၇၂ နာရီထက် ကျော်လွန်၍ ရက်တိုးသတ်မှတ်ပေးရန် လိုအပ်နေသော COVID-19 Negative ဖြစ်ကြောင်း ထောက်ခံချက်

173

 

“COVID-19 ကင်းရှင်းကြောင်း ထောက်ခံချက်ကို သုံးရက်တည်းပေးတာ ထက် ငါးရက်၊ ဒါမှမဟုတ် တစ်ပတ်လောက်ပေးရင်ကောင်းမယ်”ဟု ဆို လာသူက ကိုဏီမင်းဦး။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးစတင်တွေ့ရှိခဲ့သည့် မတ်လ မကုန်မီကတည်းက ပိုးတွေ့လူနာများပြားသည့် မန္တလေးအပါအဝင် မြို့ အများအပြားတွင် Stay at Home သတ်မှတ်ခဲ့ရုံမက လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လုပ်ငန်းအများစုကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယာယီရပ်ဆိုင်းခိုင်းခဲ့သည်။ ရပ်နားခဲ့ရသည့်လုပ်ငန်းများအနက် ကုန်စည် ပို့ဆောင်ရေးလုပ်ကိုင်နေသည့် ကုန်တင်ကားများ ပါဝင်ခဲ့ခြင်းမရှိသော်လည်း စီးပွားရေးလုပ်ငန်းအများစုရပ်ဆိုင်းသွားခဲ့ခြင်းကြောင့် ၎င်းတို့သည်လည်း အနည်းနှင့်အများ ရိုက်ခတ်မှုရှိခဲ့ကြောင်း ကုန်တင်ကားပိုင်ရှင်များက ဖွင့်ဟပြောဆိုလာသည်။
အထူးသဖြင့် ကုန်စည်ပို့ဆောင်ရေးအတွက် ကုန်ကားများ မောင်းနှင်နေသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များမှာ ခရီးစဉ်တစ်ခုသွား လာတိုင်း COVID-19 ရောဂါပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးရခြင်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခုလည်းဖြစ်နေရာ ယင်းသတ်မှတ်ချက်အပေါ် ပြန်လည် သုံးသပ်ပေးရန်၊ သို့မဟုတ် ပြင်ဆင်ပေးရန် တောင်းဆိုမှုများလည်းရှိနေ သည်။
“နှာခေါင်းထိုးခံရတာ များလွန်းလို့ COVID-19 လည်းပြီးရော ကုန်ကားသမားတွေအကုန် နှာခေါင်း ပွကြီးတွေကျန်ခဲ့တော့မယ်”ဟု မန္တလေးမြို့မှ မူဆယ်သို့ ကိုယ်ပိုင်ကုန်တင်ကားဖြင့် ကိုယ်တိုင်မောင်းကာ ကုန်စည်ပို့ဆောင် ရေးလုပ်ကိုင်နေသည့် ကိုဏီမင်းဦးက ညည်းတွား ပြောဆိုသည်။
COVID-19 ရောဂါပိုးသည် ကြောက် စရာလည်း ကောင်းသကဲ့သို့ ကြောက်လွန်း အားကြီး၍လည်းမရသော်ငြား ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ မှာ ခရီးစဉ်တစ်ခု ထွက်ခွာတိုင်း နှာခေါင်း၊ အာခေါင်တို့အား အထိုးခံ၍ Swab နမူနာယူစေကာ Test Kit ဖြင့် စစ်ဆေးနေရသည်မှာ ယနေ့တိုင် ဖြစ်သည်။ တော်ရုံလူ နှာ ခေါင်းနှင့် အာခေါင်တို့ကို အထိုးမခံချင် သော်လည်း ၎င်းတို့မှာ COVID-19 ပိုး ကင်းရှင်းကြောင်း လက်မှတ်ရယူနိုင်ရန် အတွက် လေးရက်တစ်ခါ၊ ငါးရက်တစ်ခါ အစစ် ဆေးခံကာ ဝမ်းရေးနှင့် မိသားစုအရေး ရုန်းကန်လှုပ်ရှား နေကြရသည်။
အများပြည်သူလူထု ကျန်းမာရေးအတွက် ထိုသို့ မကြာခဏ အစစ်ဆေးခံနေရမှုအပေါ် ငြိုငြင်ခြင်းမရှိသော်လည်း Test Kit ဖြင့် စစ်ဆေးပြီး COVID-19 ရောဂါပိုးမတွေ့ ပါက Negative ဖြစ်ကြောင်း ထောက်ခံချက်သည် ၇၂ နာရီသာ အကျုံးဝင်သည်ဟူသော ညွှန်ကြားချက်က ၎င်းတို့အတွက် အခက် အခဲ ရှိနေသည်။
ခရီးစဉ်တစ်ကြောင်းအတွက် တစ်မြို့မှတစ်မြို့ သွားလာရာတွင် ၇၂ နာရီကျော်လွန်ပါက နောက်တစ်ကြိမ် နှာခေါင်းနှင့် အာခေါင်တို့ အထိုးခံကြရသဖြင့် ၇၂ နာရီအတွင်း သတ်မှတ်ခရီးဆုံးရောက်ရှိရန် အမြန်မောင်းနှင်ကြရသည့်အတွက် မလိုလားအပ်သော ယာဉ်မတော် တဆမှုများလည်း ဖြစ်ပေါ်လျက်ရှိနေသည်။ ထို့ပြင် လမ်းခရီး၌ သတ် မှတ်ကားရပ်နားရန်နေရာများတွင်သာ ခေတ္တရပ်နားရမှုနှင့် ကားအနား ပေးရချိန် နည်းပါးမှုတို့ကြောင့် တွဲကားအချို့နှင့် ကုန်တင်ကားအချို့ မီးလောင်မှုဖြစ်စဉ်များလည်း ယခု COVID-19 ကာလအတွင်းမကောင်း သောဖြစ်ရပ်အဖြစ် ကြားသိနေရကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင် နေသူ မန္တလေးမြို့ခံများက ပြောဆိုသည်။
“လူမဆင်ခြင်ဘူးဆိုတာလည်း ပါသလို လူမဆင်ခြင်လောက်အောင် ပဲ ၇၂ နာရီအတွင်းဆိုတာတွေ စပယ်ယာရှားပါးလာလို့ အုံနာတွေ ကိုယ့်ဘာသာကိုယ် ကားပြန်မောင်းရတာမျိုးတွေလည်း ရှိတယ်”ဟု မန္တလေးတိုင်းဒေသကြီးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူရက ပြောကြားသည်။
Negative ဖြစ်ကြောင်း ထောက်ခံချက်မှာ ၇၂ နာရီအတွင်းသာ အကျုံးဝင်သည်ဟူသော သတ်မှတ်ချက်ကြောင့် ခရီးစဉ်တစ်ခုပြီးဆုံးတိုင်း နောက်ခရီးစဉ်တစ်ခုအတွက် အကြိမ်ကြိမ်အခါခါ ထပ်မံစစ်ဆေးနေရသဖြင့် ယခုအခါ မန္တလေးအခြေစိုက် ကုန်တင်ကားများတွင် ယာဉ်နောက်လိုက် လိုက်လိုသူလည်းနည်းပါးလာသည်ဟု ၎င်းတို့က ထပ်မံပြောဆိုလာသည်။ ကုန်တင်ယာဉ်တစ်စီးကို ယာဉ်မောင်းတစ်ဦးတည်းဖြင့် မောင်းနှင်၍ရသော် လည်း မလိုလားအပ်သောအခြေအနေမျိုး မကြုံတွေ့ရစေရန် ကြိုတင် ကာကွယ်မှုဟူသော လုပ်ငန်းစဉ်ကို ယာဉ်နောက်လိုက်က ကြိုတင်ကာ ကွယ်ပေးနိုင်သည့်အတွက် ယာဉ်မောင်းများအဖို့ များစွာအထောက် အပံ့ရစေသည်။ ယခုအခါ မကြာခဏ Test Kit ဖြင့် စစ်ဆေးရသည့်ဒဏ်ကို မခံစားနိုင်ခြင်းကြောင့် ယာဉ်နောက်လိုက် ရှားပါးလာသည့်အပြင် အချို့ ကုန်တင်ကားများမှာ ယာဉ်မောင်းတစ်ဦးတည်း သွားလာနေရကာ ယာဉ် မောင်းအထောက်အကူပြုမည့်သူ မပါခြင်းနှင့် အချိန်လုပြီးသွားလာ ရခြင်းတို့သည် ယာဉ်အန္တရာယ် အလွန်များပြားကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူရက သုံးသပ်သည်။
“ယာဉ်မောင်းက မောင်းကြေးရတယ်၊ စပယ်ယာတွေက စပယ် ယာခေါက်ကြေးရတယ်၊ စပါယ်ယာခေါက်ကြေးဆိုတာက ယာဉ်မောင်းလို မရဘူး၊ နည်းတာပေါ့၊ သူရတဲ့ခေါက်ကြေးနဲ့ သူကျန်းမာရေးစစ်ခံရတာနဲ့ မခံနိုင်တဲ့အခါ စပယ်ယာတောင် လိုက်သူနည်းသွားတယ်၊ ဒီကားတစ်စီးမှာ ယာဉ်မောင်းနဲ့တင် သွားတယ်၊ တစ်ယောက်တည်းဆိုတဲ့အတွက် ယာဉ်မောင်းကို အထောက်အကူပြုတဲ့သူ မပါဘူး၊ အချိန်ကာလလုပြီး သွားကြ လာကြတယ်၊ ဒါကြောင့် လမ်းပေါ်မှာ ဒီနောက်ပိုင်းတွေမှာ တော်တော် ပြင်းပြင်းထန်ထန်ဖြစ်ကြတဲ့ အပိုင်းတွေရှိကြတယ်၊ ဒါကတော့ ဆက်စပ်မှု ရှိနေပါတယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
အဆိုပါအခက်အခဲများကို နိုင်ငံတော် အစိုးရက သိရှိစေရန်နှင့် ကူညီပေးနိုင်ရေး Covid-19 Negative ဖြစ်ကြောင်း ထောက်ခံချက် ၇၂ နာရီသာ အကျုံးဝင်မှုအပေါ် ဖြေလျှော့ ပေးနိုင်ရန်၊ သို့မဟုတ် ၇၂ နာရီထက်ကျော်လွန်၍ ရက်တိုးသတ်မှတ် ပေးနိုင်ရန် မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ ပြီးခဲ့ သည့် ရက်ပိုင်းက တောင်းဆိုထားသည်။ အလျင်စလိုသွားလာရခြင်းနှင့် Test Kit ဖြင့်စစ်ဆေးရာတွင် အဆင်မပြေမှုအချို့ကြောင့် စိတ်မကြည်မလင် ဖြစ်ကာ စည်းကမ်းချိုးဖောက်မိမှုနှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နေ ကြောင်း၊ ထို့ပြင် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်များ များပြားနေပြီး စစ်ဆေးသည့်နေရာအချို့၌ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေကာ ယင်းကြောင့် ကုန်စည်များ အချိန်မီပို့ဆောင်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ် နေသည့်အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကုန်စည်ပို့ဆောင် ရေး ၁၂ ဘီးယာဉ်အထိ ပြေးဆွဲခွင့်ပြုနိုင်ရေးကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
မန္တလေးမြို့မှ ထွက်ခွာသည်ဖြစ်စေ၊ ရန်ကုန်မြို့မှ ထွက်ခွာသည်ဖြစ်စေ မည်သည့်ခရီးစဉ်မဆို ကုန်စည်ပို့ဆောင်ရသည့်လမ်းကြောင်းတိုင်းသည် မြို့များစွာ ဖြတ်ကျော်မောင်းနှင်ရသည့်အတွက် အသွားတစ်ကြောင်းမှာပင် အနည်းဆုံး နှစ်ရက်နီးပါး ကြာမြင့်သည်။ ခရီးစဉ်အစမှ အဆုံးသွားလာပြီး တိုင်း Covid-19 ပိုးရှိ/မရှိ Test Kit ဖြင့် အကြိမ်ကြိမ်စစ်ဆေးနေရ သည့်အတွက် အချို့မှာ ရံဖန်ရံခါ နှာခေါင်းသွေးယိုခြင်းမျိုးအထိပါ ကြုံတွေ့ နေကြရကြောင်း ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက ရင် ဖွင့်ပြောဆိုကြသည်။
“Covid-19 ရောဂါပိုးစဖြစ်ချိန်ကနေ အခုအချိန်အထိ ကုန်စည်ပို့ ဆောင်ရေး မရပ်နားဘဲပြေးဆွဲနေတဲ့ ကားသမားတွေဆို Test Kit နဲ့စစ်ဖို့ အာခေါင်နဲ့ နှာခေါင်းအထိုးခံကြရတာ အကြိမ် နှစ်ဆယ်လောက်ရှိနေပြီ၊ အထိုးခံရတာများတော့ တချို့လည်း ရိုးအီနေပေမဲ့ တချို့ဆို အဲဒီဒဏ်ကြောင့် နှာခေါင်းသွေးယိုတာတွေ့ ရံဖန်ရံခါဖြစ်ကြတယ်” ဟု ကိုယ်ပိုင် ကုန် တင်ယာဉ်ကို ကိုယ်တိုင်မောင်းနှင်နေသူ ကိုဏီမင်းဦးက ထပ်မံပြောဆိုလာသည်။
ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကိုယ်စား မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ တောင်းဆိုထားမှုအပေါ် လိုက်လျောပေးနိုင်ခြင်း ရှိ/မရှိ၊ သို့မဟုတ် မည် ကဲ့သို့ ဖြည့်ဆည်းပေးမည်၊ သတ်မှတ်ချက် အချို့ မည်ကဲ့သို့ ပြင်ဆင်ပေးမည် ကို လတ်တလော အချိန်အထိ အကြောင်း ပြန်ခြင်းမရှိသေးကြောင်း ကုန်စည်ပို့ဆောင်ရေး လောက သားအချို့က ပြောဆိုသည်။
ယခုအခါ Covid-19 ရောဂါ ပိုး ကာကွယ်ဆေးဝယ်ယူမှုကို နိုင်ငံတော် အစိုးရက စတင်လုပ်ကိုင်နေပြီ ဖြစ်သည့်အတွက် မကြာမီ Covid-19 ကာကွယ်ဆေး ရရှိလာတော့မည့်အပြင် Covid-19 ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်အချို့ ဖြေလျှော့နိုင်ဖွယ်လည်းရှိနေသည်။ မည်သည့်ကဏ္ဍများ၊ မည်သည့်အချက်များအား တစ်ဆင့်ချင်း ဖြေလျှော့ ပေးမည်ကို မသိရသေးသော်လည်း Covid-19 Negative ဖြစ်ကြောင်း ထောက်ခံချက်မှာ ၇၂ နာရီထက် ကျော်လွန်၍ ရက်တိုး သတ်မှတ်ပေးရန် လိုအပ်နေသည်ဟု ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ တညီတညွတ်တည်း ပြောဆိုလျက်ရှိပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here