၂၀၂၁ မိုဒယ် ထိုင်း Click ဆိုင်ကယ်များ စတင်ထွက်ရှိနေပြီဖြစ်၍ မိုဒယ်နိမ့်ဆိုင်ကယ်များ စျေးသိသိသာသာ ကျဆင်းနိုင်

295

 

မန္တ​လေး၊ ​အောက်တိုဘာ ၄

၂၀၂၁ မိုဒယ် ထိုင်းနိုင်ငံထုတ် Click 150i နှင့် 125i ဆိုင်ကယ်တို့သည် ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၌ စတင်ထွက်ရှိနေပြီဖြစ်သည့်အတွက် မန္တလေးမြို့ ဆိုင်ကယ် ၀ယ်/ရောင်းစျေးကွက်အတွင်း မိုဒယ်နိမ့် ထိုင်း Click ဆိုင်ကယ်များအားလုံး တစ်လအတွင်း စျေးသိသိသာသာ ကျဆင်းလာနိုင်ကြောင်း ဝါရင့်၀ယ်/ရောင်းများက ပြောသည်။

“ထိုင်းဆိုင်ကယ်တွေမှာ မိုဒယ်အသစ်ထွက်တာနဲ့ မိုဒယ်အဟောင်း(မိုဒယ်နိမ့်)က အလိုလို စျေးကျသွားပြီးသား၊ အခုကာလမှာ ပိုဆိုးတာက Covid-19 ကြောင့် အရင်ကတည်းက မပေါက်တဲ့စျေးတန်းတွေအထိ စျေးပြုတ်ကျနေတဲ့အချိန်မှာ အခုလို ၂၀၂၁ မိုဒယ်သစ်ထွက်လာတော့ မိုဒယ်နိမ့်က ပိုပြီးမှတောင် စျေးတွေ ကျလာမယ်”ဟု မန္တလေးမြို့ခံ ဝါရင့်ဆိုင်ကယ်၀ယ်/ရောင်းတစ်ဦးက ပြောကြားသည်။

Covid-19 ပထမလှိုင်းကာလက မန္တလေးမြို့ ဆိုင်ကယ်၀ယ်/ရောင်းစျေးကွက်တွင် Click နှင့် Scoopyi ဆိုင်ကယ်များ ၀ယ်ယူသူထက် ပြန်လည်ရောင်းချသူ ပိုမိုများပြားခဲ့သော်လည်း ယခု ဒုတိယလှိုင်းကာလတွင် ရောင်းသူရော ၀ယ်သူပါ နည်းပါးနေကြောင်း၊ ထို့ပြင် Covid-19 ကပ်ရောဂါကြောင့် စီးပွားရေးကျပ်တည်းမှု ပိုများလာသဖြင့် ယခင်မပေါက်ခဲ့သည့် စျေးနှုန်းများနှင့် ငွေပေါ်အောင် ထုတ်ရောင်းသူများလည်းရှိပြီး တစ်လအတွင်း မိုဒယ်နိမ့်စျေးကွက်၏ ရောင်းအားနှင့် ဆိုင်ကယ်ပေါက်စျေးများပါ ပို၍ကျဆင်းလာနိုင်ကြောင်း မန္တလေးမြို့ခံ ဝါရင့်ဆိုင်ကယ်၀ယ်/ရောင်းအချို့က သုံးသပ်သည်။

“အရင်က ၂၀၁၉ မိုဒယ် Click စီးခဲ့တဲ့သူတွေက အခုကာလမှာ ငွေပေါ်အောင်လို့ ရရာစျေးနဲ့ ပြန်ရောင်းတယ်၊ ပြီးရင် ၂၀၁၆ မိုဒယ်လောက်ကို ပြန်ရှာ၀ယ်စီးတယ်၊ အဲဒီလိုမျိုးလည်းရှိတယ်၊ ပြီးတော့ တချို့ ငွေရှိတဲ့သူတွေကျတော့လည်း အခုအချိန်မှာ ဗိုက်နာစျေးနဲ့ရမယ်မှန်းသိတော့ စောင့်ပြီး ၀ယ်ကြတာတွေလည်းရှိတယ်၊ Covid-19 ငြိမ်သွားပြီးလို့ စျေးပြန်တက်ချိန်ကျမှ ပြန်ရောင်းမယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ပေါ့၊ အခု ဒုတိယလှိုင်းကာလမှာ ပထမလှိုင်းတုန်းကထက်စာရင် ရောင်းသူ၊ ဝယ်သူတော့ တအားမများဘူး၊ နည်းတယ်၊ ဒါပေမဲ့ စျေးတန်းကတော့ Covid-19 ကြောင့်ရော၊ မိုဒယ်အသစ်ထွက်လာတာရောနဲ့ ပိုကျဖို့ပဲရှိတယ်” ဟု မန္တလေးမြို့ စိမ်းကမ္ဘာဆိုင်ကယ်ဝိုင်းမှ ဝါရင့်၀ယ်/ရောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

မန္တလေးမြို့ ဆိုင်ကယ်၀ယ်/ရောင်းစျေးကွက်တွင် ယခင်က ၂၀၁၈ မိုဒယ် Click 125 ဆိုင်ကယ်သည် ဘီးကောင်းမွန်မှုအပေါ်မူတည်၍ ကျပ်သိန်း နှစ်ဆယ်မှ ၂၂ သိန်းကြား စျေးပေါက်ခဲ့သော်လည်း ယခု Covid-19 ဒုတိယလှိုင်းကာလတွင် ကျပ် ၁၈ သိန်း၀န်းကျင်သာ စျေးပေါက်ကာ အခြားမိုဒယ်နိမ့် Click ဆိုင်ကယ်များလည်း ထိုနည်းတူစွာ စျေးကျဆင်းလျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here