၅၉  ဆိုင်ကယ်ဝိုင်း   ဝယ်/ရောင်းအများစု   နေ့စဉ်စားဝတ်နေရေး   ရပ်တည်ရန်   ခက်ခဲလာဟု  ဆို

1210

မြန်မာနိုင်ငံတွင် အကြီးဆုံး ဆိုင်ကယ်ဝိုင်းအဖြစ် သတ်မှတ်ကြသော မန္တလေးမြို့ရှိ ၅၉ ဆိုင်ကယ်ဝိုင်းသည် ယခု အောက်တိုဘာလထဲတွင် ၁၅ နှစ်ကျော်ကာလအတွင်း ရောင်းအား စံချိန်တင်ကျဆင်းနေသည့်အတွက် ဝယ်/ရောင်းများ၏ ဘဝရပ်တည်ရေး ခက်ခဲလာကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။

 

”ဆိုင်ကယ်ရောင်းအား အကောင်းဆုံးကတော့ ၂ဝဝ၈ ခုနှစ်နဲ့ ၂ဝ၁ဝ ပြည့်နှစ်ဝန်းကျင်ပေါ့၊ အဲဒီ အချိန်တုန်းက ဆိုင်ကယ်တစ်စီးရောင်းထွက်ရင်ကို သိန်းဂဏန်းလောက် အမြတ်ကျန်တယ်၊ နှစ်ကြာလာတာ နဲ့အမျှ ဆိုင်ကယ်ဝယ်/ရောင်းလုပ်တဲ့ ဦးရေလည်း တိုးလာ၊ ဆိုင်ကယ်ဆိုင်တွေလည်း များလာတော့ တဖြည်းဖြည်း ရောင်းအားကျလာတယ်၊ ဆိုင်ကယ်ဝိုင်း စတည်တာ ၁၅ နှစ် ကျော်ပြီ၊ ဒီနှစ်ထဲ အခု မိုးတွင်းမှာ ရောင်းအား အဆိုးဆုံး အခြေအနေ ပဲ၊ အရင်ကတည်းက မိတ်ဆွေအပေါင်းအသင်းများတဲ့သူလောက်ပဲ အရောင်းအဝယ် ဖြစ်ကြတယ်၊ ဒီ ရက်ပိုင်းဆိုရင် အများစုကစျေးဦးမပေါက်တော့ သူတို့ စားဝတ်နေရေးအတွက်ပါ အခက်အခဲ ဖြစ်လာမှာ စိုးရိမ်ရတယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့် ဝယ်/ရောင်း တစ်ဦးဖြစ်သူ ကိုညီညီနိုင်က ပြောကြားသည်။

 

မန္တလေးမြို့ရှိ ၅၉ ဆိုင်ကယ်ဝိုင်းကို ၁၉၉၉-၂ဝဝဝ ပြည့်နှစ်ဝန်းကျင်တွင် ဝယ်/ရောင်းဦးရေ နှစ်ဆယ် ခန့်ဖြင့် စတင်တည်ခဲ့ပြီး ၁၅ နှစ်ကျော်ကာလအတွင်း ယခုနှစ်ထဲ အရောက်၌ ဝယ်/ရောင်းလုပ်သည့် ဦးရေ သုံးရာနီးပါးရှိလာကာ ဆိုင်ကယ် အရောင်းပြခန်းများလည်း နှစ်စဉ်တိုးနေကြောင်း၊ ၅၉ ဆိုင်ကယ်ဝိုင်းသို့ ဆိုင်ကယ်အရောင်းပြခန်းများ ဝင်ရောက်လာမှုနှင့်အတူ Brand New ဆိုင်ကယ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမှု ကလည်း ဝယ်/ရောင်းများအတွက် စျေးကွက်ဝေစု လျော့စေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်နေသူများက ဆိုကြသည်။

 

”လုပ်ငန်းတိုင်းမှာ ပြိုင်ဆိုင်မှု ရှိတော့ အရောင်းပြခန်းတွေမှာ အရစ်ကျမရောင်းပါနဲ့လို့ သွားတားလို့ လည်းမရဘူးလေ၊ အခုဟာက ၅၉ ဝိုင်းကြီးက အတော်လေးကို ခြောက်ကပ်သွားပြီ၊ မြို့ထဲမှာလည်း ဆိုင်ကယ်ဆိုင်တွေ များလာတာရယ်၊ ဆိုင်တိုင်းနီးပါး အရစ်ကျ ရောင်းနေတော့ ၅၉ ဝိုင်းဘက်ကို သိပ်မလာကြတော့ဘူး၊ တကယ်ကို ငွေကြေးမတတ်နိုင်တဲ့သူလောက်ပဲ လာဝယ်သလိုဖြစ်နေတယ်၊ ဆိုင်ကယ်တွေ ရှိနေသရွေ့ပျောက်ကွယ်သွားမှာ မဟုတ်ပေမဲ့ အရင်လို စည်ကားဖို့ လုံးဝမလွယ်တော့ဘူး၊ဒါကိုဝိုင်းကော်မတီကနေ ဦးဆောင်ပြီး ကမကထနဲ့ လူစည်ကားအောင် တစ်နည်းတစ်ဖုံ လုပ်ဆောင်ပေးရင်တော့ ဝယ်/ရောင်းတွေအတွက် စားဝတ်နေရေး အဆင်ပြေလာနိုင်တယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင် ကယ်ဝိုင်းမှ ဝယ်/ရောင်းတစ်ဦးက ၎င်းအမြင်ကို ဆိုသည်။

 

ယခင်နှစ်များက ရောင်းမကောင်းသည့်ရက်ဆိုလျှင်ပင် တစ်ရက်လျှင် ဝယ်/ရောင်းတိုင်းအနည်းဆုံး ကျပ်ငါးထောင်မှ တစ်သောင်း ကျော်အထိ ရရှိကြပြီး ယခုမိုးတွင်း ကာလတွင် နေ့စဉ် စျေးဦးပေါက်ဖို့ပင် မလွယ်တော့သည့်အတွက် ဘဝရပ်တည်ရေး ခက်ခဲလာခြင်း ဖြစ်ကြောင်း ၎င်းတို့က ထပ်မံပြော ဆိုသည်။

 

”ဝယ်/ရောင်းတွေကလည်း ကိုယ့်အရည်အချင်းတွေ တိုးတက်အောင်လုပ်ပြီး ဆိုင်ကယ်ကုမ္ပဏီတွေမှာ သွားလုပ်တာမျိုး၊ ဒါမှမဟုတ် ဆိုင်တွေလို ကိုယ့်ဆီလာဝယ် နိုင်မယ့် ဆွဲဆောင်မှုမျိုး လုပ်စေချင်တယ်၊ အရင်က တခြားအလုပ်လုပ်ရင်းကနေ ဝင်ငွေကောင်းမှန်းသိ တော့ ဆိုင်ကယ်ဝယ်/ရောင်းလာလုပ်၊ အစကတော့ အဆင်ပြေတာပေါ့၊ အခု အခြေအနေမျိုးမှာ တကယ်ကို အချိတ်အဆက်ကောင်းတဲ့ သူလောက်ပဲ အရောင်းအဝယ်ဖြစ်ပြီး အများစုက ငုတ်တုတ်မေ့ကုန်တယ်၊ အကောင်းဆုံးက ဝယ်/ ရောင်းတွေအနေနဲ့ လူစည်ကားအောင် ဝိုင်းကော်မတီနဲ့တိုင်ပင်ပြီး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေနိုင်မယ့် နည်းလမ်းတစ်ခု အဖြေရှာသင့် တယ်၊ ရေရှည်ဆို ၅၉ ဝိုင်းက လုံးဝမလွယ်ဘူး၊ အခုတောင်ခြောက်ကပ်လို့”ဟု ၅၉ ဆိုင်ကယ်ဝိုင်းအနီးတွင် ‘ Yamasuki ဆိုင်ကယ် အရောင်းပြခန်း’ ဖွင့်လှစ်ထားသူ ကိုဇော်ကြီးက သုံးသပ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here