၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မန္တလေးမြို့အတွင်း လမ်းပေါင်း ကိုးဆယ်ကို နိုင်လွန်ကတ္တရာ ခင်းကျင်းမည်

119

 

မန္တ​လေး၊ ​အောက်တိုဘာ ၁၉

လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မန္တလေးမြို့အတွင်း လမ်းပေါင်း ကိုးဆယ်၊ မိုင်အရှည် ၅၅ ဒသမ ၇၁ မိုင်ကို နိုင်လွန်ကတ္တရာခင်းကျင်း၍ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“အရင်က နိုင်လွန်လမ်းကို တစ်နှစ်မှ နှစ်လမ်း၊ သုံးလမ်းလောက်ပဲ ခင်းတာပါ၊ အခု လမ်းကျယ်မှန်သမျှ နိုင်လွန်ခင်းရုံမက လမ်းကျဉ်းတွေနဲ့ လမ်းတိုတွေပါ ခင်းနေပါပြီ၊ လောလောဆယ် ခင်းမယ့်လမ်းအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းကို နိုင်လွန် ခင်းပေးနေတာပါ” ဟု မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ပြောကြားသည်။

မန္တလေးမြို့တွင် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လမ်းပေါင်း ကိုးဆယ်ကို နိုင်လွန်ကတ္တရာ ခင်းကျင်းသွားမည့်အပြင် Cement Stabilized ခင်းကျင်းမှု လမ်းပေါင်း သုံးဆယ် (၁၈ ဒသမ ၇၇ မိုင်)၊ ကွန်ကရစ်ခင်းကျင်းမှု လမ်းပေါင်း ၂၉ လမ်း (၈ ဒသမ ၇၁ မိုင်)၊ ကတ္တရာလမ်းခင်းကျင်းမှု လမ်းပေါင်း ၁၉ လမ်း (၄ ဒသမ ၃၁)မိုင်၊ ကျောက်ချောလမ်း ၆ မိုင် (၂ ဒသမ ၈၅ မိုင်) စုစုပေါင်း လမ်း​ပေါင်း ၁၇၄ လမ်း (မိုင်ပေါင်း ၉၀ ဒသမ ၃၅ မိုင်)ကို ဆောင်ရွက်သွားရန် လျာထားကြောင်း၊ နိုင်လွန်ကတ္တရာလမ်းနှင့် သာမန်ကတ္တရာလမ်း (Macadam)၏ ကုန်ကျစရိတ်သည် ယခင်ကထက် နှစ်ဆခန့် ကွာခြားသော်လည်း ယခုစက်အသစ်မှာ ထုံးအစား ကျောက်မှုန့်သုံးရကာ အပူပေးထားသည့် အသင့်ကြို ကတ္တရာသုံးခြင်းကြောင့် ကုန်ကျစရိတ် မကွာတော့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထပ်မံသိရသည်။

“လမ်းခင်းဖို့ လိုအပ်တဲ့အချိန်ကလည်း ရိုးရိုးလမ်းခင်းတာလောက် မကြာဘဲ တစ်ရက်ကို တစ်ပျခင်းနိုင်လို့ လမ်းပိတ်ဆို့မှု အချိန်နည်းသွားပါပြီ၊ Preheated Bulk Bitumen အသင့်ကြိုပြီး ကတ္တရာအရည်ကို ကတ္တရာပုံးတွေ အစားသုံးတဲ့အတွက် ကုန်ကျစရိတ်သက်သာသလို လုပ်ငန်း ပိုတွင်ကျယ်လာပါတယ်၊ ၂၈ တန်ဆံ့ အပူပေးစနစ်ပါတဲ့ ကားတွေနဲ့ သယ်ယူပြီး နိုင်လွန်စက်ရုံအ၀င်နဲ့အထွက်မှာ Weighbridge နဲ့ အလေးချိန်တိုင်းတော့ ကတ္တရာတန်ချိန် အတိအကျရပါတယ်၊ ကတ္တရာပုံးတွေမှာ တွေ့ရတဲ့ လေလွင့်ဆုံးရှုံးမှု၊ ရေ၀င်မှု၊ ပုံးယိုဖိတ်မှု၊ လမ်းခရီးမှာ လျော့လာမှု၊ သိုလှောင်စခန်းမှာ နေရာယူမှုတွေ မရှိတော့ပါဘူး” ဟု မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ထပ်မံပြောဆိုသည်။

အပူပေးထားသော ကတ္တရာကို စက်ထဲစုပ်သွင်းကာ အပူပေးချိန်နှင့် ဒီဇယ်ကုန်ကျမှု အများကြီးလျော့သွားပြီး မြန်မြန်ခင်းပေးနိုင်သည့်အတွက် နှစ်စဉ်လမ်းခင်းပေးနိုင်သည့် လမ်းအရှည်မိုင်မှာ တစ်နှစ်လျှင် မိုင် ငါးဆယ် ခင်းပေးနေရာမှ ယခုအခါ မိုင်အရှည် ၁၅၀ ကျော်အထိ ခင်းပေးနိုင်တော့မည်ဖြစ်ကြောင်း မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ဦး Ye Lwin Facebook

LEAVE A REPLY

Please enter your comment!
Please enter your name here