၂၀၂၀ မိုဒယ် ထိုင်းနိုင်ငံထုတ် Honda Scoopy i ဆိုင်ကယ်များ စတင်ထွက်ရှိ

856

 

မန္တလေး၊ နိုဝင်ဘာ ၁၃

၂၀၂၀ မိုဒယ်သစ် Honda Scoopy i ဆိုင်ကယ်များကို ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်(ယနေ့)တွင် စတင်မိတ်ဆက်ခဲ့ပြီး မကြာမီ မြန်မာနိုင်ငံဈေးကွက်အတွင်း ရောက်ရှိလာတော့မည်ဖြစ်ကြောင်း မန္တလေးမြို့ ဆိုင်ကယ်ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

“ထိုင်းနိုင်ငံမှာ ဒီနေ့ပဲ မိတ်ဆက်ပွဲစလုပ်ပါတယ်၊ မြန်မာနိုင်ငံကိုတော့ သိပ်မကြာခင် ဝင်ရောက်လာပါလိမ့်မယ်” ဟု Honda ၏ မြန်မာပြည် Authorized Distributor ဖြစ်သည့် NCX Myanmar ကုမ္ပဏီမှ General Manager ကိုအောင်သူမြင့်က အတည်ပြုပြောကြားသည်။

ထိုင်းနိုင်ငံတွင် ယနေ့ စတင်မိတ်ဆက်ခဲ့သည့် Honda Scoopy i ဆိုင်ကယ်များအနက် Scoopy i Club 12 Type တွင် အပြာနှင့်အဝါစပ်ရောင်၊ အနီနှင့်အဖြူစပ်ရောင်၊ အဖြူနှင့်ပန်းရောင်စပ်ရောင်၊ အမဲနှင့်ခဲရောင်စပ်ရောင် ဟူ၍ အရောင် လေးမျိုးထွက်ရှိကာ Scoopy i Prestige Type တွင် အမဲ၊ အပြာ၊ အနီ အရောင်သုံးရောင်ထွက်ရှိထားပြီး Urban Type တွင် အဖြူနှင့်အဝါစပ်ရောင်၊ အဖြူနှင့်ပန်းရောင်စပ်ရောင်တို့ထွက်ရှိထားကြောင်း၊ Honda ၏ မူအရ Scoopy i ဆိုင်ကယ်ကို သုံးနှစ်တစ်ကြိမ်၊ သို့မဟုတ် လေးနှစ်တစ်ကြိမ်မှသာ ဆိုင်ကယ်ဒီဇိုင်းပြောင်းလေ့ရှိပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် ဒီဇိုင်းပြောင်းရမည့်နှစ်ရောက်ရှိလာပြီဖြစ်သဖြင့် ဆိုင်ကယ်ဒီဇိုင်းတစ်ခုလုံး ပြောင်းလဲသွားသည်ကို တွေ့ရှိရကြောင်း NCX Myanmar ကုမ္ပဏီမှ ထပ်မံသိရသည်။

“ရှေ့မီးကြီးတွေ၊ နောက်မီးတွေ၊ Digital ဒိုင်ခွက်တွေ၊ ဘော်ဒီတွေ ဒီဇိုင်းအကုန်လုံးပြောင်းသွားတာ တွေ့ရတယ်၊ အရင်မိုဒယ်နဲ့ တခြားစီဖြစ်သွားတယ်၊ ပိုလှလာတယ်ပေါ့၊ ပြီးတော့ Smart Key နဲ့ဖြစ်လာတယ်၊ အပြင်သွားရင်း ပစ္စည်းတစ်ခုခုဝယ်တာပဲဖြစ်ဖြစ်၊ မုန့်ပါဆယ်ဝယ်တာပဲဖြစ်ဖြစ် စတဲ့ အတိုအစလေးတွေ ဝယ်ခဲ့တဲ့အခါ ချိတ်ဆွဲနိုင်တဲ့ချိတ်လေး ဆိုင်ကယ်ရှေ့ခြမ်းမှာပါတာရှိတယ်၊ အဲဒီချိတ်လေးကလည်း အခု ၂၀၂၀ မိုဒယ်မှာ ချိတ်ကို မလိုအပ်တဲ့အချိန် ခေါက်သိမ်းနိုင်လို့ရအောင် ဖန်တီးပေးထားတယ်၊ အရောင်တွေဆိုလည်း တော်တော်လှတာတွေ့ရတဲ့အတွက် လူကြိုက်များမယ်လို့ မျှော်လင့်တယ်” ဟု ယင်းကုမ္ပဏီမှ General Manager ကိုအောင်သူမြင့်က ထပ်မံဆိုသည်။

ယနေ့မှ ထိုင်းနိုင်ငံတွင် စတင်မိတ်ဆက်ခြင်းဖြစ်၍ မည်သည့်ဈေးနှုန်းပေါက်မည်ကို လတ်တလောအချိန်အထိ မသိရသေးသော်လည်း မိုဒယ်သစ်ဖြစ်သည့်အပြင် Smart Key ပါလာသည့်အတွက် ယခင်မိုဒယ်ပေါက်ဈေးထက် နှစ်သိန်းခန့် အနည်းဆုံးပိုလာနိုင်ကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ခန့်မှန်းကြသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- Aung Thu Myint FB

LEAVE A REPLY

Please enter your comment!
Please enter your name here