၂ နှစ်အတွင်း အွန်လိုင်းစနစ်နှင့် တိုင်ကြားမှု ၂ဝ,၆၄၁ မှုရှိပြီး မော်တော်ယာဉ်ဥပဒေနှင့် အရေးယူနိုင်မှု ၁၅,၂၆၂ မှုအထိရှိ

325

၂ နှစ်အတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို ဥဃဃ အွန် လိုင်းစနစ်ဖြင့် တိုင်ကြားမှု ၂ဝ,၆၄၁ မှုရှိပြီး မော်တော်ယာဉ်ဥပဒေ နှင့် အရေးယူနိုင်မှု ၁၅,၂၆၂ မှုရှိကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ဖြိုးသိန်းက ပြောသည်။

အွန်လိုင်းစနစ်ဖြင့် တိုင်ကြားမှု စတင်ခဲ့သည့် ၂ဝ၁၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်မှ ၂ဝ၁၇ ခုနှစ်၊ ဇွန် ၂ဝ ရက်အထိ တိုင်ကြားမှု ပေါင်း ၂ဝ,၆၄၁ မှုရှိပြီး မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူနိုင် ခဲ့သည့်အမှုပေါင်း ၁၅,၂၆၂ မှုအထိရှိကြောင်း သိရသည်။

”အွန်လိုင်းစနစ်က အများကြီးအကျိုးရှိတယ်၊ ဒီလိုတိုင်လို့ ရတဲ့အတွက် တော်ရုံနဲ့ စည်းကမ်းမဖောက်ဖျက်တော့ဘူး၊ လူသိ များလေ အကျိုးရှိလေပဲ၊ အွန်လိုင်းကနေ တိုင်ကြားတဲ့အတွက် မော်တော်ယာဉ်ဥပဒေနဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်”ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ဖြိုးသိန်းက ပြောသည်။

ယင်းသို့ အွန်လိုင်းစနစ်ဖြင့် တိုင်ကြားမှုများထဲတွင် ယာဉ် မရပ်ရ နေရာများ၌ ရပ်နားမှု၊ လမ်းပြောင်းပြန်မောင်းနှင်မှု၊ သတ် မှတ်နံပါတ်ပြား မတပ်ဆင်မှုတို့မှာ တိုင်ကြားမှုအများဆုံးဖြစ်ပြီး တိုင်ကြားခံရသည့် မော်တော်ယာဉ်များထဲတွင် ကိုယ်ပိုင်ယာဉ် မှာ အများဆုံးဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

အွန်လိုင်းစနစ်ဖြင့် တိုင်ကြားမှုများမှာ ၂ နှစ်အတွင်း ၂ဝ,၆၄၁ မှုရှိပြီး မော်တော်ယာဉ်ဥပဒေအရ အရေးယူနိုင်ခဲ့မှု ၁၅,၂၆၂ မှု၊ အကူအညီတောင်းခံမှုကို ဖြေရှင်းပေးနိုင်မှု ၇,၇ဝ၃ မှုရှိပြီး ဒဏ် ဆောင်ရန် ကျန်ရှိသည့်အမှုပေါင်း ၇,၅၅၉ မှု ရှိကြောင်း သိရသည်။

မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး စည်းကမ်းဖောက်ဖျက်မှုများ၊ ထူးခြားဖြစ်စဉ်များကို တိုင်ကြားလိုပါက Viber နံပါတ် ဝ၉-၇၇၇ ၄၃၆ ၂၃၂၊ ဝ၉-၇၇၇ ၄၃၆ ၂၃၃၊ ဝ၉-၇၇၇ ၄၃၆ ၂၃၄ တို့သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here