၂၆လမ်းနှင့် လမ်း၈ဝ ရှိ နန်းမြို့ရိုးကျုံးပတ်လည် ပလက်ဖောင်းအကျယ်ချဲ့ထွင်၍  မသန်စွမ်းသူများ သွားလာနိုင်ရေးပါဆောင်ရွက်နေဟု ဆို

684

မန္တလေး၊ မတ်

မန္တလေးမြို့၏ အထင်ကရ ပြယုဂ်တစ်ခုဖြစ်သော နန်းမြို့ရိုးကျုံးပတ်လည် လေးဘက်အနက် ၂၆ လမ်း နှင့် လမ်း ၈ဝ ရှိ ကျုံးပတ်လည်နှစ်ခုဘေးတွင် ရှိပြီးသားပလက်ဖောင်းအကျယ်ကို ကွန်ကရစ်ခင်း၍ တစ်ပြေးညီချဲ့ထွင်နေပြီး မသန်စွမ်းသူများပါ သွားလာနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှ သိရသည်။

”နန်းမြို့ရိုး ကျုံးပတ်လည်မှာ ၂၆ လမ်းနဲ့ လမ်း ၈ဝ က ကျုံးဘေးပလက်ဖောင်းတွေဆိုရင် အရင်က အကျယ် ခြောက်ပေ၊ ရှစ်ပေလောက် ပဲရှိတယ်၊ ပြီးရင် မျက်နှာပြင် တစ်ပြေးညီမဟုတ်ဘဲ နှစ်ဆင့်ဖြစ်နေတယ်၊ ဒါကို အခု သုံးလက်မထု ကွန်ကရစ်ခင်းပြီး တစ်ပြေးညီဖြစ်သွားအောင် လုပ်ဆောင်နေပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးသန်းထိုက်ဦးက ပြောသည်။

၂၆ လမ်းနှင့် လမ်း ၈ဝ နန်းမြို့ရိုး ကျုံးဘေးပလက်ဖောင်းများ ပြုပြင်ခြင်းကို ယခုနှစ်ဆန်းပိုင်းက စတင်ခဲ့ပြီး ကျုံးဘေးတွင် လမ်းလျှောက်လာသူများ၊ အပန်းဖြေလာရောက်သူများ ကျယ်ကျယ်ဝန်းဝန်း နားနေနိုင်ရန်အတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရာတွင် မသန်စွမ်းသူများပါ ဝှီးချဲဖြင့် လာရောက် အပန်းဖြေနိုင်ရန် ရည်ရွယ်ထားခြင်းကြောင့် လမ်းမကြီးပေါ်မှ ပလက်ဖောင်းပေါ်သို့ ဆက်သွယ်ပေးသော ဝှီးချဲသွားလမ်းများပါ ထည့်သွင်းခင်းကျင်းနေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ လမ်း၊ တံတားဌာနမှ သိရသည်။

”ဒါကြောင့် လမ်းသုံးပြကို တစ်ခုနှုန်းလောက် လမ်းမကြီးကနေ ပလက်ဖောင်းကို ကူးနိုင်ဖို့ ဝှီးချဲသွားလမ်းလေးတွေပါ ထည့်သွင်းပေးထားတယ်၊ အဲဒီလိုလုပ်ပေးထားတော့ သန်စွမ်းသူရော၊ မသန်စွမ်းသူရော ကျန်းမာရေးအရ လမ်းလျှောက်ချင်သူပဲဖြစ်ဖြစ်၊ အပန်းဖြေလာချင်တဲ့သူတွေပဲ ဖြစ်ဖြစ် အဆင်ပြေစေမယ်၊ ဒါကြောင့်လည်း အခုဆို ပလက်ဖောင်းအကျယ်ကအစ တချို့နေရာတွေဆိုရင် ၁၅ ပေ၊ တချို့နေရာတွေဆိုရင် ၁၈ ပေအထိ ကျယ်အောင်ချဲ့ထားတယ်၊ ပလက်ဖောင်းအကျယ်ကတော့ သစ်ပင်တွေအတွက် နေရာချန်ပေးထားရတာတွေရှိတော့ တစ်နေရာနဲ့ တစ်နေရာတော့မတူဘူး”ဟု အဆိုပါ ဌာနမှ ဒုတိယဌာနမှူး ဦးသန်းထိုက်ဦးက ထပ်မံဆိုသည်။

၂၆ လမ်းနှင့် လမ်း ၈ဝ နန်းမြို့ရိုး ကျုံးဘေးရှိ ပလက်ဖောင်းများကို ကွန်ကရစ်ခင်း၍ ချဲ့ထွင်နေသည့်အပြင် ကျုံးဘေးလက်ရန်းများပါ အသစ်လဲမှုများ ဆောင်ရွက်နေပြီး ယခုလကုန်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

”ဒီနေ့မနက်ပဲ ကျုံးထဲမှာ ရေနစ်သေနေတဲ့ အလောင်းတစ်လောင်း တွေ့တယ်၊ ကွန်ကရစ်ခင်းတာ အမြန်ပြီးဖို့ထက် လက်ရန်းအကာတွေ အမြန်ပြီးအောင် တပ်စေချင်တယ်၊ အခုဟာက အကာအရံ မရှိတော့ ကျုံးဘေးကိုလာတဲ့သူတွေအတွက် အန္တရာယ်အရမ်းများတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here