၂၀၂၁ မိုဒယ် ထိုင်း Honda Click ဆိုင်ကယ်များ ထွက်ရှိပြီးဖြစ်သော်လည်း ဈေးကွက်အတွင်း ဝယ်လိုအားနည်း

164

 

မန္တလေး၊ အောက်တိုဘာ ၂၇

ယခင်နှစ်များက Honda Click ဆိုင်ကယ်၏ မိုဒယ်သစ်ထွက်တိုင်း မန္တလေးဈေးကွက်အတွင်း သိသိသာသာ အဝယ်လိုက်ခဲ့သော်လည်း မကြာသေးမီက ထွက်ရှိထားသော ၂၀၂၁ မိုဒယ် ထိုင်း Honda Click 150i နှင့် 125i ဆိုင်ကယ်များမှာ Covid-19 ကပ်ရောဂါကြောင့် လက်ရှိတွင် ဝယ်လိုအားနည်းနေကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“အရင်နှစ်တွေက မိုဒယ်သစ်ထွက်တော့မယ်လို့ ကြားရုံနဲ့ စောင့်နေကြတယ်၊ စရောက်တာနဲ့ အလုအယက်ဝယ်ကြတယ်ပေါ့၊ ဒီနှစ်ကျတော့ Covid-19 နဲ့ အများစုက ငွေမသုံးနိုင်ကြတော့ ၂၀၂၁ မိုဒယ်သစ်သာ ထွက်လာတာ ဈေးကွက်ထဲမှာ လှုပ်လှုပ်ခတ်ခတ်မရှိဘူး၊ ငြိမ်နေတယ်ပေါ့၊ လောလောဆယ်မှာ ဝယ်လိုအားကို မရှိတာ” ဟု မော်တော်ဆိုင်ကယ်ဈေးကွက် ကျွမ်းကျင်သူတစ်ဦးဖြစ်သူ မန္တလေးမြို့ခံ ဦးဝင်းနိုင်က သုံးသပ်သည်။

၂၀၂၁ မိုဒယ် ထိုင်းနိုင်ငံထုတ် Honda Click 150i နှင့် 125i ဆိုင်ကယ်များသည် မန္တလေးမြို့ဈေးကွက်အတွင်းသို့ အောက်တိုဘာ ၁၆ ရက်မှ စတင်ဝင်ရောက်ခဲ့သော်လည်း ယခုအချိန်အထိ ဈေးကွက်အတွင်း အနည်းငယ်ရောင်းချရမှုသာရှိပြီး ဆိုင်ကယ်အရောင်းပြခန်းအများစုတွင် ဝယ်လိုအား စံချိန်တင်လျော့နည်းနေကြောင်း၊ ထို့ပြင် ယခင်နှစ်များက မိုဒယ်သစ်ထွက်တိုင်း အပြိုင်အဆိုင် တင်သွင်းရောင်းချကြသော်လည်း ယခုနှစ်တွင် ဝယ်လိုအားမရှိ၍ ၂၀၂၁ မိုဒယ်သစ်ကို တင်သွင်းရောင်းချသည့် ဆိုင်ကယ်အရောင်းပြခန်းများပါ နည်းပါးနေကြောင်း မန္တလေးမြို့ ဆိုင်ကယ်ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

“Covid-19 နဲ့ လောလောဆယ်မှာ အဝယ်ကို မရှိဘူး၊ တစ်ရက်တစ်စီးတောင် ရောင်းရဖို့ ခက်ခဲနေတဲ့ကာလဆိုတော့ အခု မိုဒယ်သစ်ထွက်ပေမဲ့ အများစုက မရောင်းကြဘူး၊ တချို့ဆိုင်တွေလောက်ပဲ တင်သွင်းရောင်းကြတယ်ပေါ့၊ အဓိကက ဝယ်လိုအားမရှိတဲ့အတွက် ဆိုင်တွေကလည်း ငွေမရင်းတော့ဘဲ ဒီတိုင်းနေနေကြတဲ့ အနေအထားပေါ့၊ Covid-19 ပြီးချိန်ကာလလောက်မှပဲ ၂၀၂၁ မိုဒယ် Click အဝယ်လိုက်လာမယ်ထင်တယ်” ဟု မန္တလေးမြို့ JIAFA ဆိုင်ကယ်အရောင်းပြခန်းမှ ဒါရိုက်တာ ကိုဘိုဘိုမြတ်ကျော်က သုံးသပ်ပြောဆိုသည်။

မန္တလေးမြို့ ဈေးကွက်အတွင်း စတင်ရောက်ရှိလာသော Honda Click 125i ဆိုင်ကယ်တွင် ဒလက်နှင့် စပုတ်ဟု အမျိုးအစားနှစ်မျိုးထွက်ရှိထားသည့်အနက် ဒလက်ဘီးတွင် ဖြူနက်ရောင်၊ နီနက်ရောင်၊ အနက်ရောင်(အနီရောင်အနည်းငယ်ပါ)တို့ထွက်ရှိထားကာ စပုတ် Type တွင် အနက်ရောင် (အနီရောင်အနည်းငယ်ပါ)၊ ဖြူနက်ရောင်တို့ ထွက်ရှိထားပြီး Click 150i တွင်မူ ဒလက် Type ဖြင့် အပြာရောင်၊ အနက်ရောင်၊ ဖြူနီရောင် စသည့်အရောင်များ ထွက်ရှိထားသည်ကို တွေ့ရသည်။ လက်ရှိတွင် 2021 မိုဒယ် Honda Click 125i တစ်စီးလျှင် ကျပ် ၂,၈၅၀,၀၀၀၊ Click 150i တစ်စီးလျှင် ကျပ် ၃,၂၀၀,၀၀၀ စသော နှုန်းထားများဖြင့် ရောင်းချနေကြကြောင်း မန္တလေးမြို့ဆိုင်ကယ်ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here