2018 Infiniti QX 60

1146

ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့မှာ ရုံးချုပ်ဖွင့်လှစ်ထားတဲ့ Nissan လက်အောက်မှာ Nissan ၊ Infiniti နဲ့ Datsun အမှတ်တံဆိပ်သုံးမျိုးရှိပြီး Infiniti က အဆင့်မြင့်ဇိမ်ခံကားတွေကို ၁၉၈၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံပြင်ပမှာ ပထမဆုံးထုတ်လုပ်တဲ့ Infiniti ကားအမျိုးအစားက ၂ဝ၁၂ ခုနှစ်မှာ စထွက်ခဲ့တဲ့ QX 60 ပါ။ အမေရိကန်ပြည်ထောင်စုမှာ ထုတ်လုပ်တပ်ဆင်တဲ့ Infiniti QX 60 ကို အစောပိုင်းက အင်ဂျင် Displacement 3.5 L ရှိတာကို မူတည်ပြီး JX 35 လို့ အမည်ပေးခဲ့ပေမဲ့ ၂ဝ၁၄ ခုနှစ်ကစပြီး QX 60 လို့ ပြောင်းလဲသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ Infiniti ရဲ့SUV ကားမိုဒယ်တိုင်းကို QX နဲ့ စတင်ပြီး နောက်က ဂဏန်းတွေကတော့ ကားတန်ဖိုးအလိုက် ကိုယ်စားပြုတဲ့စနစ် အသုံးပြုနေတာ လက်ရှိအချိန်အထိပါပဲ။ ၂ဝ၁၈ ခုနှစ်အတွက် ဖြန့်ချိတဲ့ Infiniti QX 60 မှာ အရင်ထက် ပြုပြင်ပြောင်းလဲမှုတွေ သိပ်မရှိပေမဲ့ ထိုင်ခုံသုံးတန်းပါ အရွယ်အလတ်စား Crossover ကားတွေထဲမှာ ဆွဲဆောင်မှုရှိတဲ့ပုံစံဒီဇိုင်း၊ အဆင့်မြင့်နည်းပညာပိုင်းတွေ တပ်ဆင်ထားမှုတို့ကြောင့် ရွေးချယ်ဝယ်ယူသင့်တဲ့ကားအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။
2018 Infiniti QX 60 အပြင်ပိုင်းကို ပုံမှန် Crossover ကားအစား ဆီဒန်ကားပုံစံထွက်အောင် ဖန်တီးထားပါတယ်။ ခေါင်းပိုင်းမှာ ခရိုမီယမ် ကွပ်ထားပြီး လိုဂိုအမှတ်တံဆိပ်ပါတဲ့ အရွယ်သေးရှေ့ဘမ်ပါရှဲလ်ဘေး တစ်ဖက်တစ်ချက်မှာတပ်ထားတဲ့ ရှေ့မီးအုံအရွယ်ကလည်း အသေးစားပါပဲ။ ကားကိုယ်ထည်ကို အချိုးကျတဲ့ဖောင်းကြွလိုင်းတွေနဲ့ ပုံဖော်ထားပြီး နောက်ဘက်အစွန်ဆုံး မှန်ပေါင်ကို နောက်အမိုးစွန်းတောင်ပံ(Spoiler) နဲ့ လိုက်ဖက်အောင် ပြုလုပ်ပေးထားတာက အမြင်ဆန်းစေပါတယ်။ ဖင်လျှောပုံ ခေါင်မိုးမှာ ပါဝါနဲ့ အဖွင့်အပိတ်လုပ်လို့ရတဲ့ Moonroof နှစ်ခုကို တပ်ထားသလို ပစ္စည်းတွေတင်ဖို့ Roof-rail Bar တွေလည်း ပါပါတယ်။ ၁၈ လက်မအရွယ်ကားဘီးခွေကို သုံးထားသလို ဘေးကြည့်မှန်တွေမှာ အပူပေးစနစ် ထည့်ပေးထားပါတယ်။ နောက်တံခါးမှာ Motion Activated Liftgate စနစ်ကိုတပ်ဆင်နိုင်ပြီး ခြေထောက်ကို နောက်ဘမ်ပါအောက် ထည့်ကာ လှုပ်ယမ်းလိုက်ရုံနဲ့ အလိုအလျောက်ပွင့်သွားမှာဖြစ်လို့ လက်ထဲ ပစ္စည်းအပြည့်ရှိနေချိန်မှာ နောက်တံခါးဖွင့်ဖို့ အခက်မတွေ့နိုင်ပါဘူး။
လူခုနစ်ဦးစီးနိုင်တဲ့ 2018 Infiniti QX 60 အတွင်းပိုင်းမှာ သားရေအုပ်ထားတဲ့ ထိုင်ခုံတွေကို စိတ်ကြိုက်အရောင် ရွေးချယ်ခွင့်ပေးထားပါတယ်။ မောင်းသူထိုင်ခုံက စိတ်ကြိုက်အနေအထားရှစ်မျိုး ချိန်ညှိနိုင်ပြီး အပူပေးစနစ်လည်း တပ်ထားပါတယ်။ အလယ်ခုံတန်းကို ၆ဝ/၄ဝ အချိုးနဲ့ ချိုးချလို့ရတာကြောင့် နောက်ခုံတန်း ဆီ အဝင်အထွက်လွယ်ကူလို့ရသလို ကလေးထိုင်ခုံ(Child Seat) လည်း တပ်ဆင်နိုင်ပါတယ်။ နောက်ခန်းထဲ ပစ္စည်းတင်နိုင်တဲ့ပမာဏက ပုံမှန်ဆိုရင် ၁၅ ဒသမ ၈ ကုဗပေရှိပြီး အလယ်နဲ့နောက်ခုံတန်းတွေ ချိုးချလိုက်ရင် ၇၆ ဒသမ ၅ ကုဗပေ အကျယ်ထွက်လာမှာပါ။ စိတ်ကြိုက်အပူချိန် ထိန်းညှိနိုင်တဲ့ Tri-zone Climate Control စနစ်ပါသလို အလယ်နဲ့ နောက်ခုံတန်းတွေမှာ လျှပ်စစ်ပစ္စည်းတွေ အားသွင်းဖို့ USB Port တွေ တပ်ထားပါတယ်။ ကားမောင်းနေတုန်း ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မပြတ်အောင် Infiniti Intouch နည်းပညာပါတဲ့ ရှစ်လက်မအရွယ် Touch Screen ကို ဒက်ရှ်ဘုတ်အလယ်မှာ တပ်ထားပြီး မတော်တဆမှုဖြစ်ရင် SOS ခလုတ်နှိပ်ပြီး အရေးပေါ်အကူအညီတောင်းခြင်း၊ သွားလိုရာ ခရီးလမ်းကြောင်း ကြိုတင်သတ်မှတ်ခြင်း၊ သီချင်းဖွင့်ခြင်း၊ ဖုန်းကို လက်နဲ့ မကိုင်ဘဲ အသံနဲ့ ညွှန်ကြားသုံးစွဲခြင်း၊ အားကစားပွဲရလဒ်၊ ရာသီဥတုနဲ့ စတော့ရှယ်ယာစျေးတွေကြည့်ခြင်းတို့ကို လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။ အသံစနစ်အတွက် စပီကာခြောက်လုံး တပ်ဆင်ထားပြီး စပီကာ ၁၃ လုံး ပါBose Premium Audio System ကိုလည်း ရွေးချယ်ခွင့်ပေးထားပါတယ်။ ကားအနောက်မှာ စီးသူတွေအတွက် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းတို့လုပ်နိုင်တဲ့ ရှစ်လက်မအရွယ် Screen နှစ်ခုကို ရှေ့ထိုင်ခုံတန်းခေါင်းမှီ နောက်ဘက်မှာတပ်ခွင့်လည်းပေးထားပါတယ်။
2018 Infiniti QX 60 မှာ မြင်းကောင်ရေ ၂၉၅ ကောင်အား 3.5 L V6 အင်ဂျင်ကို အသုံးပြုထားပြီး ရှေ့ဘီးယက်၊ ဒါမှမဟုတ် လေးဘီးယက်စနစ်နဲ့ တွဲသုံးရမှာ ဖြစ်ပါတယ်။ ရှေ့ဘီးယက်စနစ်မှာ ပျမ်းမျှ ဆီစားနှုန်းက မြို့တွင်း တစ်ဂါလန် ၁၉ မိုင်၊ အဝေးပြေး တစ်ဂါလန် ၂၆ မိုင်နှုန်း ရှိပြီး လေးဘီးယက်စနစ်မှာတော့ ပျမ်းမျှဆီစားနှုန်း ၂ဝ/၂၇ မိုင် ဖြစ်ပါတယ်။ လေးဘီးယက်စနစ် တပ်ထားရင် မျက်နှာပြင်ဆိုးဝါးတဲ့လမ်းမှာ မောင်းတဲ့အခါ အရှိန်နှုန်း၊ ဘီးလည်အား၊ လမ်းနဲ့ ကားဘီးထိတွေ့မှုတွေကို စောင့်ကြည့်ပြီး လိုအပ်ရင် စွမ်းအင် ၅ဝ ရာခိုင်နှုန်းကို နောက်ဘီးတွေဆီ ပို့လွှတ်ပေးသွားမှာပါ။ လမ်းကောင်းရင် စွမ်းအင် ၁ဝဝ ရာခိုင်နှုန်းစလုံးကို ရှေ့ဘီးတွေဆီပို့ပေးတာကြောင့် စိတ်ကြိုက်အရှိန်နဲ့မောင်းနိုင်မှာ ဖြစ်ပါ တယ်။ ကမ္ဘာ့ပထမဆုံးနည်းပညာဖြစ်တဲ့ Lane Departure Prevention (LDP) ကိုတပ်ထားလို့ လက်ရှိမောင်းနေတဲ့လမ်းကြောင်းက မတော်တဆ ချော်ထွက်မှာ စိုးရိမ်စရာမရှိပါဘူး။ LDP နည်းပညာက ကင်မရာကတစ်ဆင့် ကားနဲ့လမ်းအမှတ်အသားအကြား အကွာအဝေး ကို စောင့်ကြည့်ကာ လိုအပ်တာထက် ပိုနီးကပ်သွားရင် ပထမအသံနဲ့ အချက်ပေးပြီး ဘရိတ်ကို ညင်သာစွာဖမ်းပေးမှာဖြစ်လို့ လမ်းကြောင်းမှန်ထဲ အလွယ်တကူ ပြန်ဝင်နိုင်မှာပါ။ မောင်းနှင်မှုပုံစံ(Driving Mode) တွေဖြစ် တဲ့ Snow ၊ Eco ၊ Sport တို့ကို စိတ်ကြိုက်သုံးစွဲနိုင်တာကြောင့်လည်း ဘယ်လိုရာသီဥတုနဲ့ လမ်းအခြေအနေမျိုးပဲဖြစ်ဖြစ် ခရီးနှင်နိုင်စွမ်းရှိပါတယ်။
ကမ္ဘာ့ပထမဆုံးနည်းပညာတွေဖြစ်တဲ့ ကင်မရာလေးလုံးကတစ်ဆင့် ကားပတ်ပတ်လည်ကို ထောက်လှမ်းပြီး ရွေ့လျားနေတဲ့အရာတွေကို ဖော်ပြပေးတဲ့ Around View Monitor(AVM) ၊ နောက်ဘက်မှာရှိတဲ့ တခြားယာဉ်၊ အရာဝတ္တုတွေနဲ့ ထိခိုက်နိုင်မှုကို သတိပေးတဲ့ Backup Collision Intervention(BCI) ၊ ကားမောင်းနေစဉ် မမြင်ကွယ်ရာက တခြားကားတွေကို ထောက်လှမ်းသတိပေးတဲ့ Blind Spot Warning (BSW) တို့အပြင် တခြားလုံခြုံရေးနည်းပညာအများအပြားပါဝင်တဲ့ 2018 Infiniti QX 60 ဟာ ဘေးကင်းစိတ်ချရတဲ့ကားအမျိုးအစားတစ်ခုပါပဲ။ တကယ်လို့ မတော်တဆမှုဖြစ်ရင်လည်း ဖိအားဒဏ်ကိုလျှော့ချပေးတဲ့ Crumple Zone တွေကို ရှေ့နဲ့နောက်မှာထည့်ထားတဲ့ Zone Body Construction ကိုယ်ထည်၊ အဆင့်မြင့် လေအိတ်စနစ်နဲ့ ထိုင်ခုံခါးပတ်တွေကြောင့် စီးသူတွေအနေနဲ့ ကြီးကြီးမားမား ဒဏ်ရာမရနိုင်ပါဘူး။ အဆင့်မြင့် နည်းပညာနဲ့ အစိတ်အပိုင်းတွေပါတဲ့ 2018 Infiniti QX 60 ဟာ ကြယ်ငါးပွင့်အဆင့် လုံခြုံစိတ်ချရတဲ့ကားအဖြစ် သတ်မှတ်ခံထားရမှုကို ဆက်လက်ထိန်းသိမ်းဖို့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပြီး QX 60 3.5 ၊ QX 60 3.5 AWD ဆိုပြီး မျိုးကွဲနှစ်မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ စျေးနှုန်းက အမေရိကန်ဒေါ်လာ ၄၃,၃ဝဝ က စတင်မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here