၂၀၃၀ ပြည့်နှစ်မှစ၍ ဗြိတိန်တွင် စက်သုံးဆီစွမ်းအင်သုံး ကားသစ်များ ရောင်းချခွင့် ပိတ်ပင်မည်

173

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် စိမ်းလန်းသောပတ်ဝန်းကျင်ဖန်တီးရေး စီမံကိန်း တစ်စိတ်တစ်ဒေသအဖြစ် ဓာတ်ဆီ၊ ဒီဇယ်စွမ်းအင်သုံး ကားသစ်များ ရောင်းချမှုကို ၂၀၃၀ ပြည့်နှစ်မှစ၍ ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမှတ် ၁၀၊ ဒေါင်းနင်းလမ်း၊ ဝန်ကြီးချုပ်နေအိမ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုပြောကြားသည်။

ဘောရစ်ဂျွန်ဆင်၏ “အစိမ်းရောင် စက်မှုတော်လှန်ရေး” တစ်စိတ်တစ်ပိုင်းအဖြစ် လေထုညစ်ညမ်းမှု ဖြစ်စေသော ဓာတ်ဆီ၊ ဒီဇယ်ကဲ့သို့ စက်သုံးဆီစွမ်းအင်အသုံးပြုသည့် ကားအသစ်များ၊ ဗန်ကားအသစ်များကို ဗြိတိန်တွင် ရောင်းချတော့မည် မဟုတ်ပေ။

သို့သော် စက်သုံးဆီနှင့် လျှပ်စစ်စွမ်းအင် ပေါင်းစပ်အသုံးပြုသည့် Hybrid ကားများကိုမူ ဆက်လက်ရောင်းချခွင့် ပြုသွားမည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ရန်နှင့် နျူကလီးယားကဲ့သို့သော စက်မှုလုပ်ငန်းများတွင် အလုပ်အကိုင်အသစ်များ ဖန်တီးပေးနိုင်ရန် ဘောရစ်ဂျွန်ဆင်၏ အစိမ်းရောင် စက်မှုတော်လှန်ရေးက ကူညီပေးနိုင်မည် ဖြစ်သည်။

ဗြိတိန် အပါအဝင် ဥရောပနိုင်ငံအချို့သည် လေထုညစ်ညမ်းမှုနှင့် ရာသီဥတုဖောက်ပြန်မှု လျှော့ချနိုင်ရေးအတွက် စက်သုံးဆီစွမ်းအင်သုံး ကားများနေရာတွင် လျှပ်စစ်စွမ်းအင်သုံး ကားများကို အသုံးပြုရန် နှစ်အပိုင်းအခြားအလိုက် ရည်မှန်းချက်ထားကာ ကြိုးစားနေသည်။

ဗြိတိန်သည် မူလက ၂၀၃၅ ခုနှစ်ကျမှသာ စက်သုံးဆီစွမ်းအင်သုံးကားများ ရောင်းချမှုကို ပိတ်ပင်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ ရှေ့ငါးနှစ် ထပ်တိုး၍ စောစောပိတ်သိမ်းရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ဖြည့်သွင်းမည့်နေရာများ တည်ဆောက်ခြင်း အပါအဝင် အခြား အခြေခံအဆောက်အအုံများ ဖြည့်တင်းရန်အတွက် ဗြိတိန်အစိုးရက ပေါင် လေးဘီလျံ သုံးစွဲသွားမည်ဖြစ်ပြီး ထိုပမာဏသည် ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိသော “အစိမ်းရောင် စက်မှုတော်လှန်ရေး” စီမံကိန်းတစ်ခုလုံးအတွက် လျာထားသည့် ဘီလျံ တစ်ရာထက်စာလျှင် နည်းပါးလွန်းသည်ဟု လေ့လာသူများက ဝေဖန်လျက်ရှိသည်။

ဘောရစ်ဂျွန်ဆင်၏ အစိမ်းရောင် စက်မှုတော်လှန်ရေး စီမံကိန်းတွင် အလုပ်အကိုင်သစ် စုစုပေါင်း၂၅၀,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု ဗြိတိန်အစိုးရက မျှော်လင့်နေပြီး အင်္ဂလန်မြောက်ပိုင်းနှင့် ဝေးလ်စ်တို့တွင် အလုပ်အကိုင်အခွင့်အလမ်း ခြောက်သောင်းခန့် ထွက်ပေါ်လာမည်ဖြစ်သည်။

Ref:BBC
ဘာသာပြန်- ခွန်ဝဏ္ဏ

LEAVE A REPLY

Please enter your comment!
Please enter your name here