ကျပ်သိန်း ၃ဝ/၆ဝ ဖြင့် ဝယ်ယူခွင့် ပါမစ်လျှောက်ထားခွင့်ပြုမည့် ၂ဝဝ၅ မိုဒယ်နှင့်အောက် Consignment လက်ကျန်ကားများကို ရောက်ရှိ နောက်ဆုံးနံပါတ်အတိုင်း ကနဦးမှတ်ပုံတင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
စလစ်အစားထိုးစနစ် ကျပ် သိန်း ၃ဝ/၆ဝ ဖြင့် ဝယ်ယူခွင့်ပါမစ် လျှောက်ထားမည့် ကားများအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် နိုင်ငံတော်ငွေစာရင်း ခေါင်းစဉ်ဖြင့် ငွေသွင်းရမည်ဖြစ်သည်။ ကညနမှ ငွေသွင်းလက်ခံရန်အတွက် ကားအမျိုးအစား၊ Custom Statement နှင့် Chassis တိုက်စစ်ခြင်းကို လက်ခံဆောင်ရွက်ပေးနေပြီး ပြေစာရရှိခဲ့ပါက စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ဝယ်ယူခွင့်ပါမစ်လျှောက်ထားရမည်ဖြစ်သည်။ ဝယ်ယူခွင့်ပါမစ်ရရှိပြီးပါက ကနဦးမှတ်ပုံတင်ပြုလုပ်ရာတွင် ရောက်ရှိနံပါတ်အတိုင်း မှတ်ပုံတင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
”၃ဝ/၆ဝ နဲ့ ဝယ်ယူခွင့်ပါမစ် လျှောက်တဲ့ကားတွေကို ရောက်ရှိနံပါတ်အတိုင်း မှတ်ပုံတင်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်၊ ဒီကားတွေကို နယ်လိုင်စင်နဲ့သာ ခွင့်ပြုပေးတဲ့အတွက် ရန်ကုန်ပြင်ပ နယ်လိပ်စာနဲ့ပဲ မှတ်ပုံတင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂ဝဝ၅ မိုဒယ်နှင့်အောက် Consignment လက်ကျန်ကားများကို စာရင်းကောက်ယူရာတွင် အရောင်းစာရင်းပြရန် အစီး ၁,ဝ၃ဝ ကျန်ရှိကြောင်း သိရသည်။ ယင်းကားများအနေဖြင့် အောက်တိုဘာ ၃၁ ရက် မတိုင်မီ ဝယ်ယူခွင့်ပါမစ် လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက ဗဟိုစက်ပစ္စည်းထိန်းသိမ်း ရေးအဖွဲ့ထံ အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။
ကိုဖြိုး