၂၀၂၁ မိုဒယ် Honda Click 150i နှင့် 125i ဆိုင်ကယ်များ ထိုင်းနိုင်ငံတွင် စတင်ထွက်ရှိ၊ ယခုလမကုန်မီ ပြည်တွင်းစျေးကွက်သို့ ရောက်ရှိမည်ဖြစ်

465

 

မန္တ​လေး၊ ​အောက်တိုဘာ ၃

၂၀၂၁ မိုဒယ် Honda Click 150i နှင့် 125i ဆိုင်ကယ်များ ထိုင်းနိုင်ငံတွင် စတင်ထွက်ရှိလာပြီး အောက်တိုဘာလ(ယခုလ)မကုန်မီ မြန်မာနိုင်ငံစျေးကွက်အတွင်း စတင်ရောက်ရှိလာမည်ဖြစ်ကြောင်း ဆိုင်ကယ်တင်သွင်းရောင်းချသူကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

“ထိုင်းမှာ Click 150i ရော 125i ရော စထွက်နေပြီ၊ Click 150i တော့ တချို့အရောင်လေးတွေ တာချီလိတ်ဘက် စရောက်နေပြီလို့ ကြားတယ်၊ ပြည်တွင်းစျေးကွက်ထဲကိုတော့ ဒီလမကုန်ခင် ရောက်လာမှာပါ၊ အခု စတင်သွင်းဖို့ ဟိုဘက်ကမ်းက ကုန်သည်တွေဆီ မေးထားတယ်” ဟု ထိုင်းနှင့် ဗီယက်နမ်နိုင်ငံထုတ် Honda ဆိုင်ကယ်မျိုးစုံ တင်သွင်းရောင်းချနေသည့် Easy Rider Motorbike ကုမ္ပဏီ Managing Director ဦးတင်ကျော်နန္ဒက ပြောသည်။

ထိုင်းနိုင်ငံ၌ စတင်ထွက်ရှိလာသော Honda Click 125i ဆိုင်ကယ်တွင် ဒလက်နှင့် စပုတ်ဟု အမျိုးအစားနှစ်မျိုး ထွက်ရှိထားသည့်အနက် ဒလက်ဘီးတွင် ဖြူနက်ရောင်၊ နီနက်ရောင်၊ အနက်ရောင်(အနီရောင်အနည်းငယ်ပါ)တို့တွေ့ရပြီး စပုတ် Type တွင် အနက်ရောင် (အနီရောင်အနည်းငယ်ပါ)၊ ဖြူနက်ရောင်တို့တွေ့ရကြောင်း၊ Click 150i တွင်မူ လတ်တလောအချိန်အထိ ဒလက် Type ဖြင့် အပြာရောင်၊ အနက်ရောင်၊ ဖြူနီရောင် စသည်ဖြင့် အရောင် သုံးရောင်ထွက်ရှိထားသည်ဟု သိထားရပြီး စပုတ် Type အမျိုးအစားမှာမူ ထွက်ရှိထားသည့်ပုံများ မတွေ့ရသေးဟု Honda ဆိုင်ကယ်များ တင်သွင်းရောင်းချနေသည့် ဆိုင်ကယ်ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

“Click 150i မှာဆို ရှေ့မီး LED မီးက ပိုကြီးလာတယ်၊ တာယာတွေ ပိုကျယ်လာတယ်၊ Fully Digital ဖြစ်လာတဲ့အပြင် Smart Key ကလည်း ပုံစံအနည်းငယ်ပြောင်းသွားတာ တွေ့ရတယ်၊ Click 125i မှာလည်း LED မီးတို့၊ Digital ဒိုင်ခွက်တို့တော့ ပြောင်းသွားတယ်၊ အခု ၂၀၂၁ မိုဒယ်မှာ ဆိုင်ကယ်ဒီဇိုင်းက မချိန်းဘူး၊ အဓိက ခုနကပြောခဲ့တဲ့နေရာလေးတွေနဲ့ အရောင်နဲ့ စတစ်ကာချိန်း(ပြောင်း)သွားတာ” ဟု မန္တလေးမြို့မှ ဆိုင်ကယ်ရောင်း၀ယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံစျေးကွက်အတွင်း ရေပန်းအစားဆုံးဖြစ်သည့် Honda Click 150i ၊ 125i နှင့် Scoopyi ဆိုင်ကယ်တို့အနက် အစောပိုင်းလများက ၂၀၂၁ မိုဒယ် Scoopyi ဆိုင်ကယ်မှာ ဦးစွာထွက်ရှိမည်ဟု သတင်းများပျံ့နှံ့ခဲ့သော်လည်း လက်ရှိတွင် Scoopyi ထက်စော၍ Click 150i နှင့် Click 125i က ယခု စတင်ထွက်ရှိလာသည်ကို တွေ့ရသည်။ ထို့ပြင် Honda Click 125i နှင့် 150i တို့သည် ယခုမှ ထိုင်းနိုင်ငံတွင် စတင်ထွက်ရှိခြင်းဖြစ်၍ မြန်မာနိုင်ငံတွင် မည်သည့်စျေးနှုန်းဖြင့် စတင်ရောင်းချကြမည်ကို မသိရသေးသော်လည်း အောက်တိုဘာလမကုန်မီ ရောက်ရှိမည်မှာ သေချာသလောက်နီးပါးဖြစ်ကြောင်း ဆိုင်ကယ်ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here