၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးစည်ပင်မှ လုပ်ငန်းအစုံသုံးရန် ယာဉ် ၂၈ စီး ဝယ်ယူမည်ဟုဆို

87

 

မန္တလေး၊ အောက်တိုဘာ ၂၂

လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်း၊ ရေနှင့်သန့်ရှင်းမှုဌာနလုပ်ငန်း၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနလုပ်ငန်း၊ လမ်းတံတားဌာနနှင့် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း စသည့် လုပ်ငန်းအစုံတွင် အသုံးပြုရန် ယာဉ် ၂၈ စီး ဝယ်ယူသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။

“မကြာမီ တင်ဒါခေါ်သွားပါမယ်၊ အခု တင်ဒါခေါ်နိုင်ဖို့ စီစဉ်နေပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာန၏ ကော်မတီဝင် ဦးကျော်ဇေယျက ပြောကြားသည်။

လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းတွင် အမှိုက်သိမ်း ခြောက်ဘီးယာဉ်၊ မြောင်းစာသယ် Skip Loader ယာဉ်၊ Dozer စသည့် ယာဉ် ၁၅ စီး ပါဝင်မည်ဖြစ်ပြီး ရေနှင့်သန့်ရှင်းမှုဌာနလုပ်ငန်းတွင် Mobile Toilet ယာဉ်၊ ကလိုရင်းဆေးဘူးသယ်ရန်ယာဉ် နှစ်စီး ပါဝင်မည်ဖြစ်ကာ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၌ ဗေဒါဆယ်စက်အပါအဝင် နှစ်စီး၊ လမ်းတံတားဌာနနှင့် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းတွင် လုပ်ငန်းစုံသုံးရန်ယာဉ် ကိုးစီး စုစုပေါင်း ၂၈ စီး ဝယ်ယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ထပ်မံသိရသည်။

“သန့်ရှင်းရေးအတွက် အမှိုက်သိမ်းဆည်းဖို့နဲ့ ရေမြောင်းတွေ ဆယ်ဖို့၊ စိမ်းလန်းစိုပြည်ရေးအတွက် ဥယျာဉ်နဲ့ သစ်ပင်တွေ စိုက်ပျိုးဖို့ စတဲ့ လုပ်ငန်းတွေမှာလည်း ခေတ်နဲ့ လိုက်လျောညီထွေရှိမယ့် ယာဉ်အသစ်တွေနဲ့ အစားထိုးခဲ့ပါတယ်၊ အလုပ် စလုပ်တဲ့အချိန်ကစပြီး ရေတို၊ ရေရှည်စီမံချက်တွေကို ရေးဆွဲပြီး လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ယာဉ်စက်ယန္တရားတွေနဲ့ စက်ရုံတွေကို Plan ချပြီး ဝယ်ယူတည်ဆောက်ခဲ့တာပါ” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုသည်။

စည်ပင်သာယာလုပ်ငန်းများဖြစ်သည့် လမ်းဖောက်လုပ်ခြင်း၊ Precast မြောင်းများ တည်ဆောက်ခြင်း၊ လမ်းမီးတိုင်အသစ်များ စိုက်ထူခြင်း၊ ရေပေးဝေရေးအတွက် ပိုက်အသစ်များ ချထားခြင်းနှင့် ပိုက်ဟောင်းများ ပြုပြင်ခြင်းများကို ယခင်က ပုဂ္ဂလိကကုမ္ပဏီများထံ လုပ်ငန်းအပ်နှံရာမှ ယခု စည်ပင်ဌာနများက ကိုယ်တိုင်လုပ်ကိုင်နိုင်ရန် ယာဉ်စက်ယန္တရားများကို ၂၀၁၆-၂၀၁၇ ဘတ်ဂျက်နှစ်မှစ၍ နှစ်စဉ်စုဆောင်းခဲ့သောကြောင့် ယခုဆိုလျှင် လက်ရှိအစိုးရလက်ထက် လေးနှစ်ခွဲကာလအတွင်း စက်ရုံ ငါးရုံနှင့် ယာဉ်စက်ယန္တရား စုစုပေါင်း ၃၉၆ စီးကို ဝယ်ယူစုဆောင်းနိုင်ခဲ့ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောဆိုထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here