‘၄ဝယ’အောက်ဆိုင်ကယ်များ Multi Stage Test Lane နှင့် စစ်ဆေးမှုမှသည်

1177

” ၄ဝယ အောက် 125 CC နဲ့အထက် ဆိုင်ကယ်တွေ Multi Stage Test Lane နဲ့ စစ်ဆေးရတော့မယ်ဆိုတော့ အခု ‘၄ဝယ’အောက် ဆိုင်ကယ်တွေ လာရောင်းရင် အရင်ထက် စျေးနှိမ်ဝယ်ရတော့တာ၊ စျေးနှိမ်တယ်ဆိုပေမဲ့ ပုံမှန်ပေါက်စျေးထက် ကျပ်ငါးသောင်းလောက်ပဲ လျှော့ဝယ်တာပါ၊ ‘၄ဝယ’အောက် ဆိုင်ကယ်တွေ တော်တော်များများက စုတ်ချာနေ ပြီဆိုတော့ သက်တမ်းတိုးရင် ပြင်ဆင်ရမယ့်စရိတ်နဲ့ စျေးမလျှော့လို့က လည်းမရဘူး”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့်ဝယ်/ရောင်း တစ်ဦးဖြစ်သူ ကိုညီညီနိုင်က ဆိုသည်။

 

ယခင်က မည်သည့် ဆိုင်ကယ်အမျိုးအစားမဆို အင်ဂျင်ဆွဲအား ရုန်းအား၊ စက်သံဆူညံမှု နည်းပါးခြင်း၊ ဆေးသား စသည့် အခြေအနေတို့ အပေါ် မူတည်၍ နှစ်ဖက်ညိ§နှိုင်းကာ တန်ရာတန်ကြေးစျေးဖြင့် လာရောင်းသော ဆိုင်ကယ်များကို ဝယ်ယူခဲ့ကြသော်လည်း စက်တင်ဘာ ၁ ရက်မှ စ၍ ‘၄ဝယ’ အောက် 125 CC နှင့် အထက် ဆိုင်ကယ်များအားလုံး လိုင်စင်သက်တမ်းတိုးရာတွင် Multi Stage Test Lane ဖြင့် စစ်ဆေးရတော့မည် ဟူသော သတင်းကြောင့် ဆိုင်ကယ် ဝယ်/ရောင်းစျေးကွက်တွင် အနည်းငယ် ဂယက်ရိုက်လာခဲ့သည်။

 

”ဝယ်/ရောင်းစျေးကွက်မှာက ဘီးအဟောင်းလေးတွေ လာရောင်းရင် လိုင်စင်တွေစိစစ်ပြီး ဘီးကောင်းရင် ကောင်းသလို ကြိုက်စျေးပေးပြီး ဝယ်ထားလိုက်တယ်၊ ပြီးတော့ ပြင်စရာရှိတာ ပြင်ဆင်ပြီး ပြန်ရောင်းတယ်၊ အခုကျတော့ ‘၄ဝယ’ အောက် 125 CC ဆိုင်ကယ်ဆိုရင်ကို ပုံမှန်ပေါက် စျေးထက် ငါးသောင်းလောက် စျေးနှိမ်ရတော့ ရောင်းမယ့်သူကလည်း စျေးနှိမ်တယ်ဆိုပြီး မရောင်းခဲ့တော့ဘူးပေါ့၊ ဒီရက်ပိုင်း 125 CC ထဲက ဘီးအဟောင်းလေးတွေ ဝယ်ရတာ ရှားနေတယ်၊ ကိုယ်ကလည်း ပြင်ဆင်စရိတ်ရှိသေးတော့ အရင်ကလို စျေးကောင်းကောင်းပေးဝယ်လို့ အဆင်မပြေဘူးလေ”ဟု ကိုညီညီနိုင်က ရှင်းပြသည်။

 

မြန်မာနိုင်ငံ၏ အကြီးဆုံးဆိုင်ကယ်ဝိုင်းဟု သမုတ်ကြသည့် မန္တလေး မြို့ရှိ ၅၉ ဆိုင်ကယ်ဝိုင်းတွင် 110 CC ၊ 125 CC ဆိုင်ကယ်များမှာ အရောင်းအဝယ်ပြုလုပ်မှု အများဆုံးဖြစ်ပြီး ယခုအခါ စက်တင်ဘာ ၁ ရက်မှစ၍ မန္တလေးတိုင်းကညနရုံး၏ ထုတ်ပြန်ချက်ကြောင့် လိုင်စင်သက်တမ်းကုန်နေသည့် ဆိုင်ကယ်များနှင့် လိုင်စင်သက်တမ်းကုန်ခါနီးဆိုင်ကယ်များ လာရောက်ရောင်းချပါက ပုံမှန်ပေါက်စျေးထက် စျေးနှိမ်ဝယ်ယူရကြောင်း မန္တလေးမြို့ခံ ဝယ်/ရောင်းများက ပြောဆိုသည်။

 

”လိုင်စင်သက်တမ်းကုန်နေတဲ့ ဆိုင်ကယ်တွေဆိုရင် ကျွန်တော်တို့က ဆိုင်ကယ်ကို ကောင်းအောင်ပြင်ရတဲ့အပြင် လိုင်စင်သက်တမ်း သွားတိုးပြီးမှ ရောင်းရတယ်၊ အခု သက်တမ်းတိုးရင် စစ်ဆေးတဲ့စက်နဲ့ ကြံ့ခိုင်မှုစစ်ရမယ်ဆိုတော့ ဆိုင်ကယ်ပြင်စရိတ်၊ သက်တမ်းတိုးစရိတ်နဲ့က စျေးမနှိမ်လို့ မရဘူး၊ တချို့ ငွေလိုတဲ့သူကတော့ ရောင်းသွားကြတာပဲ၊ ဒါပေမဲ့ သူတို့နားလည်အောင် သေချာတော့ရှင်းပြရတာပေါ့”ဟု မန္တလေး မြို့ခံ ဝါရင့်ဝယ်/ရောင်းတစ်ဦးဖြစ်သူ ဦးဖိုးစိုးက ပြောကြားသည်။

 

ယခင်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၅ဝ ဃဃ နှင့်အထက် ဆိုင်ကယ်များနှင့် နယ်ပြောင်း၊ အုံနာဘုတ်ပျောက်ဆုံး စသော ဆိုင်ကယ် များသာ လိုင်စင်သက်တမ်းတိုးရာ၌ Multi Stage Test Lane နှင့် စစ် ဆေးခံခဲ့ရသော်လည်း ယခုအခါ မန္တလေးတိုင်းအတွင်း 250 CC နှင့် အထက် ဆိုင်ကယ်အစီးရေ နည်းပါးမှုနှင့် ယာဉ်အန္တရာယ်ကျဆင်းရေး စီမံ ချက်အနေဖြင့် ‘၄ဝယ’ အောက် 125 CC နှင့်အထက်ဆိုင်ကယ်များပါ စစ်ဆေးရမည်ဟု မန္တလေးတိုင်းဒေသကြီး ကညနရုံးမှ ပြီးခဲ့သည့် သြဂုတ်လမကုန်မီက ထုတ်ပြန်ခဲ့သည်။

 

”အရင်ကတော့ 150 CC နဲ့အထက်ဆိုင်ကယ်တွေပဲ စစ်ဆေးတယ်၊ နောက်ပိုင်း 250 CC နဲ့အထက် ဆိုင်ကယ်အစီးရေက နည်းသွားတဲ့အတွက် ‘၄ဝယ’ အောက် 125 CC နဲ့အထက် ဆိုင်ကယ်တွေကိုပါ တိုးချဲ့စစ်ဆေးရ ခြင်းဖြစ်ပါတယ်၊ ‘၄ဝယ’အောက် ဆိုင်ကယ်တွေ အများစုကလည်း သိပ်မကောင်းတာက များနေပြီလေ၊ သူတို့ကို ကြံ့ခိုင်မှုစစ်ဆေးမှ သူတို့ပြစ်ချက် သူတို့သိမှာ၊ ဆိုင်ကယ်တစ်စီးဟာ Safety ဖြစ်နေမှ အန္တရာယ် ဖြစ် ပွားမှု နည်းမှာပေါ့”ဟု ကညနရုံးမှ တိုင်းဦးစီးမှူး ဦးနေလင်းက ဆိုသည်။

 

ယခုအခါ ‘၄ဝယ’ အောက် 125 CC နှင့်အထက် ဆိုင်ကယ်များ အားလုံး လိုင်စင်သက်တမ်းတိုးရာတွင် အုံနာဘုတ်နှင့်အတူ မန္တလေးတိုင်း ကညနရုံးခွဲ၊ စွယ်တော်ကညနရုံးသို့ ဆိုင်ကယ်ကြံ့ခိုင်မှု လာရောက်စစ် ဆေးရမည်ဖြစ်ပြီး စံသတ်မှတ်ချက်ရာခိုင်နှုန်း ပြည့်မီမှသာ လိုင်စင်သက် တမ်းတိုးခွင့်ပေးသွားမည်ဖြစ်ကာ ပြစ်ချက်များတွေ့ရှိပါက ဆိုင်ကယ်အား ကောင်းမွန်အောင် ပြင်ဆင်၍ နောက်တစ်ကြိမ် လာရောက် စစ်ဆေးရမည် ဖြစ်ကြောင်း၊ ယင်းသို့ စစ်ဆေးရာတွင်လည်း ရှေ့မီးကြီးလင်းအား ကောင်း မကောင်း၊ ဘရိတ်မိ မမိ၊ မီးခိုးထွက်နှုန်း၊ အိပ်ဇောသံဆူညံမှု အခြေအနေ၊ ရှေ့/နောက်ခွေအလိုင်းမန့် ညီ မညီ အစရှိသည့် အစိတ် အပိုင်းများကို Multi Stage Test Lane ဖြင့် စစ်ဆေးရမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကညနရုံးမှ သိရသည်။

 

”စွယ်တော်ကညနရုံးအထိ လာစစ်ရတော့ မြို့ထဲနဲ့ အရမ်းဝေးသွားလို့ အချိန်မအားလပ်တဲ့သူတွေအတွက် အခက်အခဲရှိမယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ အဲဒီလို မစစ်ဆေးပြန်ရင် ဘရိတ်မမိလည်း စီးနေကြသလို မီးမကောင်းလည်း စီးနေကြမှာပဲ၊ ကိုယ့်ဆိုင်ကယ် ဘယ်အစိတ်အပိုင်းမှာ အားနည်းနေတယ်ဆိုတာ သိလျက်နဲ့ မပြင်ကြဘူး၊ ဥပမာ ဘရိတ်မမိဘူး၊ ပေစီးနေကြတယ်၊ တကယ်လို့ အရှိန်နဲ့စီးရင်း ရှေ့ကယာဉ်တစ်စီးစီးကို အရှိန်လွန် တိုက်မိလိုက်ရင် သွားပြီလေ၊ ပျက်စီးမှု မဖြစ်သင့်ဘဲ ဖြစ်ကုန် မှာတွေ စိုးရိမ်လို့ အခုလိုစစ်ဆေးခိုင်းတာပါ”ဟု မန္တလေးတိုင်း စွယ်တော် ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

အင်ဂျင်ပါဝါ 250 CC နှင့်အထက် ဆိုင်ကယ်များကို မန္တလေးတိုင်းတွင် ဇွန် ၁ ရက်မှ စတင်စစ်ဆေးခဲ့ပြီး ယင်းအချိန်မှ ယခု ‘၄ဝယ’အောက် 125 CC နှင့်အထက် ဆိုင်ကယ်များ စစ်ဆေးနေချိန်အထိ ရှေ့မီးမလင်းမှု၊ လင်းအားနည်းမှု၊ ဘရိတ်မမိမှုနှင့် အလိုင်းမန့်မညီမှုတို့ကို အများဆုံးစစ်ဆေး တွေ့ရှိရကာ အခြားသောပြစ်ချက်များမှာ ရာခိုင်နှုန်းစံသတ်မှတ်မှု ပြည့်မီ ကြောင်း မန္တလေးတိုင်း စွယ်တော်ကညနရုံးမှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် 250 CC နှင့်အထက် ဆိုင်ကယ်များကို ကြံ့ခိုင်မှု စတင်စစ်ဆေးခဲ့သည့် ဇွန် ၁ ရက်မှ သြဂုတ်လကုန်အထိ ဆိုင်ကယ်အစီးရေ ၇၃၆ စီး လာရောက်စစ်ဆေးမှုတွင် ၆၉၆ စီး အောင် မြင်ခဲ့ပြီး စံသတ်မှတ်မှုမမီမှုကြောင့် အစီး လေးဆယ်ကို ကျရှုံးမှု စာရင်းသွင်းခဲ့ရကြောင်း၊ ယခု စက်တင်ဘာ ၁ ရက်မှ ၆ ရက်အထိလည်း ‘၄ဝယ’အောက် 125 CC နှင့်အထက် ဆိုင်ကယ်အစီးရေ လေးရာဝန်းကျင် စစ်ဆေးခဲ့ရာ ၁၈ စီးကျရှုံးမှုရှိခဲ့၍ ဆိုင်ကယ်ကောင်းမွန်အောင် ပြင်ဆင်ရန် ပြန်လွှတ်ခဲ့ရကြောင်း အဆိုပါရုံး၏ မှတ်တမ်းများအရ သိရသည်။

 

”ဥပမာ ဘရိတ်မိမမိ စစ်တယ်ဆိုပါစို့ ကွန်ပျူတာမှာ ဘယ်လောက် ရာခိုင်နှုန်းပြည့်ရင် အောင်ပေးမယ်၊ ဘယ်လောက်ရာခိုင်နှုန်းပဲရှိရင် ကျတယ်ဆိုတာ သတ်မှတ်ပေးပြီးသား၊ ကျတဲ့ဆိုင်ကယ်တွေကိုတော့ ပြန် လွှတ်ပြန်ပြင်ပြီးမှ ပြန်လာပြန်စစ်ပေါ့၊ အချိန်မကုန်ချင်ဘူးဆိုရင်တော့ သက်တမ်းလာတိုးတော့မယ်ဆိုကတည်းက တစ်ခါတည်းကောင်းအောင် ပြင်လာစေချင်တယ်”ဟု မန္တလေးတိုင်း စွယ်တော်ကညနရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

 

250 CC နှင့်အထက် ဆိုင်ကယ်များအပြင် ‘၄ဝယ’အောက် 125 CC နှင့်အထက် ဆိုင်ကယ်များကိုပါ စစ်ဆေးမှုကို ကြိုဆိုသူများလည်း ရှိသကဲ့သို့ ဝေဖန်သူများစွာလည်း ရှိနေသည်။ မန္တလေးမြို့နှင့် အလွန်ဝေးကွာလှသော စွယ်တော်ကညနရုံးအထိ သွားရောက်စစ်ဆေးရမှုမှာ လူတိုင်းအတွက် အဆင်မပြေနိုင်သည့်အတွက် မြို့တွင်းရှိ မန္တလေးတိုင်း ကညနရုံးအတွင်းတွင် စစ်ဆေးမှုကို ပြုလုပ်ပေးစေလိုကြောင်း တောင်းဆိုမှုများ ရှိနေသည်။ မန္တလေးတိုင်း ကညနရုံးထဲတွင် လက်ရှိ၌ သက်တမ်း တိုးမော်တော်ယာဉ်တိုင်း Multi Stage Test Lane ဖြင့် စစ်ဆေးမှုရှိသော်လည်း ဆိုင်ကယ်များကိုမူ နေရာ အကျယ်အဝန်းအနေအထားအရ Multi Stage Test Lane ဖြင့် မစစ်ဆေးပေးနိုင်သေးကြောင်း တာဝန်ရှိသူများ ကပြောသည်။

 

”မန္တလေးတိုင်း ကညနရုံးဝန်းထဲမှာက အခုတောင် ယာဉ်မောင်းလိုင်စင် လာဖြေတာတွေရော ယာဉ်လာစစ်တာတွေရောနဲ့ နေရာကကျပ် တော့ ဆိုင်ကယ်ပါ စစ်ဆေးဖို့ဆို နေရာက လုံးဝကျပ်ကုန်မယ်၊ မြို့ထဲ ရုံးမှာတော့ ဆိုင်ကယ်စစ်ဆေးပေးဖို့ မဖြစ်နိုင်သေးဘူး”ဟု မန္တလေးတိုင်း ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

လက်ရှိ မန္တလေးတိုင်းအတွင်း စီးနင်းလျက်ရှိသည့် ‘၄ဝယ’ အောက် ဆိုင်ကယ်အများစုမှာ ကောင်းမွန်သော ဆိုင်ကယ် အလွန်နည်းပါးလှပြီး စီး၍ဖြစ်ရုံ ပြင်စီးနေကြသည့် ဆိုင်ကယ်က များပြားလွန်းနေသည်။ ထို့ကြောင့် ငွေကြေးချို့တဲ့သူ လူတန်းစားများအတွက် အခက်အခဲဖြစ်စေနိုင်ကြောင်း မန္တလေးမြို့ခံအချို့၏ဝေဖန်မှုများလည်း ရှိနေပြန်သည်။

 

”တကယ် ယာဉ်အန္တရာယ် လျော့ကျချင်တယ်ဆိုရင် 125 CC အထက် ဆိုင်ကယ်တွေစစ်တာအပြင် 110 CC ဆိုင်ကယ်တွေရောပါ တစ်ပြေးညီစစ်သင့်တယ်၊ 110 CC ဆိုင်ကယ်တွေထဲမှာလည်း စုတ်ချာ နေတာတွေအများကြီး၊ အခုလို ဆိုင်ကယ်ကြံ့ခိုင်မှု စစ်ဆေးတာ ကောင်းတယ်၊ ဒါပေမဲ့ ထိထိရောက်ရောက် ကိုင်တွယ်ချင်တယ်ဆိုရင် နယ်စပ် ဂိတ်တွေကနေ စသွင်းကတည်းက Quality Control ကို တစ်ခါတည်း စစ်လိုက်၊ အရည်အသွေး အာမခံချက်မရှိရင် လုံးဝ သွင်းခွင့်မပေးနဲ့၊ အခုဟာက အရည်အသွေးမရှိတဲ့ ဆိုင်ကယ်တွေက သောင်းချီ၊ သိန်းချီ ဝင်ထားပြီးနေပြီ၊ အဲဒီဆိုင်ကယ် ဝယ်စီးမိတဲ့သူတွေအနေနဲ့ လိုင်စင်သက် တမ်းပြည့်တဲ့ ၂ နှစ်လောက်ကြာချိန် ဆိုင်ကယ်က အတော်လေး စုတ်ချာ နေမှ ကြံ့ခိုင်မှုစစ်ရမယ်ဆိုတော့ အောင်နိုင်ခြေ နည်းမှာပေါ့၊ စသွင်း ကတည်းက အရည်အသွေးအာမခံချက်ရှိတဲ့ ဆိုင်ကယ်တွေကိုပဲ သွင်း ခွင့်ပေးမယ်ဆိုရင် သုံးနှစ်လောက်စီးပြီး ကြံ့ခိုင်မှုစစ်လည်း ပြစ်ချက် တွေ့တယ်ဆိုတာ နည်းသွားမယ်၊ အဲဒါဆိုရင် ကညနဝန်ထမ်းတွေလည်း အလုပ်ရှုပ် သက်သာမယ်၊ ဆိုင်ကယ်စီးတဲ့သူဘက်ကလည်း အချိန်ကုန်၊ ငွေကုန် သက်သာမယ်”ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ် ငန်းရှင်တစ်ဦးဖြစ်သူ ကိုဇော်ကြီးက ထောက်ပြသည်။

 

ထို့ပြင် နိုင်ငံတကာနည်းတူ ပုဂ္ဂလိကလုုပ်ကိုင်ခွင့်များပေး၍ 125 CC ၊ 250 CC သာမက 110 CC အပါအဝင် မည်သည့်ဆိုင်ကယ်မဆို လိုင်စင်သက်တမ်းတိုးတိုင်း စစ်ဆေးရန် ကြပ်မတ်ပါကလည်း ယခုကြုံ တွေ့နေရသော တကူးတက သွားလာနေရသည့်အချိန် အကုန်သက်သာ စေနိုင်ကြောင်း အကြုံပြုပြောဆိုမှုများလည်း ရှိပြန်သည်။

 

”နိုင်ငံတကာမှာလို ဆိုင်ကယ်ရော၊ ကားရော စစ်ဆေးတာကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပေးမယ်ဆိုရင် ဆိုင်ကယ်ပိုင်ရှင်တွေ နီးနီးနားနားနဲ့ သွားရောက်စစ်ဆေးနိုင်မယ်၊ အခုဟာက စွယ်တော်အထိ သွားနေရတာက နေ့တစ်ဝက်လောက် အချိန်ကုန်နေပြီ၊ ဒါတောင်လာစစ်တဲ့ ဆိုင်ကယ် စီးရေနည်းမှ၊ စီးရေများရင် တစ်နေကုန်နီးပါးအထိ ကြာတယ်”ဟု အောင် မြေသာစံမြို့နယ်တွင် နေထိုင်သူမန္တလေးမြို့ခံ ကိုဟိန်းသန့်က ဆိုသည်။

 

မည်သို့ပင်ဆိုစေ၊ ယခင် 250 CC နှင့်အထက် ဆိုင်ကယ်များသာ စစ်ဆေးနေရာမှ ယခု ‘၄ဝယ’ အောက် 125 CC နှင့်အထက် ဆိုင်ကယ်များပါ စစ်ဆေးခိုင်းမှုမှာ အမှန်တကယ်တွင်လည်း ယာဉ်အန္တရာယ်ကျ ဆင်းနိုင်ရုံသာမက ဆိုင်ကယ်စီးသူများကိုလည်း သတိပေးရာရောက် သည့်အတွက် ကြိုဆိုရမည်ဖြစ်သည်။ သို့သော် ဆိုင်ကယ် ဝယ်/ရောင်း စျေးကွက်အတွင်း စျေးနှိမ်မှုမှတစ်ဆင့် အရောင်းအဝယ်မဖြစ်မှု၊ အနည်းဆုံး နေ့တစ်ဝက်အချိန် ပေးရသော စွယ်တော်ကညနရုံးအထိ သွားလာရမှု စသော အခက်အခဲများကို ဖြေလျှော့ပေးရန် လိုအပ်ပြီး မန္တလေးတိုင်း သာမက မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်တိုင်း ယင်းသို့လုပ်ဆောင်ပေးရန် အထူးလိုအပ်နေသည်။ ထို့ပြင် နယ်စပ်ဂိတ်များတွင်ပါ Auality Control စစ်ဆေးနိုင်ပါက ယာဉ်အန္တရာယ်လျော့ကျခြင်းအပြင် ပြည်သူလူထု အတွက်ပါ ရေရှည်တွင် အချိန်ကုန် ငွေကုန်မှုနှင့် စိတ်ပူပန်မှုများပါ ကင်း ဝေးစေနိုင်ရာ ယခုအစိုးရသစ် ငါးနှစ်သက်တမ်းအတွင်း တစ်ဆင့်ချင်းလုပ် ဆောင်ပေးခဲ့ရန် လိုအပ်ပေသည်ဟု သုံးသပ်ကြသည်။

 

” Multi Stage Test Lane နဲ့ စစ်တာကို မြို့ကြီးတွေမှာတင် စစ်နေ လို့မရဘူး၊ နယ်တွေမှာ ယာဉ်တိုက်မှုတွေ ဒုနဲ့ဒေးဖြစ်နေတာပဲ၊ တစ်နိုင်ငံ လုံး ခရိုင်တိုင်း၊ မြို့တိုင်း Mobile စက်တွေထားပြီး စစ်ဆေးစေချင်တယ်”ဟု မန္တလေးမြို့ခံ ဝါရင့်ဝယ်/ရောင်းတစ်ဦးဖြစ်သူ ကိုညီညီနိုင်က စစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်စေရေး တွေးတွေးဆဆ ပြောကြားလိုက်ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here