၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကလေးဝမြို့နယ်အတွင်း VDP စီမံကိန်းကို ကျေးရွာ ၁၀ ရွာတွင် ဆောင်ရွက်မည်

122

 

ကလေးဝ၊ နိုဝင်ဘာ ၁၄

ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြစ်သည့် VDP စီမံကိန်းကို ကျေးရွာပေါင်း ၁၀ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလေးဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“လောလောဆယ် VDP စီမံကိန်းလုပ်ဆောင်ဖို့ ကျေးရွာ ၁၀ ရွာလျာထားတယ်၊ လျာထားတဲ့အခါမှာလည်း ဘယ်လိုမျိုးသတ်မှတ်ချက်တွေနဲ့ ရွေးချယ်ရမယ်ဆိုတဲ့ စံချိန်စံညွှန်းသတ်မှတ်ချက်တွေရှိတယ်၊ အဲဒီသတ်မှတ်ချက်တွေနဲ့ကိုက်ညီမယ့် ကျေးရွာ ၁၀ ရွာကို ရွေးချယ်ခဲ့တာပေါ့နော်၊ ရွေးထားတဲ့ရွာတွေမှာ သိပ်မကြာခင်ပဲ မိတ်ဆက်ရှင်းလင်းတာတွေလုပ်မယ်၊ ပြီးတာနဲ့ ကျေးရွာတွေက သူတို့ဒေသဖွံ့ဖြိုးရေးအနေနဲ့ ဘာလုပ်ငန်းလုပ်ချင်ပါတယ်ဆိုတာကို ကျေးရွာအလိုက် အဆိုပြုလွှာတင်ပေးဖို့တော့ လိုမှာပေါ့” ဟု အဆိုပါဌာန၏ မြို့နယ်ဦးစီးမှူး ဒေါ်မိုင်နီလာထွေးက ပြောကြားသည်။

VDP စီမံကိန်းလုပ်ဆောင်ရန် နိုဝင်ဘာ ၁၂ ရက်က ကလေးဝမြို့နယ်အတွင်းရှိ ကတိုးကျေးရွာ၊ တောင်ကြီးကျေးရွာ၊ မန်ဖာကြီးကျေးရွာ၊ ဘလက်သာကျေးရွာ၊ ခေါမကျေးရွာ၊ ဆင်ခေါင်းကျေးရွာ၊ ကျော်တောကျေးရွာ၊ ခန္တီကျေးရွာ၊ ကျောက်အုံကျေးရွာ၊ ရွာသာကျေးရွာ စသည့် အဆိုပါကျေးရွာ ၁၀ ရွာကို ရွေးချယ်လျာထားပြီး ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း တစ်ရာ ရရှိမည်ဖြစ်ကြောင်း၊ ကျေးရွာတစ်ရွာလျှင်ရရှိမည့် အဆိုပါ ကျပ်သိန်း တစ်ရာဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူရွာသားများ တောင်းဆိုမှုအတိုင်း စိစစ်၍ သုံးစွဲလုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကာ ဒီဇင်ဘာလထဲတွင် လုပ်ငန်းများစတင်အကောင်အထည်ဖော်နိုင်မည်ဟု ခန့်မှန်းထားကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

“ဒီလထဲမှာပဲ ကျေးရွာတွေကို အဆိုပြုလွှာ အပြီးသတ်တင်ခိုင်းရမှာဖြစ်တဲ့အတွက် လာမယ့်ဒီဇင်ဘာလထဲဆိုရင် လုပ်ငန်းစအကောင်အထည်ဖော်နိုင်ပြီ၊ အဓိကကတော့ VDP စီမံကိန်းမှာက ကျေးရွာတစ်ရွာကို ကျပ်သိန်း တစ်ရာချထားပေးတယ်၊ အဲဒီငွေနဲ့ ကျေးရွာဖွံ့ဖြိုးရေး ကိုယ့်ဒေသမှာ ဘာလုပ်ချင်လဲပေါ့၊ သူတို့တောင်းဆိုတဲ့အတိုင်း စိစစ်ပြီး ဆောင်ရွက်ပေးသွားမယ်ပေါ့” ဟု ကလေးဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုင်နီလာထွေးက ထပ်မံဆိုသည်။

ကလေးဝမြို့နယ်တွင် VDP စီမံကိန်းကို ၂၀၁၇ ခုနှစ်မှစ၍ ပထမဦးဆုံး စတင်ခဲ့ပြီး နှစ်အလိုက်လုပ်ဆောင်လာရာမှ ပြီးခဲ့သည့်နှစ်အထိ ကျေးရွာပေါင်း ၂၇ ရွာတွင် လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၁၀ ရွာကို VDP စီမံကိန်း လုပ်ဆောင်မည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင်လည်း ကလေးဝမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးအားနည်းသည့်အတွက် ကျေးရွာအများစုက လမ်း၊ တံတားများတည်ဆောက်ပေးရန်နှင့် ခန်းမဆောင်တည်ဆောက်ပေးရန်တို့ကို တောင်းဆိုလေ့ရှိကြကြောင်း VDP စီမံကိန်းမှတ်တမ်းများအရ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
VDP စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ ၁၀ ရွာကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရွေးချယ်လျာထားခဲ့ကြစဉ်။
ဓာတ်ပုံ-Mai Nilar Htwe

LEAVE A REPLY

Please enter your comment!
Please enter your name here