1253

တောင်ကိုရီးယား ညစ်ညမ်းဓာတ်ငွေ့ စည်းမျဉ်းများ ချိုးဖောက်မှုဖြင့် BMW ၊ Mercedes-Benz နှင့် Porsche တို့ ဒဏ်ငွေဆောင်ရမည်

 

ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု ဆိုင်ရာ စည်းမျဉ်းများ ချိုးဖောက်ခဲ့ သော BMW ၊ Mercedes-Benz နှင့် Porsche တို့အား စုစုပေါင်း ဒဏ်ကြေး ဝမ် ၇ဝ ဒသမ ၃ ဘီလျံ (ဒေါ်လာ ၆၃ ဒသမ ၁ သန်း) ချမှတ်ရန် တောင်ကိုရီးယားက စီစဉ်နေသည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးက ပြောကြားလိုက်ကြောင်း Auto News ကားသတင်း ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

 

ယင်းကုမ္ပဏီသုံးခုကို တရားမဝင် ကုန်စည် တင်သွင်းမှုကဲ့သို့ အကောက်ခွန်ဥပဒေ ချိုးဖောက်မှုဖြင့် အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးရန် တရားရေး တာဝန်ရှိသူများအား ဆိုးလ်အကောက်ခွန်ဌာနက တောင်းဆိုထားသည်။ ကုမ္ပဏီထုတ်ကားများ၏ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုရလဒ် အထောက်အထားများ လိမ်ညာတင်ပြခြင်းနှင့် ကားများမရောင်းချမီ ညစ်ညမ်းဓာတ်ငွေ့ ထိန်းချုပ်သည့် အစိတ်အပိုင်းများ အစားထိုး ပြောင်းလဲမှုအတွက် ခွင့်ပြုချက် မရယူခြင်းတို့ ကြောင့် BMW အား ဝမ် ၆ဝ ဒသမ ၈ ဘီလျံ ဒဏ်ငွေချမှတ် သွားမည် ဖြစ်သည်။ Mercedes နှင့် Porsche တို့သည်လည်းညစ်ညမ်းဓာတ်ငွေ့ထိန်းချုပ်သည့်အစိတ်အပိုင်းများ အစားထိုးပြောင်းလဲမှု များအတွက် ခွင့်ပြုချက် မရယူသောကြောင့် ဝမ် ၇ ဒသမ ၈ ဘီလျံနှင့် ဝမ် ၁ ဒသမ ၇ ဘီလျံ အသီးသီး ပေးဆောင်ရမည်ဖြစ်သည်။ ကားများ၏ လောင်စာဆီစားနှုန်း ထောက်ခံချက်များကို နိုဝင်ဘာ လလယ်ခန့်တွင် ပြန်လည်ပယ်ဖျက်သွားမည်ဖြစ်ပြီး BMW အမှတ် တံဆိပ်မိုဒယ် ၂၈ မျိုး ရောင်းချ ခွင့်ကိုလည်း ပိတ်ပင်သွားမည် ဖြစ်သည်။ ယခု အရေးယူဆောင်ရွက်ချက်မှာ ရောင်းချပြီးသားကားများနှင့်အကျုံးမဝင်ကြောင်း သိရသည်။ BMW ကလည်း အထောက်အထား မှားယွင်းမှုများ စုံစမ်းစစ်ဆေးရာတွင် အစိုးရနှင့်အတူ ရိုးသားစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပြီး လိုအပ်သည်များလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောသည်။

 

၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် ကြားကာလတွင် အကောက်ခွန်စစ်ဆေးမှုခံယူပြီး တင်သွင်းသော ကားစီးရေ နှစ်သိန်း အနက်မှ ကား အနည်းငယ်မှာ သက်ဆိုင်ရာ ခွင့်ပြုချက်မရရှိခင်၊သို့မဟုတ်အစိတ်အပိုင်းပြောင်းလဲမှုများ ပြုလုပ်ထားကြောင်း မတင်ပြခင် ကြိုတင်၍ အကောက်ခွန်ကြေညာခဲ့ကြောင်း၊ နောင်တွင်ယခုအားနည်းချက်မျိုး ထပ်မံမပေါ်ပေါက်စေရေးအတွက်ကုမ္ပဏီတွင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းMercedesကပြောသည်။ Porsche အနေဖြင့်မူ ၂ဝ၁ဝ ပြည့်နှစ်မှ၂ဝ၁၅ခုနှစ်ကြားကာလအစိတ်အပိုင်းပြောင်းလဲခဲ့မှုများကိုယခုပြစ်ဒဏ်က ဖြေရှင်းလိုက်ပြီ ဖြစ် သလို လက်ရှိ ရောင်းချနေသော ကားများမှာလည်း တရားဝင်ထောက်ခံချက်ရပြီး ကားများ ဖြစ်သဖြင့်  အစိုးရ၏ အရေးယူ ဆောင်ရွက်ချက်မှာကုမ္ပဏီအပေါ်မည်သို့မျှထိခိုက်မည်မဟုတ်ကြောင်းပြောသည်။

Ref: Auto News

LEAVE A REPLY

Please enter your comment!
Please enter your name here