2018 Mitsubishi Eclipse Cross

1132

ဂျပန်ကားကုမ္မဏီကြီး Mitsubishi Motors Corporation ကို ၁၉၁၇ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သက်တမ်းနှစ်တစ်ရာအတွင်း Chrysler ၊ Volvo ၊ Peugeot Citroen ၊ Volkswagen ၊ Proton ၊ Hyundai အစရှိတဲ့ ကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းလက်တွဲခဲ့ဖူးသလို လက်ရှိအချိန်မှာ Renault-Nissan နဲ့လည်း မိတ်ဖက်တွေဖြစ်ပါတယ်။ Mitsubishi ကထုတ်လုပ်တဲ့ ကားအမျိုးအစားတွေထဲမှာ အရွယ်အစား သေးပြိုင်ကားဖြစ်တဲ့ Mitsubishi Eclipse လည်း အပါအဝင်ဖြစ်ခဲ့ဖူးပြီး Eclipse ဆိုတာက နေကြတ်ခြင်းလို့ အဓိပ္ပာယ်ထွက်ပေမဲ့ အမှန်တကယ် က ၁၈ ရာစုအတွင်း အင်္ဂလိပ်မြင်းပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိဘဲ ၁၈ ပွဲဆက် တိုက်အနိုင်ရခဲ့တဲ့ နာမည်ကျော်ပြိုင်မြင်း Eclipse ကို အစွဲပြုမှည့်ခေါ်ခဲ့ တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထုတ်လုပ်မှုရပ်နားသွားတဲ့ Eclipse အမည်ကို ပြန်အသက်သွင်းဖို့ Mitsubishi က ကြိုးပမ်းခဲ့ပြီး ဒီတစ်ကြိမ် မှာ ပြိုင်ကားမဟုတ်တော့ဘဲ Crossover SUV အမျိုးအစားပြောင်းလဲ ထုတ်လုပ်ရာကနေ Mitsubishi Eclipse Cross ထွက်ပေါ်လာခဲ့တာ ပါ။

Mitsubishi RVR နဲ့ Mitsubishi Outlander တို့အကြားမှာရှိတဲ့ 2018 Mitsubishi  Eclipse Cross ဟာ တံခါးငါးပေါက်ပါ Compact Crossover SUV ကားအမျိုးအစားဖြစ်ပါတယ်။ အပြင်ပိုင်းကိုယ်ထည် ကို Metallic Red အရောင်ခြယ်ထားပြီး ရှေ့ဘမ်ပါရှဲလ်က ကြီးကြီးမား မားနဲ့ စွမ်းအားပြည့်ဝတဲ့ဒီဇိုင်းဖြစ်လို့ အကြမ်းခံတဲ့ ပြိုင်ကားဟန်မျိုး ထွက် နေပါတယ်။ ကားရှေ့မီးအုံနဲ့ နောက်မီးအုံတွေမှာ LED  မီးစနစ် သုံး ထားတာကြောင့် တောက်ပတဲ့အလင်းတန်းထုတ်လွှင့်ပေးပြီး မှောင်မိုက်တဲ့ အချိန်မျိုးမှာတောင် မောင်းနေတဲ့ လမ်းကြောင်းကို သဲသဲကွဲကွဲမြင်ရဖို့ အခက်အခဲမရှိပါဘူး။ နောက်ဖုံးမှန်အလယ်တည့်တည့်လောက်မှာ နောက် မီးအုံကို တစ်တန်းတည်းပုံစံတပ်ဆင်ထားလို့ နောက်မှန်နှစ်ကန့်ဖြစ်သွားတဲ့ ပုံစံက တခြားကားတွေနဲ့မတူတဲ့ ထူးခြားချက်ပါပဲ။ ကြီးမားကျယ်ပြန့်တဲ့ Sunroof  ပါဝင်တဲ့ ကားခေါင်မိုးက ခေါင်းပိုင်းမှာမြင့်ပြီး ဖင်ပိုင်းဆီလျှော သွားတဲ့ ပုံစံဖြစ်လို့ ငါးမန်းဆူးတောင်ပုံ Antenna ၊ နောက်အမိုးစွန်း တောင်ပံ(Roof Spoiler)တို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ 2018 Mitsubishi Eclipse Cross ရဲ့ ပုံသဏ္ဌာန်က လေခွင်းအားကောင်းတဲ့ သပ်ပုံစံ (Wedge-shaped)မျိုး ထွက်နေပါတယ်။ ကားရှေ့ဘီးဝင်ရိုးနဲ့ နောက်ဘီးဝင်ရိုးကြားအကွာအဝေး(Wheelbase )က ၁၀၅ ဒသမ ၁ လက်မရှိပြီး ကားဘီးခွေတွေအပေါ်ဘက်မှာ မီးခိုးရောင်ပလတ်စတစ်နဲ့ အနားသတ် ထားပုံကလည်း အမြင်တစ်မျိုး ဆန်းစေပါတယ်။ နောက်မီးအုံနဲ့ တစ်ဆက် တည်းဖြစ်အောင် ကားဘေးခြမ်းတွေမှာ ကောက်ကြောင်းမျဉ်း(Coupe Line)တွေထည့်ထားတာက အမြောင်းမြောင်းထနေတဲ့ အား ကစားသမားနဲ့တူစေပြီး တခြားကားတွေနဲ့ရောနေချိန်မှာ 2018 Mitsubishi  Eclipse Cross ကို အလွယ်တကူ ခွဲခြားသိမြင်နိုင်ပါလိမ့် မယ်။

2018 Mitsubishi  Eclipse Cross အတွင်းပိုင်းကို အရင် Mitsubishi ကားတွေထက်သာလွန်အောင် ပလတ်စတစ်သားတွေအပြင် တောက်ပတဲ့ ခရိုမီယမ်၊ အလူမီနီယမ်၊ ကာဗွန်ဖိုင်ဘာ၊ Piano Black Trim တွေနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။ လူငါးဦး လိုက်ပါစီးနင်းနိုင်ပြီး နောက်ခန်းထိုင်ခုံတွေမှာပါ အပူပေးစနစ်ပါဝင်ပေမဲ့ ကားမောင်းသူထိုင်ခုံ မှာပဲ ပါဝါနဲ့ စိတ်ကြိုက်အနေအထားချိန်ညှိနိုင်တဲ့စနစ် ပါဝင်မှာပါ။ ကား အရွယ်အစားသေးပေမဲ့ စီးနင်းသူတွေရဲ့ ခေါင်းနဲ့ခြေထောက်တွေ မကျဉ်း ကျပ်အောင် လုံလောက်တဲ့နေရာအကျယ်အဝန်း ဖန်တီးပေးထားပါတယ်။ နောက်ဖုံးထဲပစ္စည်းထားနိုင်တဲ့ ပမာဏက ၃၄၁ လီတာရှိပြီး နောက်ခုံ တန်းကို ရှေ့ဘက်တွန်းပြီးချိုးချလိုက်ရင် ၄၄၈ လီတာအကျယ် ထွက်လာ မှာပါ။ သုံးဖက်မြင်ရုပ်လုံးပုံစံဖန်တီးထားတဲ့ ကားဒက်ရှ်ဘုတ်မှာ အဆင့် မြင့်နည်းပညာပိုင်းတွေထည့်သွင်းထားပြီး ခုနစ်လက်မအရွယ် Touch Screen ကတစ်ဆင့် Apple Car Play နဲ့ Andriod Auto နည်းစနစ် တွေသုံးပြီး ဖုန်းအသုံးပြုခြင်း၊ သီချင်းဖွင့်ခြင်း၊ တခြား Application တွေသုံးခြင်းတို့ကို လုပ်ဆောင်နိုင်သလို ရှေ့ထိုင်ခုံတန်းအလယ်က လက် နှစ်ချောင်းတစ်ပြိုင်တည်းသုံးလို့ရတဲ့ Touchpad Controller မျက်နှာ ပြင်ကနေလည်း အလားတူလုပ်ဆောင်ချက်တွေ ပြုလုပ်နိုင်မှာပါ။ ရှင်းရှင်း လင်းလင်း မြင်တွေ့နိုင်အောင်ပြုလုပ်ထားတဲ့ အချက်ပြဒိုင်ခွက်ထိပ်မှာ Head-up Display စနစ်ပါတဲ့ ပလတ်စတစ်ရောင်ပြန်ပြားကနေ ကားရဲ့ အချက်အလက်တွေကြည့်နိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။

2018 Mitsubishi Eclipse Cross ကို အရင်ဆုံး 1.5L Direct Injection Turbocharged ဆလင်ဒါလေးလုံးထိုး ဓာတ်ဆီအင်ဂျင်နဲ့ စတင် ဖြန့်ချိမှာဖြစ်ပြီး နောက်ပိုင်းမှ Auto ဂီယာ ရှစ်ချက်စနစ်သုံး 2.2L တာဘိုဒီဇယ်အင်ဂျင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဂီယာစနစ်က Auto ခြောက်ချက်နဲ့ လေးဘီးယက်စနစ်ဖြစ်ပြီး Manual ဂီယာခြောက်ချက် စနစ်သုံး ရှေ့ဘီးယက်စနစ်ကိုလည်း ရွေးချယ်ခွင့်ရှိပါတယ်။ မောင်းနှင်တဲ့ အရှိန်နှုန်းအလိုက် ဂီယာကို ညင်သာညက်ညောစွာ ပြောင်းပေးတဲ့ Continuously Variable Transmission (CVT)စနစ် ပါဝင်တာကြောင့် မြင်းကောင်ရေ ၁၆၃ ကောင်အား ထုတ်ပေးတဲ့ 1.5L Turbocharged ဓာတ် ဆီအင်ဂျင်ကို လေးဘီးယက်စနစ်နဲ့တွဲသုံးတဲ့အခါ သုည မိုင်ကနေ တစ် နာရီ မိုင် ခြောက်ဆယ်အရှိန်နှုန်းရဖို့ အချိန်ကိုးစက္ကန့်ခွဲကြာမြင့်ပြီး အမြန် ဆုံး တစ်နာရီကို ၁၂၄ မိုင်နှုန်းအထိ မောင်းနှင်လို့ရပါတယ်။ ပျမ်းမျှဆီစား နှုန်းကတော့ တစ်ဂါလန်ကို မိုင် လေးဆယ် စွန်းစွန်းရှိမှာ ဖြစ်ပါတယ်။ Mitsubishi ကအသစ်တီထွင်ထားတဲ့ Super All Wheel Control(SAWC) နည်းပညာအသုံးပြုထားတာကြောင့် လိမ်လှည့်အား(Torque)နဲ့ ဘရိတ်နင်းအားတွေကို ကားဘီးလေးဘီးစလုံးဆီ မှန်ကန်စွာပို့လွှတ်ပေးမှာ ဖြစ်လို့ 2018 Mitsubishi Eclipse Cross ဟာ အချိုးအကွေ့တွေကို အရှိန်ပြင်းပြင်းနဲ့ ကျော်ဖြတ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ခြောက်သွေ့ ညီညာတဲ့လမ်းမှာမောင်းဖို့ Auto Mode ၊ စိုစွတ်တဲ့ လမ်းကြမ်းမှာမောင်းဖို့ Gravel Mode ၊ နှင်းဖုံးနေတဲ့လမ်းမှာ မောင်းဖို့ Snow Mode စတဲ့ Driving Mode တွေပါသလို Trim Level အပေါ်မူတည်ပြီး နောက်ကြည့် ကင်မရာ၊ DAB Radio Cruise Control ၊ LeD Daytime Running ၊ Lights ၊ Bluetooth အပူပေးစနစ်ပါတဲ့ ဘေးဘက်နောက်ကြည့်မှန်၊ Privacy Glass၊ Lane Dparture Warning၊ Forward Collision Mitigation  ၊ Blind Spot Monitoring ၊ Adaptive Cruise Control၊ Parking Sensors ၊ Anti-lock Braking System ၊ Active Stability  ၊ Hill Start Assist and Brake Assist စတဲ့ နည်းပညာနဲ့ ပစ္စည်းတွေလည်း ပါတာကြောင့် အမျိုးအစားတူ Crossover SUV ကား တွေထဲမှာ 2018 Mitsubishi Eclipse Cross က အထင်ကြီးစရာဖြစ် လို့နေပြီး Quashqai ၊ Ateca ၊ Kadjar ၊ RAV4 တို့နဲ့ တန်းတူ ယှဉ်ပြိုင်နိုင်စွမ်းရှိနေပါတယ်။ 2018 Mitsubishi Eclipse Cross ကို Eclipse 2 ၊ Eclipse 3 ၊ Eclipse 4 ဆိုတဲ့Trim Level သုံးမျိုးနဲ့ ယခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စတင်ဖြန့်ချိတော့မှာဖြစ်ပြီး ဈေးနှုန်းက ဗြိတိန် ပေါင်စတာလင် ၂၁,၂၇၅ ကစပြီး ပေးရမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here