အရာရာတိုင်းဟာ အော်တိုမိုဘိုင်းပါ

974

အဏ္ဏဝါစိုးမိုး

၂ဝ၁၈ ခုနှစ်၊ မတ် ၂၃ ရက်နေ့တွင် အော်တိုမိုဘိုင်းဂျာနယ်၏ သက်တမ်း ခြောက်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ ခြောက်နှစ် ပြည့်ပြီဖြစ်လို့ ခန့်မှန်းအစောင်ရေ သုံးရာမျှ ထုတ်ဝေပြီးဖြစ်သည်။ သကြင်္န်လိုပိတ်ရက်တွေကြောင့် အစောင်ရေလျော့လျှင်တောင် ထွက်ပြီး အစောင်ရေ ၂၅ဝ ကျော်မျှရှိမည် ဖြစ်သည်။ စာရွက်စာသား အရည်အသွေး မလျော့၊ အကြောင်းအရာ ရေးသားဖော်ပြမှု အရည်အသွေးမကျဆင်း၊ အကြောင်းအရာ အထောက်အကူပြုလေးရောင်ဓာတ်ပုံတွေ၏ အထားအသိုနှင့် အရည်အသွေး ကောင်းမွန်ခြင်းတို့ဖြင့် အပတ်စဉ်ပုံမှန်ထွက်ရှိနိုင်ခဲ့တာဟာ သာမညကြိုးစားအားထုတ်မှုမျိုးမဟုတ်ဟု ယုံကြည်ပါသည်။ တစ်ဦးတစ်ယောက်တည်း၏အစွမ်းဖြင့် အောင်မြင်နေတာမဟုတ်ဘဲ၊ အယ်ဒီတာအဖွဲ့သာမက တာဝန်ရှိသူအားလုံးတို့၏ တက်ညီလက်ညီ ဝိုင်းဝန်းလုပ်ကိုင်နေကြလို့သာ ခြောက်နှစ်ကာလကြာအောင် ရှင်သန်ရပ်တည်နိုင်ခဲ့တာဖြစ်သည်။ အော်တိုမိုဘိုင်းဂျာနယ်သည် ခြောက်နှစ်တာကာလမှ နောင် နှစ်ပေါင်းများစွာကြာအောင် ဆက်လက်ရှင်သန်ရပ်တည်နိုင်ပါစေလို့ ဆုတောင်းနေပါသည်။

ကျွန်တော်သည် အော်တိုမိုဘိုင်းဂျာနယ် စထွက်သည့် ၂ဝ၁၂ ခုနှစ်၊ မတ် ၂၃ ရက်ထုတ် အတွဲ-၁၊ အမှတ်-၁ မှ စပြီး အပတ်စဉ်ထုတ်ဂျာနယ်တိုင်းမှာ စာမူပါနိုင်အောင် ရေးခဲ့သည်။ အသက်ကြီးပြီ ဖြစ်လို့ ကိုယ်တိုင်မသွားပို့နိုင်တော့သည့်အတွက် ဂျာနယ်တိုက်က စာမူလာယူလျှင် စာမူပေးနိုင်အောင် အမြဲကြိုးစားရေးသားထားသည်။ ဂျာနယ်တိုက်က စာမူလာယူသည့်အခါ စာမူအသင့်မရှိသေးလို့ မပေးနိုင်ပါဆိုတာမျိုး မရှိခဲ့၊ ဂျာနယ်တိုက်က အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်ကြလို့သာ အပတ်စဉ်ကျော်သွားတာမျိုး ရှိခဲ့ပါလိမ့်မည်။ ခြောက်နှစ်အတွင်း ထွက်ရှိခဲ့ပြီးဖြစ်သည့် စောင်ရေသုံးရာခန့်အနက် ကျွန်တော့်စာမူကိုဖော်ပြခဲ့သည့် စောင်ရေပေါင်း ၁၇၉ စောင်ရှိသည်။ ၉-၃-၂ဝ၁၈ နေ့ထုတ် အတွဲ-၆၊ အမှတ်-၄၁ အထိပါခဲ့သည့် စောင်ရေဖြစ်သည်။

မြန်မာနိုင်ငံမှာ လစဉ်ထုတ်မဂ္ဂဇင်း၊ စာစောင်၊ အပတ်စဉ်ထုတ်ဂျာနယ်၊ နေ့စဉ် ထုတ်သတင်းစာဆိုတာတွေ များစွာပေါ် ခဲ့ဖူးသည်။ အကြောင့်အမျိုးမျိုးကြောင့် ကြာကြာမရပ်တည်နိုင်ဘဲ ရပ်ဆိုင်းသွားကြသည်။ ကျွန်တော် လက်ထောက်အယ်ဒီတာ လုပ်ခဲ့သည့် စတိုင်သစ်မဂ္ဂဇင်းသည် ကျွန်တော်အလုပ်ဝင်ပြီး သုံးလအကြာမှာ ရပ်သွားသည်။ ကျွန်တော် အယ်ဒီတာချုပ်လုပ်နေသည့် ဝတီလှိုင်း မဂ္ဂဇင်းသည် ဆက်မထုတ်နိုင်တော့လို့ စာပေစိစစ်ရေးမှ ထုတ်ဝေခွင့်လိုင်စင် ပြန်လည်ရုပ်သိမ်းရန် သတိပေးနေပြီ ဖြစ်သည်။ အပတ်စဉ်၊ လစဉ် အရှုံးပေါ်သည့်ဒဏ်ကို မခံနိုင်တော့လို့ ရပ်လိုက်ကြရတာ ဖြစ်သည်။ ဒီလိုနိုင်ငံက ဒီလို အခြေအနေမျိုးမှာ အော်တိုမိုဘိုင်းဂျာနယ်သည် ဣနြေ္ဒမပျက် ဆက်လက်ထုတ်ဝေနိုင်သည့်အတွက် ဝမ်းသာရပါသည်။ ဂျာနယ် လုပ်ငန်းကို စီမံအုပ်ချုပ်သူတွေ၏ စနစ်ကျသော စီမံခန့်ခွဲမှုနှင့် စည်းကမ်းရှိသော ကြိုးစားမှုတို့ကြောင့် ဖြစ်ပေလိမ့်မည်။ အော်တိုမိုဘိုင်းဂျာနယ် အရှိန်အဟုန်မပျက် ဆက်လက်ထုတ်ဝေနေနိုင်တာကို ကျွန်တော်က ဝမ်းသာနေသည်။ ကျွန်တော့်အပေါ်မှာ ကျေးဇူးရှိသည့် ဂျာနယ်ဖြစ်သည်။ သူ့ ကျေးဇူးကို သိတတ်သည့်အနေဖြင့် မိမိ တတ်နိုင်သည့်ဘက်က ကူညီပံ့ပိုးမည်ဟု ဆုံးဖြတ်ထားသည်။

အော်တိုမိုဘိုင်းဂျာနယ် သက်တမ်း ခြောက်နှစ်ပြည့်ပြီဆိုတာ အချိန်ကာလ ကြာခဲ့ပြီ၊ ရက်ပေါင်း ၂,၁၉ဝ တောင်ရှိပြီ လို့ပြောတာဖြစ်သည်။ အချိန်သည်အဆက်မပြတ် မရပ်မနား ရှေ့ကိုသာ ရွေ့လျားနေသည်။ အချိန်ဆိုသည်မှာ နာရီ၊ ရက်၊ နှစ် တွေကို ပြောလိုတာမဟုတ်။ အဲဒါတွေက လူတွေက လုပ်ထားသည့် အကန့်အသတ်၊ အတိုင်းအတာ၏ အမည်တွေသာဖြစ်သည်။ အချိန်သည် အလိုအလျောက် မရပ်မနား သွားနေသော ကာလယန္တရားသာဖြစ်သည်။ အချိန်နှင့်ဒီရေသည် လူကိုမစောင့် (Time and Tide Wait For No Man) ဆိုသည့် သိုးဆောင်းစကားပုံ ရှိသည်။ အချိန်ကို ဒီရေနှင့်ထပ်တူပြုတာကို ကျွန်တော်ကတော့ သိပ်ပြီးမကြိုက်။ ဒီရေသည် အတက်/အကျ ရှိသည်။ အချိန်သည် ကုန်ဆုံးသွားပြီးပါက ပြန်ယူလို့မရတော့ပါ။ ဒီရေကတော့ ကျပြီးလျှင် ပြန်တက်လာသည့်အတွက် အချိန် နှင့် ထပ်တူပြုတာကို သိပ်ပြီးမကြိုက်လို့ ပြောချင်တာဖြစ်သည်။ စမ်းရေသည် လူကို မစောင့်ဆိုလျှင် ပိုကောင်းမည်။ စမ်းရေသည်အပေါ်ကို ပြန်မတက်၊ နောက်ပြန်မစီးသည့်အတွက် ပိုပြီးမှန်မည် ထင်သည်။ အချိန်နှင့်ပတ်သက်လို့ မြန်မာတွေမှာလည်း ဆိုရိုးစကားတွေရှိသည်။ လောကမှာ အစားပြန်မရနိုင်သည့် အရာနှစ်ခုရှိသည်။ ကုန်ဆုံးသွားသည့်အချိန်နှင့် မိဘဟုပြောကြသည်။ ငြင်းမရသည့်အဆို ဖြစ်နေသည်။ အချိန်နှင့် ပတ်သက်ပြီး ဘီစီ-၆ဝဝ ကပင် မြတ်စွာဘုရား မိန့်တော်မူခဲ့တာ ခုဒ္ဒကနိကာယ်မှာ အထင်အရှားရှိနေသည်။ (မေတ္တံဇာနေယျ ပ@ိတော၊ မောဃံကာလံ နခေပယေ)ဟု ဖြစ်သည်။ ပ@ိတော-ပညာရှိသူ၊ လိမ္မာ ပါးနပ်သူသည်၊ မေတံ္တ-အတိုင်းအဆကို၊ ဇာနေယျ-သိရာ၏။ မောဃံကာလံ-အချိန်ကို အလဟဿ၊ နခေပယေ-မကုန် စေနှင့်ဟူ၍ဖြစ်သည်။ အချိန်နှင့်ပတ်သက် သည့် မှတ်သားစရာတွေ ဖြစ်သည်။

ကျွန်တော့်အသက် ၇၇ နှစ်ပြည့်ပါတော့မည်။ အော်တိုမိုဘိုင်းဂျာနယ်ခြောက်နှစ်ပြည့်နေ့၏ နောက်တစ်လအကြာမှာ ပြည့်ပါမည်။ ၇၇ နှစ်သည် အချိန်ဖြစ်သည်။ ရက်ပေါင်း ၂၈,၁ဝ၅ ရက်ဖြစ်သည်။ ဘဝဆိုတာ မွေးခြင်းနှင့် သေခြင်းကြားကာလ အချိန်ဖြစ်သည့်အတွက် ကျွန်တော့်အသက် ၇၇ နှစ်သည် ကျွန်တော့်၏ဘဝပင် ဖြစ်သည်။ ဘဝကိုတန်ဖိုးထားချင်လျှင် အချိန်ကို တန်ဖိုးထားရမည်ဖြစ်သည်။ ကျွန်တော့်ဘဝ၏ မနက်ဖြန်အတွက် လက်ကျန်ရက် သိပ်ပြီးမရှိတော့သည့်အတွက် ကျွန်တော် သည် အချိန်ကိုတန်ဖိုးထားရတော့မည်ဖြစ်သည်။ ဘဝသည် အချိန်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး မရှင်းသူများ၊ လက်မခံနိုင်သူများ ရှိနိုင်သည်။ ရှင်းအောင် သာဓကတစ်ခုပြပါမည်။ မွေးပြီးမိခင်၏ ဝမ်းမှ ထွက်လာသည့် ကလေးမှာ အသက်ပါမလာ၊ အသေကောင်လေးမွေးလာပါက အဲဒီကလေးမှာ ရှင်သန်ပြီးနေခဲ့ရသည့်အချိန် မရှိသည့်အတွက် အဲဒီ ကလေးမှာ ဘဝမရှိဖြစ်ရသည်။ အဲဒါကြောင့် ဘဝဆိုတာ အချိန်ဟုပြောခြင်းဖြစ်သည်။

မြတ်စွာဘုရားက သဗေ္ဗသခင်ါ္ရအနိစ္စ လို့ ဟောတော်မူသည်။ အရာရာတိုင်းဟာ မမြဲဟုဆိုလိုတာ ဖြစ်သည်။ မမြဲဆိုတာ ရွေ့ လျားနေတာ ဖြစ်သည်၊ ပြောင်းလဲနေတာ ဖြစ်သည်။ သတ္တဝါနှင့် အရာဝတ္တုတို့၏ အရည်အသွေးအားလျော်စွာ ရွေ့လျား၊ ပြောင်းလဲ၊ ပျက်စီးနေမှု အနှေးနှင့် အမြန် ကွာခြားသည်။ သစ်သီးတစ်လုံး နုရာမှရင့်၊ မှည့်၊ ပုပ်ဆွေးသွားတာ ကာလတိုအတွင်းမှာဖြစ်သွားလို့ သိသာ၊ မြင်သာသည်။ သတ္တု၊ သံ၊ သံမဏိဖြင့် ပြုလုပ်ထားသည့် ပစ္စည်းတစ်ခု၏ ပြောင်းလဲ၊ ပျက်စီးနေခြင်းက နှေးသည့်အတွက် မသိသာ မမြင်နိုင်ဖြစ်နေသည်။ မပြောင်းလဲ၊ မပျက်စီးဘူးလို့တောင် ထင်ရသည်။ သက်ရှိသတ္တဝါတွေထဲက တိရစ္ဆာန်တစ်ကောင်နှင့် သက်တမ်းစေ့ အသက်ရှည်သည့် လူတစ်ယောက်တို့၏ ပြောင်းလဲပျက်စီးမှုသည် အချိန်ကာလ ကွာခြားမှုရှိသည်။ တိရစ္ဆာန်လေးက ၁ဝ နှစ်၊ အများဆုံး ၁၅ နှစ်မျှသာ ဖြစ်နိုင်သည်။ လူကတော့ ကံအားလျော်စွာ အနှစ်တစ်ရာအထိကြာအောင် ရှင်သန်နေနိုင်ပါသည်။ ရှင်သန်နေသော်လည်း အိုမင်း၊ ရင့်ရော်၊ ပျက်စီးနေတော့သည်။ ဘယ်အရာမှ မမြဲ ဆိုသည့် သာဓကပင်ဖြစ်သည်။

အရာရာတိုင်းဟာ သဘာဝအားလျော်စွာ အလိုအလျောက်ရွေ့လျားနေသည်၊ ဖြစ်နေသည်၊ ပြုပြင်ပြောင်းလဲနေသည်။ အရာရာတိုင်းသည် ဖြစ်၊ တည်၊ ပျက် (ဥပါဒ်၊ ထီ၊ ဘင်) သဘာဝဖြင့် ရွေ့လျားနေတာဖြစ်သည်။ ဖွံဖြိုးတိုးတက်နေခြင်း၊ ကောင်းမွန်နေခြင်းကာလ ကုန်ဆုံးသည့် အခါ ရပ်တန့်ခြင်းဆုံမှတ်မှာ ခဏရပ်သည်။ ပြီးတာနဲ့ ဆက်လက်ရွေ့လျားခြင်းသည် ကျဆင်းလာခြင်း၊ ပျက်စီးလာခြင်းဖြစ်တော့သည်။ ခဲလုံးကို အပေါ်တည့်တည့်မြှောက်တင်လိုက်ပါက တက်သွားခြင်းသည် ‘ဥပါဒ်’ဖြစ်ပြီး ပြန်ကျရန်အတွက် တစ်စက္ကန့်တောင် မကြာသည့် ကာလမျှ ခဏရပ်ခြင်းသည် ‘ထီ’ဖြစ်၍ ပြန်ကျလာခြင်းသည် ‘ဘင်’ ဖြစ်သည်။ လူသားအပါအဝင် သတ္တဝါသည် ငယ်ရွယ်၊ နုပျို၊ ရင့်ရော် ပြီးတာနဲ့ အိုမင်း၊ ပျက်စီး၊ နောက်ဆုံးမှာ သေဆုံးဆိုတာဖြစ်တော့သည်။ ဒီဖြစ်စဉ်သည် ဘယ်အရာကမျှ လုပ်တာမဟုတ်၊ သဘာဝတရားက အလိုအလျောက် ဖြစ်၊ ပျက်၊ ပြုပြင်၊ ပြောင်းလဲဖြစ်စဉ်သာဖြစ်သည်။ အရာရာတိုင်းသည် အလိုအလျောက် ရွေ့လျားနေကြသည့် အော်တိုမိုဘိုင်း နိယာမ သဘာဝဖြစ်စဉ်ကြီးပင် ဖြစ်သည်။

မော်တော်ယာဉ်တစ်စီးသည် အသစ်၊ အဟောင်း၊ အိုမင်း၊ ဖျက်ဆီးဖြစ်စဉ်ဖြင့် ရွေ့လျားနေတာဖြစ်သည်။ အရာရာတိုင်းသည် အော်တိုမိုဘိုင်းပင် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here