2018 Land Rover Discovery Sport

1226

Land Rover နဲ့ Jaguar  အမှတ်တံဆိပ်ကားတွေကို ထုတ်လုပ်ဖြန့်ချိနေတဲ့ Jaguar Land Rover ကုမ္ပဏီကို ၂ဝဝ၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တုန်းက ဗြိတိန်ကျွန်းစုရဲ့ အကြီးဆုံးကားထုတ်လုပ်သူအဖြစ် ရပ်တည်ခဲ့ပါတယ်။ Jaguar Land Rover အဖြစ် မပေါင်းစည်းမီ Land Rover နဲ့ Jaguar တို့ဟာ သီးခြားရပ်တည်ခဲ့ကြတာပါ။ လေးဘီးယက်ကားတွေကို အထူးထုတ်လုပ်ဖို့ ၁၉၄၈ ခုနှစ်မှာ စတည်ထောင်ခဲ့တဲ့ Land Rover  က ဗြိတိသျှတော်ဝင်အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခံထားရပြီး အဂင်္လန်၊ အိန္ဒိယ၊ တရုတ်နဲ့ တခြားစျေးကွက်တွေမှာ ထိုးဖောက်ဖြန့်ချိနေပါတယ်။ လက်ရှိအချိန်မှာ Land Rover ကားမိုဒယ်ငါးမျိုး ထုတ်လုပ်နေပြီး အရွယ်အလတ်စား Crossover SUV က Land Rover Discovery Sport  ဖြစ်ပါတယ်။ Land Rover Freelander နေရာမှာ အစားထိုးဖို့ ၂ဝ၁၄ ခုနှစ်က ထွက်လာတဲ့ Land Rover Discovery Sport  ဟာ စစချင်းနှစ်မှာ ၈၃ စီးပဲ ရောင်းရပေမဲ့ ၂ဝ၁၅ ခုနှစ်မှာ ၆၉,၅ဝ၁ စီး၊ ၂ဝ၁၆ ခုနှစ်မှာ ၁၂၂,၄၆ဝ စီး ရောင်းရတဲ့အထိ တစ်နှစ်ထက်တစ်နှစ် ရောင်းအားတက်လာခဲ့ပါတယ်။ 2018 Land Rover Discovery Sport  ကိုလည်း ဂုဏ်သတင်းကျော်ကြားထားမှုနဲ့အညီ သက်သောင့်သက်သာ စီးနိုင်အောင် ထုတ်လုပ်ပေးထားပါတယ်။

2018 Land Rover Discovery Sport အပြင်ပိုင်းက အရင်နဲ့မတူဘဲ ဆီစားနှုန်းသက်သာအောင် သေးသွယ်တဲ့ပုံစံ ဖန်တီးထားပါတယ်။ သေတ္တာပုံ(Boxy) အတိုင်းဆက်ရှိနေပေမဲ့ အမိုးက ဖင်ပိုင်းဆီ အနည်းငယ် လျှောဆင်းသွားအောင် ဖန်တီးထားပါတယ်။ Honeycomb  ရှေ့ဘမ်ပါ ရှဲလ်၊ Clamshell ဘောနတ်နဲ့ ရှေ့မီးအုံတို့ကို ဆက်စပ်ထားပုံက Land Rover Lineup  ထဲက သွေဖည်သွားခြင်း မရှိပါဘူး။ ကားဘီးခွေကို ပုံမှန်ဆိုရင် ၁၈ လက်မအရွယ် အသုံးပြုပေမဲ့ လက်မ နှစ်ဆယ် အရွယ် Gloss Black  ဘီးခွေ တပ်ခွင့်ရှိသလို ခရိုမီယမ်အိပ်ဇောပိုက်ကိုလည်း ရွေးခွင့်ပေးထားပါတယ်။ Narvik Black  ရှေ့ဘမ်ပါရှဲလ်၊ အနက်ရောင် Fender Vent နဲ့ ဘေးကြည့်မှန်တွေပါတဲ့ Black Design Package ကို ရွေးလို့လည်းရပါတယ်။ နောက်တံခါးမှာ Powered Gesture Tailgate  စနစ်ပါလို့ ကားဖင်အောက်ကို ခြေထောက်ထိုးပြလိုက်ရင် ပွင့်သွားပြီး ပစ္စည်းတွေ အတင်အချလုပ်ရတာ လွယ်ကူစေမှာပါ။ ကားအတွင်းမှာ နူးညံတဲ့သားရေအုပ်ထားတဲ့ ထိုင်ခုံတိုင်းက စိတ်ကြိုက်ချိန်ညှိနိုင်ပြီး ရှေ့ထိုင်ခုံတန်းမှာ ရာသီဥတုအလိုက် အပူပေးစနစ်နဲ့ အအေးပေးစနစ်တွေကို ရွေးချယ်သုံးနိုင်ပါတယ်။ စိုထိုင်းဆ၊ မြူထူထပ်မှုနဲ့ ဆိုးဝါးတဲ့ ရာသီဥတုအခြေအနေတွေကို Air Sensor ကတစ်ဆင့် စောင့်ကြည့်ပြီး စီးသူတိုင်းအတွက် သင့်တော်မယ့်အပူချိန် ဖန်တီးပေးတဲ့ Climate Control စနစ်ပါတာကြောင့် သက်သောင့်သက်သာ စီးနိုင်မှာဖြစ်ပါတယ်။ အမြန်နှုန်း၊ ဂီယာစနစ်၊ လမ်းညွှန်အချက်ပြမှု စတာတွေကို ရှေ့လေကာမှန်ပေါ်မှာဖော်ပြပေးတဲ့ Heads-Up Display စနစ်ကိုလည်း တပ်ဆင်နိုင်လို့ မောင်းသူအနေနဲ့ လမ်းပေါ်က မျက်စိလွှဲစရာမလိုပါဘူး။ Heads-Up Display  စနစ်မှာ ကမ္ဘာ့ပထမဆုံး Holographic နည်းပညာသုံးထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ပုံတွေကို တွေ့ရမှာပါ။ ထိုင်ခုံတန်း နှစ်တန်း၊ ဒါမှမဟုတ် သုံးတန်း စိတ်ကြိုက်ရွေးနိုင်ပြီး ထိုင်ခုံသုံးတန်းဆိုရင် နောက်ဆုံးခုံတန်းက ထိုင်ရတာ ကျဉ်းကျပ်ပါလိမ့်မယ်။ နောက်ခန်းထဲ ၃၄ ဒသမ ၆ ကုဗပေရှိတဲ့ပစ္စည်းတွေ တင်နိုင်ပြီး အလယ်ခုံတန်းကို ချိုးချလိုက်ရင် ၆၂ ဒသမ ၇၅ ကုဗပေအထိ ကျယ်သွားမှာပါ။ မြင်ကွင်းကျယ် Moon-roof ပါတဲ့ အမိုးကြောင့် စီးသူတွေအနေနဲ့ ပတ်ဝန်းကျင်ရှုခင်းတွေ ပိုခံစားနိုင်မှာ ဖြစ်ပါတယ်။ ကားအတွင်းက နေအိမ်၊ ဒါမှမဟုတ် ရုံးခန်းဆီ Wireless နဲ့ ထိန်းချုပ်နိုင်တဲ့စနစ်သုံးခုပါ Homelink စနစ်ကြောင့် ကားဂိုထောင်၊ ခြံဝင်းတံခါးနဲ့ မီးအဖွင့်အပိတ်တွေကိုလည်း လုပ်နိုင်မှာပါ။

2018 Land Rover Discovery Sport မှာ Continuously Variable Valve Lift  စနစ်ပါတဲ့ ဆလင်ဒါလေးလုံးထိုး 2.0 L တာဘို အင်ဂျင်ကို သုံးထားပြီး အင်ဂျင်လည်အားအလိုက် မြင်းကောင်ရေ    ၂၃၇ ကောင်အား၊ ဒါမှမဟုတ် ၂၈၆ ကောင်အား ထုတ်ပေးမှာပါ။ အလူမီနီယမ်၊ ပေါ့ပါးတဲ့စတီးတို့နဲ့ပေါင်းစပ်ဖန်တီးထားတဲ့ ဆိုင်းထိန်းစနစ်မှာ Advanced Hydraulic Rebound နည်းပညာထည့်သွင်းထားလို့ ချိုင့်ခွက်ပေါတဲ့ လမ်းကို ချောမွေ့စွာကျော်ဖြတ်နိုင်ပြီး အပြင်ကဆူညံသံတွေ  ကားအတွင်းဝင်ရောက်မှု လျော့စေပါတယ်။ Auto ဂီယာ ကိုးချက်၊ လေးဘီးယက်စနစ်တို့ တွဲဖက်ထားလို့ ဘီးကုပ်အားမကောင်းတဲ့လမ်းမှာ မောင်းခြင်း၊ အလေးချိန်များတဲ့ဝန်ဆွဲခြင်းတို့ကို အကောင်းဆုံးထိန်းချုပ်ကိုင်တွယ်နိုင်သလို ဆီစားနှုန်းလည်း သက်သာစေပါတယ်။ ပျမ်းမျှဆီစားနှုန်းက တစ်ဂါလန် ၂၂ မိုင်ရှိပြီး ဆီစားနှုန်းအသက်သာဆုံးဖြစ်စေတဲ့ Eco Mode ကို သုံးနိုင်အောင် စီစဉ်ပေးထားပါသေးတယ်။ ကားကိုယ်ထည် ဟန်ချက်ညီအောင် တစ်စက္ကန့်မှာ အကြိမ်တစ်ထောင်နှုန်းနဲ့ စောင့်ကြည့်ထိန်းချုပ်ပေးတဲ့ Adaptive Dynamics စနစ်က လမ်းကြမ်းမောင်းဖို့ ကူညီပေးပြီး အချိုးအကွေ့တွေကျရင် ဘီးလေးဘီးစလုံးဆီ လိမ်လှည့်အား (Torque) ကို အချိုးညီညီပို့ပေးတဲ့ Torque Vectoring by Braking  စနစ်ကြောင့် ဘီးကုပ်အားပိုကောင်းစေသလို စလစ်ဖြစ်ချော်ထွက်မှာလည်း စိုးရိမ်စရာမလိုပါဘူး။

2018 Land Rover Discovery Sport မှာ နည်းပညာအများအပြား ထည့်သွင်းပေးထားပြီး General Driving ၊ Grass/Gravel/Snow  ၊ Mud/Ruts နဲ့ Sand Mode တွေ ရွေးချယ်သုံးနိုင်တဲ့ Terrain Response  က ဘယ်လိုလမ်းမျိုးမဆို မောင်းနှင်နိုင်စေမှာပါ။ All-Terrain Progress Control က ဘီးကုပ်အား အလွန်နည်းတဲ့ မျက်နှာပြင်မှာ ကားကို တစ်နာရီ ၁ ဒသမ ၁ မိုင်ကနေ ၁၈ ဒသမ ၆ မိုင်အကြားပဲ မောင်းအောင် လုပ်ဆောင်ပေးမှာပါ။ Active Driveline က လမ်းကောင်းမှာ မောင်းရင် ဆီစားနှုန်းသက်သာအောင် နောက်ဘီးတွေဆီ စွမ်းအင်ပို့လွှတ်မှု ဖြတ်တောက်ထားပြီး လမ်းကြမ်းကိုရောက်တဲ့အခါ မီလီစက္ကန့် သုံးရာအတွင်း လေးဘီးယက်စနစ်ကို ပြောင်းပေးမှာဖြစ်ပါတယ်။ မတ်စောက်တဲ့လမ်းမှာ ကားအရှိန်နဲ့ ဘရိတ်တို့ကို ထိန်းပေးတဲ့ Gradient Release Control ၊ Hill Descent Control တို့လည်း ပါဝင်ပါတယ်။ ကားမောင်းသူကို အထောက်အကူ ဖြစ်စေမယ့် Lane Keep Assist ၊ Autonomous Emergency Braking ၊ Blind Spot Monitor ၊ Park Assist ၊ Surround Camera စနစ်တွေကိုလည်း တပ်ထားပါတယ်။ ဒက်ရှ်ဘုတ်အလယ်က ရှစ်လက်မအရွယ် Touch Screen မှာ Land Rover InControl Apps ထည့်ထားတာကြောင့် စမတ်ဖုန်းနဲ့ချိတ်ဆက်ပြီး ဖျော်ဖြေရေးအစီအစဉ်တွေကြည့်ခြင်း၊ ခရီးလမ်းကြောင်းဆွဲခြင်း၊ တစ်နေ့တာအစီအစဉ်နဲ့ ဆွေးနွေးပွဲတွေ မှတ်သားပြုလုပ်ခြင်း၊ ဟိုတယ်ဘွတ်ကင်လုပ်ခြင်း စတာ တွေလုပ်ဆောင်နိုင်ပါတယ်။ မိမိဖုန်းမှာ Land Rover InControl Remote & Protect ထည့်သွင်းထားရင် ဆီလက်ကျန်စစ်ဆေးခြင်း၊ ကြိုတင်ပြီး ကားအတွင်းပိုင်းကို အပူ၊ အအေးပေးခြင်း၊ ပါကင်ထိုးရန် နေရာရှာဖွေခြင်းတို့ကို ဖုန်းကတစ်ဆင့် ပြုလုပ်လို့ရပါတယ်။ အဆင့်ပိုမြင့်တဲ့ နည်းပညာတွေပါတဲ့ Land Rover InControl Touch Pro ကို ရွေးတပ်ခွင့်လည်း ပေးထားပါတယ်။ အသံစနစ်အတွက် စပီကာ ၁၇ လုံး၊ Dual Channel Subwoofer တစ်လုံးပါတဲ့ 825W Meridian Digital Surround Sound System ကို အသုံးပြုထားတာပါ။ ၄,၄ဝ၉ ပေါင်လေးတဲ့ ဝန်ဆွဲနိုင်စွမ်းရှိသလို အမိုးပေါ်မှာ ၁၆၅ ပေါင်အလေးချိန် ရှိ ပစ္စည်းတင်နိုင်တဲ့ 2018 Land Rover Discovery ကို SE ၊ HSE ၊ HSE Luxury ဆိုပြီး မျိုးကွဲသုံးမျိုး ထုတ်လုပ်သွားမှာဖြစ်ပြီး စျေးနှုန်းက SE ဆိုရင် အမေရိကန် ဒေါ်လာ ၃၇,၇၉၅၊ HSE ဆိုရင် အမေရိကန်ဒေါ်လာ ၄၂,၃၉၅၊ HSE Luxury ဆိုရင် အမေရိကန်ဒေါ်လာ ၄၆,၇၉၅ ကစပြီးပေးရမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here