၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တမူးမြို့နယ်အတွင်း ကျေးရွာ ခုနစ်ရွာတွင် VDP စီမံကိန်းဆောင်ရွက်မည်

78

 

တမူး၊ နိုဝင်ဘာ ၂၂

ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ခုနစ်ရွာ၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြစ်သည့် VDP စီမံကိန်းကို မကြာမီ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တမူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“ကျေးရွာဖွံ့ဖြိုးရေး Village Development Plan (VDP) အစီအစဉ်အရ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း တစ်ရာနှုန်းနဲ့ဆောင်ရွက်ဖို့ ကျေးရွာ ခုနစ်ရွာကို ရွေးချယ်ပေးလိုက်ပါတယ်၊ နိုင်ငံ့ဘဏ္ဍာကို ကျေးရွာတွေအတွက် အကျိုးရှိရှိ အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု တမူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်နိုင်ဝင်းက ပြောကြားသည်။

Village Development Plan (VDP) စီမံကိန်းအတွက် ကျးရွာများ ရွေးချယ်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ်သိန်း တစ်ရာအပြင် လွှတ်တော်ရန်ပုံငွေနှင့် ကျေးရွာမှ ထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ဆောင်ရွက်လိုသည့်ကျေးရွာများ၊ အကျိုးခံစားရမည့် အိမ်ထောင်စုများသည့် ကျေးရွာများ၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေ လုံခြုံတည်ငြိမ်အေးချမ်းမှုရှိသည့်နေရာများ၊ ကျေးရွာသူရွာသားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ တက်ကြွစွာ ဆောင်ရွက်လိုသည့်ကျေးရွာများ (စီမံကိန်း လိုလားစွာတင်ပြတောင်းဆိုမှုရှိသည့်ကျေးရွာများ)၊ မြစိမ်းရောင်စီမံကိန်း၊ CFW စီမံကိန်းမရရှိသေးသည့် ကျေးရွာများ၊ ကျေးရွာများမှ Mini Grid, SHS နှင့် အိမ်သွယ် ရေတိုင်စနစ်လုပ်ငန်းများတွင် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်မှုရှိသည့် ကျေးရွာများ စသည့်အချက်များနှင့် ကိုက်ညီမှုရှိသော ကျေးရွာများကို ဦးစားပေးရွေးချယ်ခဲ့ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“VDP စီမံကိန်းမှာက ကျေးရွာတစ်ရွာကို ကျပ်သိန်း တစ်ရာချထားပေးတယ်၊ အဲဒီငွေနဲ့ ကျေးရွာဖွံ့ဖြိုးရေး ကိုယ့်ဒေသမှာ ဘာလုပ်ချင်လဲပေါ့၊ ကျေးရွာတွေက တောင်းဆိုတဲ့အပေါ်မူတည်ပြီး စိစစ်ပြီးတာနဲ့ ဆောင်ရွက်ပေးသွားမယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တမူးမြို့နယ်အတွင်း VDP စီမံကိန်းဆောင်ရွက်ရန် လတ်တလော၌ တီးတိန်ယံ၊ သာယာကုန်း၊ ကွန်းတောင်း၊ ရန်ငြိမ်းအောင်၊ ရာနိုး၊ ရွာသာ (မြို့သစ်)၊ မွေလင်း စသော ကျေးရွာ ခုနစ်ရွာကို လတ်တလောလျာထားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန ရုံးချုပ်က အတည်ပြုပြီးသည်နှင့် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် လမ်း၊ တံတားလုပ်ငန်းများ အပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်အမှတ် ၁ အနီးရှိ
တမူးမြို့အ၀င်အား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here