2018 Hyundai Kona

1174

ကမ္ဘာ့တတိယအကြီးဆုံး ကားထုတ်လုပ်သူအဖြစ် ရပ်တည်နေတဲ့ Hyundai Motor Company  ကို ၁၉၆၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပထမဆုံး ကားမိုဒယ် Cortina ကို Ford နဲ့ လက်တွဲပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်ကစပြီး ကိုယ်ပိုင်ကားတွေ ထုတ်လုပ်ဖြန့်ချိဖို့ နာမည်ကြီးပညာရှင်တွေ ခေါ်ယူငှားရမ်းခဲ့တဲ့ Hyundai Motor Company ဟာ အောင်မြင်မှု တဖြည်းဖြည်းရလာခဲ့သလို လက်ရှိအချိန်မှာ လုပ်သားပေါင်းခုနစ်သောင်းခွဲခန့်နဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ သူတို့ရဲ့ကားတွေကိုရောင်းချနေတာပါ။ တစ်နှစ်ကို ကားအစီးရေ ၁ ဒသမ ၆ သန်း ထုတ်လုပ်ပေးနိုင်တဲ့စက်ရုံပိုင်ဆိုင် ထားတဲ့ Hyundai Motor Company  ရဲ့လက်ရှိ ထုတ်လုပ်နေတဲ့ ကားအမျိုးအစားတွေက Sedan ၊ Hatchback ၊ Sports Car ၊ Van ၊ SUV နဲ့ လုပ်ငန်းသုံးကားတွေ ဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ် အတွက် Kona လို့အမည်ပေးထားတဲ့ SUV ကား မိုဒယ်သစ်ကို Hyundai Motor Company က ၂ဝ၁၇ ခုနှစ်၊ ဇွန်လမှာ မိတ်ဆက်ပြသခဲ့ပြီး နှစ်ကုန်ပိုင်းမှာ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။ ဟာဝိုင်အီကျွန်းစုရဲ့ အနောက်ပိုင်းခရိုင်ဖြစ်တဲ့ Kona ကို အစွဲပြုမှည့်ခေါ်ထားတဲ့ 2018 Hyundai Kona ကို ပေါ်တူဂီနိုင်ငံမှာ  Hyundai Kauai ၊ တရုတ်နိုင်ငံမှာ  Hyundai Encino အမည်ကွဲတွေနဲ့ ရောင်းချသွားမှာပါ။ တံခါးငါးပေါက်ပါ Subcompact Hatchback ဒီဇိုင်းရှိတဲ့  Hyundai Kona ကို Battery-Electric Version နဲ့ ၂ဝ၁၈ ခုနှစ်အတွင်း ထပ်မံထုတ်လုပ်သွားမှာလည်းဖြစ်ပါတယ်။

Smart Armor ဒီဇိုင်းထွက်အောင် ဖန်တီးထားတဲ့ 2018 Hyundai Kona  ရဲ့ ကားခေါင်းပိုင်းက ရှေးခေတ် စပါတန်သူရဲကောင်းတွေရဲ့ ခေါင်းဆောင်းမျိုးပါ။ နေ့အလင်းတန်းပါတဲ့ LED ရှေ့မီးအုံ၊ Turn-signal and Reverse Lamps တို့ပါတဲ့ နောက်မီးအုံတွေက တစ်ဆက်တည်းမဟုတ်ဘဲ အပေါ်အောက် ခွဲခြားတပ်ထားတာပါ။ ကားဘီးခွေ အရွယ်အစားက မျိုးကွဲတွေအလိုက် ၁၆ လက်မကနေ ၁၈ လက်မ အထိ ရှိပါတယ်။ ရှေ့မီးအုံနဲ့ တစ်ဆက်တည်းဖြစ်အောင် ကြီးမားတဲ့ Fender တပ်ထားတာက 2018 Hyundai Kona  အနေနဲ့ အရွယ်သေးပေမဲ့   စွမ်းဆောင်ရည်မြင့်တဲ့ အသွင်အပြင် ထွက်စေပါတယ်။

2018 Hyundai Kona အပြင်ပိုင်းက ရိုးရိုးရှင်းရှင်းဖြစ်ပေမဲ့ အတွင်းပိုင်းကိုတော့ စီးသူတွေ စိတ်ကျေနပ်မှုရအောင် အစွမ်းကုန် အားထုတ်ထားတာပါ။ ထိုင်ခုံတွေကို ပိတ်သားနဲ့သားရေ အသုံးပြုဖန်တီးထားပြီး အပူပေးစနစ်တပ်ဆင်နိုင်တဲ့ ရှေ့ထိုင်ခုံတန်းက ခေါင်းကင်းလွတ်အမြင့် ၃၉ ဒသမ ၆ လက်မ၊ ပခုံးကင်းလွတ်အမြင့် ၅၅ ဒသမ ၅ လက်မရှိလို့ ဆူမို နပန်းသမားလို ဝတဲ့သူတောင် ချောင်ချောင်ချိချိ စီးနိုင်ပါတယ်။ ဖင်လျှော အမိုးပုံစံကြောင့် နောက်ခုံတန်းကို အရပ်အမြင့် ခြောက်ပေ နဲ့ အထက်ရှိသူတွေ ဝင်တဲ့အခါ ဒူးကွေးဖို့ တော့ လိုအပ်ပါတယ်။ နောက်ခန်းမှာ ပစ္စည်းတင်နိုင်တဲ့ပမာဏက ပုံမှန်ဆိုရင် ၁၉ ဒသမ ၂ ကုဗပေရှိပြီး နောက်ခုံတန်းကို ချိုးချလိုက်တဲ့အခါ ၄၅ ဒသမ ၈ ကုဗပေအထိ နေရာအကျယ်ထွက်လာမှာပါ။ အမိုးကတစ်ဆင့် အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းစေတဲ့ ပါဝါ Sunroof ကိုလည်း တပ်ခွင့်ပေးထားပါတယ်။ ရှေ့လေကာမှန်မှာ အချက်အလက်တွေ ထိုးပြမယ့်အစား ကုန်ကျစရိတ် ပိုသက်သာသလို သေးငယ်ပြီး ထွင်းဖောက်မြင်နိုင်တဲ့ Heads-Up Display တပ်ပေးထားတာကြောင့် ကားရဲ့ အရှိန်နှုန်း၊ လမ်းညွှန်စနစ်၊ ထိန်းကျောင်းမှုနဲ့ လုံခြုံရေးအချက်တွေကို ကြည့်နိုင်မှာဖြစ်လို့ ခရီးရှည်မောင်းတဲ့အခါ အဆင်ပြေစေမှာပါ။ Tilt-and-Telescopic စတီယာရင် လက်ကိုင်မှာ ဖျော်ဖြေရေး၊ Bluetooth နဲ့ လုပ်ဆောင်ချက်တချို့ပြုလုပ်နိုင်တဲ့ ခလုတ်တွေပါသလို Center Console မှာ ဖုန်းအားသွင်းဖို့ Wireless Charging နည်းစနစ်ထည့်ပေးထားပါတယ်။ Apple Car Play ၊ Android Auto တို့သုံးပြီး မိမိဖုန်းနဲ့ ချိတ်ဆက်နိုင်တဲ့ ဒက်ရှ်ဘုတ်အလယ်က ခုနစ်လက်မအရွယ် Touch Screen ကို အသံနဲ့ ညွှန်ကြားကာ မြေပုံကြည့်ခြင်း၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကြည့်ခြင်း၊ စာတိုပေးပို့ခြင်း၊ ဖုန်းပြောခြင်းနဲ့ သီချင်းဖွင့်ခြင်း စတာတွေကို လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။ Ultimate မျိုးကွဲမှာ ရှစ်လက်မရှိတဲ့ Touch Screen ကို အသုံးပြုနိုင်မှာပါ။ နောက်ကြည့်ကင်မရာကို ရေငွေ့နဲ့ အညစ်အကြေးတွေ စုဖွဲ့မှုကနေကာကွယ်နိုင်ပြီး အမြဲကြည်ကြည်လင်လင်ပြသနိုင်အောင် အလွှာတစ်ထပ်အုပ်ပေးထားပါတယ်။

2018 Hyundai Kona  မှာ မြင်းကောင်ရေ ၁၇၅ ကောင်အား 1.6 L Turbo GDI အင်ဂျင်နဲ့ မြင်းကောင်ရေ ၁၄၇ ကောင်အား 2.0 L Turbo GDI  အင်ဂျင်နှစ်မျိုးထဲက ကြိုက်နှစ်သက်ရာအင်ဂျင် ရွေးချယ်တပ်ဆင်နိုင်ပါတယ်။ 2.0 L အင်ဂျင်ကို Auto ဂီယာ ခြောက်ချက်၊ လေးဘီးယက် စနစ်တို့နဲ့ တွဲသုံးရမှာပါ။ 1.6 L  အင်ဂျင် နဲ့ဆိုရင် လေးဘီးယက်စနစ်က မပြောင်းပေမဲ့ ဂီယာစနစ်က 7-Speed Eco Shift Dual Clutch ဖြစ်သွားမှာပါ။ လေးဘီးယက်စနစ်ကြောင့် 2018 Hyundai Kona  ဟာ ဘီးကုပ်အား ကောင်း ကောင်းနဲ့ ရာသီဥတုဆိုးချိန်မှာတောင် သွားလိုရာ ဆီရောက်အောင် ခရီးနှင်နိုင်ပါတယ်။ သုံးထားတဲ့ Multi-Link နောက်ဆိုင်းထိန်းစနစ်ကြောင့် နောက်ဘီးတွေက လမ်းမျက်နှာပြင်နဲ့ အကောင်းဆုံး ထိတွေ့လည်ပတ်မှာဖြစ်လို့ မောင်းရတာ ပိုကောင်းမွန်ပြီး ချိုင့်ခွက်ပေါတဲ့ လမ်းအတွက် စိုးရိမ်စရာမရှိပါဘူး။

2018 Hyundai Kona မှာသုံးထားတဲ့ နည်းပညာပိုင်းတွေထဲမှာ ရေဒါစနစ်နဲ့ ကင်မရာတို့ပေါင်းစပ်ထားတဲ့ Forward Collision-Avoidance Assist with Pedestrian Detection နည်းပညာက ရှေ့ဘက်မှာ လူ၊ တခြားကားနဲ့ အရာဝတ္ထုတွေကို ထောက်လှမ်းမိရင် မောင်းသူကို အသံနဲ့ အချက်ပေးသလို တိုက်မိခါနီးရင်လည်း အလိုအလျောက်ဘရိတ်ဖမ်းပေးသွားမှာပါ။ တွဲဖက်မောင်းသူအဖြစ်လုပ်ဆောင်ပေးမယ့် Driver Attention Warning က ယာဉ်ကြောပေါ်က ကားအနေအထားနဲ့ စတီယာရင်အချိုးတွေကို လေ့လာသုံးသပ်ပြီး မောင်းသူအနေနဲ့ ပင်ပန်းနွမ်းနယ်နေတယ်၊ ဒါမှမဟုတ် အာရုံလွင့်နေတယ်ဆိုတာကို သိတာနဲ့ သတိပေးမှာဖြစ်ပါတယ်။ မောင်းသူမမြင်နိုင်တဲ့ အနောက်က တခြားကားတစ်စီး နီးကပ်လာရင် အချက်ပြမှာက Blind-Spot Collision Warning with Rear Cross-traffic Collision Warning ပါ။ Lane Keeping Assist ကတော့ မောင်းနေတဲ့လမ်းကြောင်းမှာ ကားတည်ငြိမ်မှုရှိအောင် မှန်ကန်တဲ့ စတီယာရင် အနေအထားဖြစ်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ တောက်ပတဲ့ ကိုယ်ထည် အရောင် ခုနစ်ရောင်နဲ့ထုတ်လုပ်မယ့် 2018 Hyundai Kona  တစ်စီး ရောင်းရတိုင်း ကလေးသူငယ်ကင်ဆာရောဂါကုသဖို့ ရန်ပုံငွေတည်ထောင်ထားတဲ့  Hyundai Hope on Wheels ဆီ အလှူငွေထည့်သွားဖို့လည်း စီစဉ်ထားပါတယ်။ 2018 Hyundai Kona ကို SE ၊ SEL ၊ Limited နဲ့ Ultimate ဆိုပြီး မျိုးကွဲလေးမျိုးထုတ်လုပ်သွားမှာဖြစ်ပြီး စျေးနှုန်းက အမေရိကန် ဒေါ်လာ ၁၉,၅ဝဝ၊ ၂၁,၁၅ဝ၊ ၂၄,၇ဝဝ၊ ၂၇,၄ဝဝ စီ ပေးရမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here