၂၀၂၁ မိုဒယ် ထိုင်း Honda Click 150i နှင့် 125i ဆိုင်ကယ်များ မန္တလေးဈေးကွက်တွင်း စတင်ရောက်ရှိ

229

2021 မိုဒယ် Honda Click 125i ဆိုင်ကယ်များအား တွေ့ရစဉ်။

မန္တလေး၊ အောက်တိုဘာ ၁၆

၂၀၂၁ မိုဒယ် ထိုင်းနိုင်ငံထုတ် Honda Click 150i နှင့် 125i ဆိုင်ကယ်များ မန္တလေးဈေးကွက်အတွင်းသို့ အောက်တိုဘာ ၁၆ ရက်(ယနေ့)တွင် စတင်ရောက်ရှိလာကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများထံမှ သိရသည်။
2021 မိုဒယ် Honda Click 150i ဆိုင်ကယ်များကို တွေ့ရစဉ်။

“မရောက်ခင်ကတည်းက စိတ်ဝင်စားနေကြတယ်၊ လှမ်းမေးနေကြတယ်ပေါ့၊ အခုရောက်ရောက်ချင်း အစီးရေ တော်တော်များများတော့ ရောင်းလိုက်ရပြီ၊ အခု ၂၀၂၁ မိုဒယ်မှာက စတစ်ကာနဲ့ အရောင်ပြောင်းသွားတော့ တော်တော်လှလာတာ တွေ့ရတယ်” ဟု ထိုင်း Honda ဆိုင်ကယ်များ လက်လီ၊ လက်ကားရောင်းချလျက်ရှိသော မန္တလေးမြို့ Ever OK ကုမ္ပဏီမှ Managing Director ကိုအောင်ကျော်မိုးက ပြောကြားသည်။

မန္တလေးမြို့ ဈေးကွက်အတွင်း စတင်ရောက်ရှိလာသော Honda Click 125i ဆိုင်ကယ်တွင် ဒလက်နှင့် စပုတ် အမျိုးအစားနှစ်မျိုး ထွက်ရှိထားသည့်အနက် ဒလက်ဘီးတွင် ဖြူနက်ရောင်၊ နီနက်ရောင်၊ အနက်ရောင်(အနီရောင်အနည်းငယ်ပါ)တို့ ထွက်ရှိထားကာ စပုတ် Type တွင် အနက်ရောင် (အနီရောင်အနည်းငယ်ပါ)၊ ဖြူနက်ရောင်တို့ ထွက်ရှိထားကြောင်း၊ Click 150i တွင်မူ ဒလက် Type ဖြင့် အပြာရောင်၊ အနက်ရောင်၊ ဖြူနီရောင် စသည့်အရောင်များ ထွက်ရှိထားကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများထံမှ စုံစမ်းသိရသည်။

“ဒီဇိုင်းကတော့ မပြောင်းသွားဘူး၊ အဓိကက စတစ်ကာနဲ့ အရောင်လောက်ပဲ ပြောင်းသွားတယ်၊ Click 125i မှာဆို Honda စတစ်ကာစာလုံးက ခေါင်းခြမ်းမှာမပါတော့ဘဲ ရှေ့ရင်အုပ်မှာဖြစ်သွားတယ်၊ ဘေးအချက်ပြမီး အောက်ဘက်နားမှာဆိုလည်း အရင်မိုဒယ်တွေတုန်းက စတစ်ကာတွေမပါပေမဲ့ အခု စတစ်ကာလေးတွေ ပါလာတယ်၊ ပြီးတော့ ဘော်ဒီဘေးကာဗာမှာဆိုလည်း စတစ်ကာအကြားလေးတွေနဲ့ ဖြစ်လာတယ်၊ နောက်လက်ကိုင်တန်းမှာဆိုလည်း ကိုင်းက အရင်တုန်းက အနက်ရောင်ကနေ အခု အနီရောင်ဖြစ်လာတယ်၊ Click 150i မှာလည်း အဲဒီလိုပဲ တချို့နေရာလေးတွေမှာ စတစ်ကာနဲ့ အရောင်လေးတွေ ပြောင်းသွားတယ်” ဟု မန္တလေးမြို့ ရှင်းထက် ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံဈေးကွက်အတွင်း ရေပန်းအစားဆုံးဖြစ်သည့် Honda Click 150i ၊ 125i နှင့် Scoopyi ဆိုင်ကယ်တို့အနက် အစောပိုင်းလများက ၂၀၂၁ မိုဒယ် Scoopyi ဆိုင်ကယ် အရင်ထွက်ရှိမည်ဟု သတင်းများပျံ့နှံ့ခဲ့သော်လည်း လက်ရှိတွင် Scoopyi ထက်စော၍ Click 150i နှင့် Click 125i တို့သည် အောက်တိုဘာ ၃ ရက် ကတည်းက ထိုင်းနိုင်ငံတွင် စတင်ထွက်ရှိခဲ့သည်။ ထိုသို့ထွက်ရှိပြီး နှစ်ပတ်အကြာတွင် မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ စတင်ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် ၂၀၂၁ မိုဒယ် Honda Click 125i တစ်စီးလျှင် ကျပ် ၂,၈၅၀,၀၀၀၊ Click 150i တစ်စီးလျှင် ကျပ် ၃,၂၀၀,၀၀၀ စသော နှုန်းထားများပေါက်နေကြောင်း မန္တလေးမြို့ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here