၂၀၂၁ မိုဒယ်သစ် ထိုင်းနိုင်ငံထုတ် Honda Scoopy i ဆိုင်ကယ်များ ပြည်တွင်းဈေးကွက်အတွင်း စတင်ရောက်ရှိ

320

 

မန္တလေး၊ နိုဝင်ဘာ ၂၉

မကြာခင်ကာလက ထိုင်းနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သည့် ၂၀၂၁ မိုဒယ်သစ် Honda Scoopy i ဆိုင်ကယ်များသည် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ယနေ့ စတင်ဝင်ရောက်လာကြောင်း မန္တလေးမြို့ ဆိုင်ကယ်ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

“Honda Scoopy i မိုဒယ်သစ်ဆိုင်ကယ်တွေ ဒီနေ့ပဲ စရောက်တယ်၊ မန္တလေး၊ မကွေး၊ မိတ္ထီလာစတဲ့မြို့တွေမှာ မနက်ဖြန်ဆို စဝယ်လို့ရပြီ၊ ဆိုင်တွေက စရောင်းပေးနိုင်ပြီပေါ့၊ ကျွန်တော်တို့ ပထမဦးဆုံး စတင်သွင်းနိုင်ခဲ့တယ်” ဟု မန္တလေးမြို့ Easy Rider Motorbike ကုမ္ပဏီမှ Managing Director ဦးတင်ကျော်နန္ဒက ပြောသည်။

မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ စတင်ရောက်ရှိလာသော Honda Scoopy i ဆိုင်ကယ်များအနက် Scoopy i Club 12 Type တွင် အပြာနှင့်အဝါစပ်ရောင်၊ အနီနှင့်အဖြူစပ်ရောင်၊ အဖြူနှင့်ပန်းရောင်စပ်ရောင်၊ အမည်းနှင့်ခဲရောင်စပ်ရောင် အရောင် လေးမျိုးထွက်ရှိ၍ Scoopy i Prestige Type တွင် အမည်း၊ အပြာ၊ အနီ အရောင်သုံးရောင်ထွက်ရှိထားကာ Urban Type တွင် အဖြူနှင့်အဝါစပ်ရောင်၊ အဖြူနှင့်ပန်းရောင်စပ်ရောင်တို့ထွက်ရှိထားကြောင်း၊ Honda ၏မူအရ Scoopyi ဆိုင်ကယ်ကို သုံးနှစ်တစ်ကြိမ်၊ သို့မဟုတ် လေးနှစ်တစ်ကြိမ်မှသာ ဆိုင်ကယ်ဒီဇိုင်းပြောင်းလေ့ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ဒီဇိုင်းပြောင်းရမည့်နှစ်ဖြစ်သောကြောင့် ယခုအခါ နှစ်ကုန်တော့မည်လည်းဖြစ်သဖြင့် Honda က ၂၀၂၁ မိုဒယ်အဖြစ် ကြိုတင်ထုတ်လုပ်ရောင်းချလိုက်ခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက သုံးသပ်သည်။

“အခု ၂၀၂၁ မိုဒယ်သစ် Scoopy i ဆိုင်ကယ်မှာ သော့အုံက Smart Key ဖြစ်သွားတယ်၊ ထိုင်ခုံအောက်က Tool Box ကလည်း အရင်ထက်ပိုကျယ်လာတယ်၊ လက်ကိုင်အောက်နားမှာလည်း Toolbox ငယ်နဲ့အတူ ဖုန်းအားသွင်းလို့ရမယ့် USB ပေါက် ပါလာတယ်၊ ရှေ့မီးခွက် နောက်မီးခွက်တွေအားလုံး ဒီဇိုင်းပြောင်းသွားတယ်၊ အဲဒီလိုပဲ ဆိုင်ကယ်တစ်စီးလုံး ဒီဇိုင်းရော၊ စတစ်ကာရော အကုန်ပြောင်းသွားတာ တွေ့ရတယ်” ဟု Easy Rider Motorbike ကုမ္ပဏီမှ Managing Director ဦးတင်ကျော်နန္ဒက ထပ်မံဆိုသည်။

ယနေ့ ပြည်တွင်းဈေးကွက်အတွင်း စတင်ရောက်ရှိလာသော ၂၀၂၁ မိုဒယ်သစ် ထိုင်းနိုင်ငံထုတ် Honda Scoopy i ဆိုင်ကယ်များသည် ဈေးကွက်အတွင်း စတင်ရောက်ရောက်ချင်းဖြစ်၍ တစ်စီးလျှင် မြန်မာငွေ ကျပ် ၂၆ သိန်းကျော် ဈေးပေါက်နိုင်ကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here