါတ်ငါးလာမယ်၊ နံပါတ်ငါးကဘီအာဘီ မှတ်တိုင်၊ ငါးပြီးတာနဲ့ ကျွန်တော်တို့ဆင်းမယ်၊ ဒါဆို
ကျွန်တော်တို့သွားချင်တဲ့နေရာ ကွက်တိပဲ’’
ကျွန်တော်နှင့် ချွန်ရှုပ်စကားပြောအတော်လေးကြာသွားသည်။ ကားမှတ်တိုင်တစ်ခုတွင် ကားရပ်လိုက်၏။
‘‘နံပါတ်ငါးရောက်ပြီ၊ ရှေ့မှတ်တိုင်ဆို ကျွန်တော်တို့ ဆင်းရတော့မယ်’’
ကားထဲမှာ ခရီးသည်များ ကျပ်ညပ်နေသဖြင့် ဆင်းသည့်အပေါက်ဝ တံခါးနားရောက်အောင် မနည်းတိုးထွက်ရသည်။
ချွန်ရှုပ်က မှတ်တိုင်တွင် ကားရပ်ပေးဖို့သတိပေးခလုတ်နှိပ်၍ အချက်ပေး၏။
မှတ်တိုင်ရောက်သည်နှင့် ကားရပ်၏။
‘‘နံပါတ်ခြောက်ရောက်ပြီ ဆင်းကြစို့’’
နှစ်ယောက်သား ကားပေါ်မှ တိုးဝှေ့ဆင်းခဲ့ရသည်။ ကျပ်ညပ်နေသော လူများကြားမှ တိုးဝှေ့ဆင်းခဲ့ရသဖြင့် အပြင်ရောက်သည်နှင့် လွတ်လပ်ပေါ့ပါးသွားသည်ဟု စိတ်မှ ခံစားလိုက်ရသည်။

‘‘ဟင် ချွန်ရှုပ် …’’
‘‘ဗျာ …’’
‘‘ဒါ ဆိုက်ကားဂိတ်မှတ်တိုင်လည်းမဟုတ်ဘူး၊ ဘယ်လိုရောက်လာတာလဲ’’
ချွန်ရှုပ် မျက်နှာပျက်နေသည်။
‘‘ဒါ ရွာမကွေ့မှတ်တိုင်ဆရာ၊ ဆိုက်ကားဂိတ်မှတ်တိုင် ကျော်လာခဲ့ပြီ’’
‘‘နင်ပြောတော့ ကားခြောက်ခါရပ်ရင်ဆိုက်ကားဂိတ်မှတ်တိိုင်ဆို၊ အခု ခြောက်ခါမြောက်ရပ်တဲ့ မှတ်တိုင်လေ’’
‘‘ခြောက်ခါရပ်တာ မှန်ပါတယ်၊ ဆရာချစ်၊ အခုဟာက ဘီအာဘီမှတ်တိုင်မှာ ကားမရပ်တော့ ကျွန်တော့်သင်္ကေတ ကျော်သွားတာပါ’’
‘‘ကောင်းလိုက်တဲ့ သင်္ကေတ၊ နောက်ပြန်လျှောက်ရတော့မယ်၊ ငါတော့မလျှောက်နိုင်ဘူး၊ တက္ကစီငှားလိုက်တော့၊ နင်သင်္ကေတ အမှတ်ကောင်းတဲ့အတွက် တက္ကစီခနင်ရှင်းတော့’’
‘‘ဗျာ’’
ချွန်ရှုပ် မျက်နှာရှုံ့မဲ့သွားလေသည်။

ချစ်နွေမိုး

 

LEAVE A REPLY

Please enter your comment!
Please enter your name here