2018 Peugeot 4008 Off Road မိတ်ဆက်

1006

လက်ရှိအချိန်မှာ Peugeot ကုမ္ပဏီလို့ အမည်တွင်တဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းစုကို ၁၈၁ဝ ပြည့်နှစ်က မိသားစုလုပ်ငန်းအနေနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အစောပိုင်းက ကော်ဖီစက်ရုံနဲ့ စက်ဘီးထုတ်လုပ်မှုတွေပဲ လုပ်ကိုင်ခဲ့တာပါ။ ခြသေင့်္အမှတ်တံဆိပ်ကို ကုမ္ပဏီလိုဂိုအဖြစ် သုံးစွဲတဲ့ Peugeot ဟာ ပထမဆုံးကားကို ၁၈၈၉ ခုနှစ်မှာ စထုတ်ခဲ့ပြီး သူတို့ကားတွေက ကြာရှည်အသုံးခံတဲ့ နာမည်ကောင်းရထားပါတယ်။ လက်ရှိမှာ ပြင်သစ်နိုင်ငံတကာလုပ်ငန်းစုကြီး Groupe PSA လက်အောက်ကျရောက်နေတဲ့ Peugeot ဟာ ကားအမျိုးအစားများစွာ ထုတ်လုပ်ဖြန့်ချိပေးနေပြီး အဲဒီအထဲမှာ Compact SUV ကားဖြစ်တဲ့ Peugeot 4008 လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်တုန်းက စထွက်လာတဲ့ Peugeot 4008 ဟာ ဂျပန်ကားကုမ္ပဏီ Mitsubishi Motors နဲ့ ပူးပေါင်း တည်ဆောက်ထားတာဖြစ်ပြီး Mitsubishi ASX ၊ Citroen C4 Aircross ကားတွေမှာသုံးတဲ့ အောက်ခံပလက်ဖောင်း ကိုပဲ အသုံးပြုဖန်တီးထားတာပါ။ ၂ဝ၁၈ မိုဒယ် Peugeot 4008 မှာ အဆင့်မြင့်နည်းပညာပိုင်းတွေ ထည့်သွင်းပေးထားသလို စတိုင်လ်ကျကျနဲ့ အေးဆေးလွယ်ကူစွာမောင်းနိုင်အောင် ဖန်တီးထားလို့ လမ်းကောင်းမှာတင်မက လမ်းကြမ်းတွေကိုပါ အကောင်းဆုံးကျော်ဖြတ်နိုင်စွမ်းရှိနေပါတယ်။

2018 Peugeot 4008 အပြင်ပိုင်းဒီဇိုင်းက မြို့တွင်းလမ်းပေါ်မှာ ဆွဲဆောင်မှုရှိသလို တောတွင်းလမ်းကြမ်းတွေမှာလည်း ကြံ့ခိုင်မှုရှိရှိ မောင်းနိုင်အောင် ဖန်တီးထားတာပါ။ ကိုယ်ထည်ကောက်ကြောင်းကို စတိုင်လ်ကျ သေသပ်အောင် ပုံဖော်ထားပြီး မြေပြင်ကင်းလွတ်အမြင့် (Ground Clearance) မြင့်အောင်လည်း လုပ်ပေးထားပါတယ်။ ရေပြင်ညီနီးပါးရှိတဲ့ ကားဘောနတ်၊ ကားဘီးတွေအပေါ်က Curved Interwheel Subframes ၊ အောက်ခံကြမ်းပြင်အကာအကွယ်၊ ဒေါင်လိုက်တန်းတွေနဲ့ ဒီဇိုင်းဖော်ထားပြီး လိုင်စင်နံပါတ်ပြားတပ်လို့ရတဲ့ ရှေ့ဘမ်ပါရှဲလ်တို့ကြောင့် ကားရဲ့ လမ်းကြမ်း မောင်းအသွေးအမွေး ပိုထွက်လာသလို ခရိုမီယမ်ပြားတွေနဲ့ ပေါင်ကွပ်အလှဆင်ထားပေးတာက အမြင်အာရုံကို ပိုဆွဲဆောင်မှုရှိစေပါတယ်။ ရှေ့မီးအုံမှာ LED နေ့လင်းမီးတန်းပါပြီး အနီရောင်နောက်မီးအုံကို သားရဲတိရစ္ဆာန်ရဲ့လက်သည်းသုံးချောင်းပုံမျိုးမြင်ရအောင် ဖန်တီးထားပါတယ်။ ကားဘီးခွေ ကို ၁၆ လက်မအရွယ်စတီးနဲ့ အလူမီနီယမ်ဘီးခွေတွေအပြင် ၁၈ လက်မ အရွယ် အလူမီနီယမ်ဘီးခွေကိုလည်း တပ်ဆင်ခွင့်ပေးထားပါတယ်။

လူငါးဦးစီးနိုင်တဲ့အတွင်းပိုင်းကို ခံ့ခံ့ညားညားနဲ့ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားပြီး ထိုင်ခုံတွေကို ပိတ်သားထိုင်ခုံရော သားရေထိုင်ခုံပါ ရွေးချယ်နိုင်ပါတယ်။ ရှေ့ထိုင်ခုံတန်းက အလျား၊ အမြင့်နဲ့ ထောင့်ချိုး တွေအတွက် စိတ်ကြိုက်ချိန်ညှိနိုင်ပြီး နောက်ခုံတန်းကိုလည်း အလားတူ ချိန်ညှိနိုင်ခွင့်ပေးထားပါတယ်။ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ နောက် ခုံတန်းကို ၄ဝ/၆ဝ အချိုး၊ ဒါမှမဟုတ် အပြည့်ချိုးချနိုင်ပါတယ်။ နောက်ခန်းထဲ ပစ္စည်းတင်နိုင်တဲ့ပမာဏက ပုံမှန် ၄၄၂ လီတာရှိပြီး နောက်ခုံတန်းအပြည့်ချိုးချလိုက်ရင် ၁,၂၁၉ လီတာအထိ အကျယ်ထွက်လာမှာပါ။ စီးသူတွေ စိတ်ကြိုက်အပူချိန်ရအောင် Mono-Zone အအေးပေးစနစ်တပ်ထားပြီး အဲဒီစနစ်က ဖုန်မှုန့်၊ ဝတ်မှုန်စတဲ့ အသေးအမွှားအရာတွေ ကားထဲမဝင်အောင် စစ်ပေးမှာလည်း ဖြစ်ပါတယ်။ နေ့ဘက်မှာ အလင်းရောင် ပိုရသလို ညဘက်ကျရင် ပယင်းရောင် LED အတွင်းမီးကို ပိုခံစားနိုင်တဲ့ မြင်ကွင်းကျယ် Sunroof က စီးနင်းသူတိုင်း အကြိုက်တွေ့စေမှာ မလွဲပါဘူး။ ကျယ်ကျယ်ဝန်းဝန်းစီးနိုင်တဲ့ နေရာအကျယ်ရှိအောင် ဖန်တီးထားသလို လျှပ်စစ်အသုံးအဆောင်တွေအားသွင်းဖို့ ၁၂ ဗို့ အားသွင်းပေါက်၊ Cooled Glove Compartment ၊ ထိုင်ခုံ အပူပေးစနစ်တွေ ထည့်ပေးထားတာကြောင့် ဝင်လိုက်တာနဲ့ စိတ်ကျေနပ်မှုရမှာပါ။ CD ၊ Mp3 တို့နဲ့ချိတ်ဆက်အသုံးပြုဖို့ စပီကာလေးလုံး၊ ဒါမှမဟုတ် စပီကာလေးလုံး၊ Tweeter နှစ်လုံးပါတဲ့ အသံစနစ်ကို တပ်လို့ရပါတယ်။ Hi-Fi Rockford Fosgate Package ကိုလည်း ထပ်ဆောင်းတပ်ခွင့်ပေးထားပါတယ်။

2018 Peugeot 4008 အတွက် ဓာတ်ဆီအင်ဂျင်နှစ်မျိုး၊ ဒီဇယ်အင်ဂျင်နှစ်မျိုးထဲက စိတ်ကြိုက်အင်ဂျင်ကို ရွေးချယ်အသုံးပြုနိုင်မှာပါ။ ဓာတ်ဆီအင်ဂျင်နှစ်မျိုးထဲမှာ Manual ဂီယာငါးချက်နဲ့တွဲသုံးရမယ့် 1.6 L အင်ဂျင်က မြင်းကောင်ရေ ၁၁၅ ကောင်အားထွက်ပြီး ဆီစားနှုန်းသက်သာတဲ့အပြင် မောင်းရတာ ဟန်ချက်ညီမှုရှိပါတယ်။ Manual ၊ ဒါမှမဟုတ် Auto ဂီယာငါးချက်နဲ့တွဲသုံးရမယ့် 2.0 L အင်ဂျင်က မြင်းကောင်ရေ ၁၅ဝ အား ထွက်လို့ အဝေးပြေးမောင်းတဲ့အခါ ပိုသင့်တော်ပါတယ်။ မြင်းကောင်ရေ ၁၁၅ ကောင်အား ထုတ်ပေးတဲ့ 1.6 HDi ၊ မြင်းကောင်ရေ ၁၅ဝ အား ထွက်တဲ့ 1.8 HDi ဒီဇယ်အင်ဂျင်တွေကိုတော့ Manual ဂီယာခြောက်ချက်နဲ့ တွဲသုံးရမှာဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင် တွေမှာ HDi နည်းပညာပါလို့ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှင့်မှုကို လျှော့ချပေးသွားမှာပါ။ အင်ဂျင်စက်ပိတ်ပြီး ချက်ချင်းပြန်နှိုးတဲ့အခါ တုန်ခါမှုမဖြစ်စေတဲ့ Stop & Start နည်းပညာကို တပ်ဆင်နိုင်တဲ့ 2018 Peugeot 4008 ရဲ့ ပျမ်းမျှဆီစားနှုန်းက မြို့တွင်း တစ်လီတာ လေးကီလိုမီတာ၊ အဝေးပြေးမှာ တစ်လီတာ ခုနစ်ကီလိုမီတာ ဖြစ်ပါတယ်။

2018 Peugeot 4008 ကို စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ လွယ်ကူစွာမောင်းနိုင်အောင် အဆင့်မြင့်နည်းပညာတွေ သုံးစွဲပေးထားပါတယ်။ ဒက်ရှ်ဘုတ်အလယ်က ခုနစ်လက်မအရွယ် Touch Screen ကတစ်ဆင့် ရောင်စုံလမ်းညွှန်စနစ်သုံးနိုင်သလို ကားအချက်အလက်တွေကြည့်ခြင်း၊ သီချင်းဖွင့်ခြင်း စတဲ့လုပ်ဆောင်မှုတွေ ပြုလုပ်နိုင်မှာပါ။ Hands-Free Open and Go နည်းပညာကြောင့် ပုံမှန်ကားသော့မလိုတော့ဘဲ Identifier အနားမှာရှိရုံနဲ့ ကားတံခါးဖွင့်လို့ရသလို Start/Stop ခလုတ်နှိပ်ပြီး စက်နှိုးခြင်း၊ စက်ပိတ်ခြင်းတို့ကို လုပ်နိုင်ပါတယ်။ ကားပေါ်ကဆင်းပြီးရင် ရှေ့တံခါးလက်ကိုင်အောက်က Push ခလုတ်နှိပ်လိုက်တာနဲ့ တံခါးအားလုံး လော့ခ်ကျသွားမှာပါ။ ကားရှေ့နဲ့ နောက်ဘက်တွေမှာ တပ်ထားတဲ့ အာရုံခံကိရိယာလေးခုစီပါတဲ့ Park Assist စနစ်က မောင်းသူကို လိုအပ်တဲ့အချက်ပေးမှုတွေလုပ်ပေးမယ့်အပြင် နောက်ဘမ်ပါရှဲလ်မှာရှိတဲ့ ကင်မရာက ကားသွားရာလမ်းကြောင်းအတွင်းရှိ အတားအဆီးတွေကို အလိုအလျောက်ဖော်ပြပေးမှာဖြစ်တာကြောင့် ပါကင်ထိုးဖို့ အခက်မတွေ့နိုင်ပါဘူး။ မတ်စောက်တဲ့လမ်းကိုတက်တဲ့ အခါ Hill Assist နည်းပညာက ကားကို နှစ်စက္ကန့်လောက်မရွေ့ဘဲ ရပ်သွားစေလို့ ဘရိတ်ခြေနင်းကနေ လီဗာခြေနင်းပြောင်းနင်းဖို့ အချိန်ထွက်လာမှာပါ။ မောင်းနှင်မှုပုံစံ(Driving Modes)သုံးမျိုးကို လမ်းအနေအထားအလိုက် ပြောင်းလဲသုံးနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ 4WD Mode က လိမ်လှည့်အား(Torque) ကို ရှေ့နဲ့နောက်ဘီးတွေဆီ အလိုအလျောက် ခွဲပို့ပေးလို့ ဆိုးရွားကြမ်းတမ်းတဲ့လမ်းမျိုး အပါအဝင် ဘယ်လိုလမ်းကိုမဆို မောင်းဖို့ သင့်တော်ပါတယ်။ လမ်းကောင်းမှာ ဆီစားနှုန်းသက်သာစွာ မောင်းချင်ရင် ရှေ့ဘီးယက် 2WD Mode ကို သုံးရုံပါပဲ။ ဘီးကုပ်အား မကောင်းတဲ့ ရေခဲ၊ သဲ၊ ရွှံ့ဖုံးနေတဲ့လမ်းမျိုးကျရင် နောက်ဘီးတွေဆီ လိမ်လှည့်အား (Torque) တစ်ဆခွဲ ပိုမိုပို့ပေးတဲ့ Lock Mode ကို ရွေးချယ်ပြီး အရှိန်နှုန်းနည်းနည်းနဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါတယ်။

လုံခြုံရေးအတွက် လေအိတ် ခုနစ်အိတ်၊ ထိုင်ခုံခါးပတ်ကြိုး ငါး ချောင်းတပ်ထားလို့ ဘယ်ဘက်ကပဲ မတော်တဆထိခိုက်မှုဖြစ်ပါစေ၊ စီးသူအားလုံး ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်ပါတယ်။ Xenon ရှေ့မီးအုံမှာ အလင်းတန်းချိန်ညှိပေးတဲ့စနစ်အပြင် ဖုန်မှုန့်တွေကပ်ရင် ရှင်းပေးတဲ့စနစ်ပါသလို နှင်းခွဲမီးတွေလည်း တွဲတပ်ပေးထားလို့ မြင်ကွင်းမကောင်းမှာ စိတ်ပူစရာမရှိပါဘူး။ နောက်ခုံတန်းမှာ ကလေးငယ်တွေထိုင်ဖို့ Isofix ထိုင်ခုံနှစ်လုံး တပ်လို့ရတာကြောင့် ခရီးထွက်တဲ့အခါ မိမိကလေး တွေကို စိတ်ချလက်ချ တစ်ပါတည်း ခေါ်သွားနိုင်မှာပါ။ အသုံးပြုရတာ လွယ်ကူသလို လုံခြုံစိတ်ချမှုရှိပြီး ရွေးချယ်စရာအများအပြားပါဝင်တဲ့ 2018 Peugeot 4008 အတွက် စျေးနှုန်းက အမေရိကန်ဒေါ်လာ ၂၇,၉၉ဝ က စတင်မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here